အစိုးရ တစ်နှစ် သက်တမ်းအတွင်း ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ အားနည်းချက်တွေက ဘာတွေလဲ (အပိုင်း ၂)

22 March 2017
အစိုးရ တစ်နှစ် သက်တမ်းအတွင်း ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ အားနည်းချက်တွေက ဘာတွေလဲ (အပိုင်း ၂)

Mizzima Dialouge TV Show အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ အစိုးရ တစ်နှစ်ပြည့်အခြေအနေမှာ ဘာတွေများ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီးပြီလဲ ဘာတွေများ လိုအပ်ချက် ရှိနေသေးလဲဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော် ဒီနေ့ ဖိတ်ခေါ်ထားတဲ့သူတွေကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ ဒေါ်သဥ္ဇာရွှန်းလဲ့ရည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးကျော်ဇေယျ နဲ့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

ပြည်သူလူထုတွေဘက်က ပြန်ကြည့်ရင်လည်း မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ဘူးဆိုတဲ့ဟာမျိုးကို တွေ့နေရတယ်။ အဲတော့ ဆရာဦးအောင်မျိုးမင်းက လွှတ်တော်ကနေ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အထိအတွေ့ရှိတယ်။ အစိုးရအဖွဲ့အစည်းတွေနဲ့လည်း အထိအတွေ့ရှိတယ်ဆိုတော့ သူတို့မှာ ဘာတွေဖြစ်နေလဲ သူတို့မှာ ဘာတွေများ အခက်အခဲရှိနေလဲ ဘယ်လိုလုပ်သင့်သလဲ။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ ညီမျှခြင်းမြန်မာ)

ကျွန်တော်တို့ ပေါ်လစီတစ်ခု ချမှတ်မယ်ဆိုလို့ရှိရင် လက်တန်းချမှတ်လို့တော့ မရဘူးဗျ။ ပေါ်လစီတစ်ခုချမယ်ဆိုရင် ဘာကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတဲ့ အကြောင်းအရင်း ဘာပြသနာတွေဖြစ်နေလဲဆိုတဲ့ အကြောင်းအရင်း ပြီးလို့ရှိရင် ဘယ်သူတွေဆီက ဒါနဲ့ပတ်သက်လို့ အယူအဆတွေ တိုင်ပင်မှုတွေ ဝေဖန်မှုတွေ ယူရမလဲဆိုတဲ့အကြောင်းအရာကို အရင်ဦးဆုံး ရှာရပါမယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ အစိုးရနဲ့တွေ့တဲ့အချိန်မှာ ဘာလဲဆိုတော့ သူတို့ကိုယ်သူတို့ ကြိုးစားချင်တဲ့စိတ်က အရမ်းကောင်းတယ်။ လုပ်ချင်တဲ့စိတ် အရမ်းကောင်းတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျလို့ရှိရင် လူထုနဲ့ တိုင်ပင်မှုအပိုင်းမှာ တစ်ခါတစ်လေ အကျင့်မရှိကြဘူး ဒါက နှစ်ရှည်လများ ဖြစ်ခဲ့တဲ့အရာမျိုး နောက်တစ်ခါ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဆိုရင် တစ်ခါတစ်လေ တစ်မျိုးမြင်တဲ့ဟာမျိုးတွေရှိတယ်။ အရပ်ဖက်အဖွဲ့အစည်းက လူနဲ့တွေ့လို့ရှိရင် သူတို့ရဲ့အိုင်ဒီယာများ ငါတို့ကို လွှမ်းမိုးသွားမလားဆိုတဲ့ အဆွဲလေးတွေက မသိမသာနဲ့ တွေ့နေရတယ်။ အမှန်တော့ ကျွန်တော်တို့ အရပ်ဖက် လူမှုအဖွဲ့အစည်းဆိုတာ အစိုးရကို အကူအညီပေးတဲ့အဖွဲ့ပါ။ အစိုးရမဟုတ်ပေမယ့် အစိုးရပေါ်လစီကောင်းအောင် အစိုးရရဲ့ မှန်ကန်တဲ့သုံးသပ်မှုတွေဖြစ်လာအောင် အစိုးရမသိသေးတဲ့အကြောင်းအရာတွေကို သိပေးသော တတိယအင်အားစုဆိုတာ အရပ်ဖက် လူမှုအဖွဲ့အစည်းပါ။ ဒါပေမယ့် တွေ့လိုက်လို့ရှိရင် ငါတို့ကိုများ လွှမ်းမိုးသွားမလား၊ ငါတို့က ဘာမှမသိတဲ့အတွက် သူတို့ကပဲ ငါတို့ကို ဆရာကြီးလုပ်သွားမလားဆိုတဲ့ စိုးရိမ်မှုရှိနေတာလေး ကျွန်တော်တို့ သွားတွေ့ရတယ်။ နောက်တစ်ခုက တချိုကကျ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို သေချာမသိတာ သိသလိုနဲ့ မသိတာတွေ အများကြီးရှိတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အာဏာယူဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့က အခြေခံတာ လူထုကို အခြေခံပါတယ်။ အဲဒီအခါမှာမှ အစိုးရကို အာဏာသိမ်းဖို့လည်းမဟုတ်ဘူး အစိုးရထက် ပိုအာဏာရှိချင်တာလည်းမဟုတ်ဘူး လူထုရဲ့အသံနဲ့ အစိုးရရဲ့လုပ်ငန်းတွေ သဟဇာတရှိရှိနဲ့ အကျိုးရှိဖို့ ပေါင်းကူးပေးသော အရာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် အရပ်ဖက်လူမှုအဖွဲ့အစည်းဆိုတာ စွာကျယ်စွာကျယ် ဖြစ်တယ်။ နေရာတကာပါတယ်။ ဒါနဲ့ပတ်သက်ပြီးလို့ရှိရင် သူတို့က အစိုးရထက်တောင် ဆရာကြီးလုပ်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိလာရင်တော့ ကျွန်တော်တို့မှာ အများကြီး အခက်အခဲရှိတယ်။ အဲဒါတွေက တစ်ခါတစ်လေ ကျွန်တေ်ာတို့ မထင်မှတ်ဘဲ တွေ့ရတဲ့ အချက်တွေပါ။

ဦးမျိုးသန့် (Mizzima Media)

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ အဲတော့ ဆရာဦးကျော်ဇေယျ ကျွန်တော် ခုနက ဆရာပြောခဲ့တဲ့ Anti-Plan ဆိုတာကို ကျွန်တော် နည်းနည်းလေး စိတ်ဝင်စားပါတယ်။ ဘာလဲဆိုတော့ ကျွန်တေ်ာတို့က အစိုးရက နောက်ထပ်သက်တမ်း လေးနှစ်ကျန်သေးတာပေါ့နော်။ ဆိုတော့ ဒီလိုမျိုး Anti-Plan လက်တန်းပလန်တွေပဲ ဆက်ပြီးတော့ လုပ်လိုက်ဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့က လွှတ်တော်အနေနဲ့ရော ဘယ်လိုထိန်းမလဲ။ နောက်လေးနှစ်ပေါ့။

ဦးကျော်ဇေယျ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ပြောပြရရင် ကျွန်တော်တို့လွှတ်တော်ထဲမှာ Workshop တစ်ခု လာလုပ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက စီးပွားရေးပေါ့။ စီးပွားရေးတက်ဖို့အတွက် စီးပွားရေးပညာရှင်တွေက လာပို့ချကြတယ်။ ကျွန်တော်ထမေးတယ်။ ကျွန်တေ်ာတို့ခေါင်းဆောင်ကိုယ်တိုင်က စီးပွားရေးတိုးတက်မှု မရှိပါဘူးလို့ ဝေဖန်သွားတယ်ဆရာကြီး။ အဲတော့ အခုအစိုးရကလည်း စီးပွားရေးတိုးတက်ဖို့ကိုလုပ်နေတယ်။ ဒါဆို တစ်နှစ်တော့သည်းခံပေး နောက်သည်းခံမှုအတိုင်းအတာ ဘယ်လိုရှိမလဲဆိုတော့ အဲမှာ ဘယ်လိုထပြောလဲဆိုတော့ ဒေါက်တာခင်မောင်ညို နောက်ထပ်တစ်နှစ်လောက်တော့ သည်းခံသင့်တယ်ဗျ။ ၂ နှစ်သက်တမ်းရှိလို့ တက်မလာဘူးဆိုရင်တော့ Sorry ပဲဗျာ။ ခင်ဗျားတို့ လုပ်သင့်တာကို လုပ်ဖို့လိုတယ်လို့ ပြောတယ်။ အဲတော့ ကျွန်တော်တို့ကလည်း စောင့်ကြည့်ဖို့ လိုနေပြီး ခုနကလည်း သမီးလေးပြောသွားတယ် ကျွန်တော်တို့က ဘယ်လိုခက်ခဲနေလဲဆိုတော့ မြို့တော်စည်ပင်ပေါ့နော်။ လူငယ်တွေ တက်တက်ကြွကြွပါဝင်လာမယ်။ စည်ပင်ဥပဒေတွေဘာတွေ ကျွန်တော်တို့ ရန်ကုန်တိုင်း အတိုင်းအတာနဲ့ပြောမယ်ဆိုရင် စည်ပင်ဥပဒေ ယနေ့ထိ မပြင်နိုင်သေးတဲ့အတွက် ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ ကော်မတီဝင်တွေကို ကျွန်တော်တို့ မခန့်နိုင်သေးဘူး။ အစိုးရက တိုက်ရိုက်ခန့်အပ်တဲ့ မြို့တော်ဝင်တွေနဲ့ အလုပ်လုပ်နေတယ်။ အဲတော့ ဒီလုပ်နေတဲ့ စည်ပင်ဥပဒေကပဲ ညစျေးတန်းတွေဖွင့်တယ် စျေးတွေပြောင်းတယ် လမ်းဘေးစျေးသည်တွေရှင်းတယ် ဆိုတဲ့ဟာက ပြည်သူလူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ ကော်မတီဝင် မရှိတဲ့အတွက် ပြည်သူလူထုအသံဟာ မှန်ရဲ့လားဆိုတာကို ကျွန်တော်တို့လွှတ်တေ်ာက သုံးသပ်တာပေါ့။ ဆိုတော့ ဒီဥပဒေတွေပြင်တာ ခင်ဗျားတို့လွှတ်တော်က တာဝန်မရှိဘူးလားလို့ မေးချင်လည်းမေးမယ် မှန်တယ် တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ ကြိုးစားတယ်။ ဥပဒေကြမ်းကော်မတီက တာဝန်ရှိတယ် တာဝန်ယူတယ် တင်တယ် ဒါပေမယ့် အကြောင်အကြောင်းတွေကြောင့် ဒါတွေကို တင်ပြဖို့အတွက် မအောင်မြင်သေးဘူး။ ပထမအကြိမ် ဒုတိယအကြိမ်၊ တတိယအကြိမ် အခု စတုတ္ထအကြိမ်က မတ်လ ၂၀ ရက်နေ့ စမယ်ပေါ့။ စတုတ္ထအကြိမ်မှာမှ ဒီဥပဒေကို မတင်နိုင်ဘူးဆိုရင် ကျွန်တေ်ာတို့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ ကျွန်တော်တို့တတ်နိုင်တဲ့အင်အားနဲ့ ဘောင်ထဲကနေ လုပ်ဖို့အတွက် ကျွန်တော်တို့ လုပ်ထားပြီးပြီ။ အဲဒီအနေအထားတွေကိုတော့ ကျွန်တေ်ာ ဒီမှာ ရင်ဖွင့်ပြီးတော့ ပြောကြားပါရစေ။ အဲတော့ ကျွန်တေ်ာပြောချင်တဲ့ အတိုင်းအတာကတော့ အခု ပထမနှစ်ကုန်သွားပြီ နောက်လာမယ့်နှစ်တွေမှာ ဒီလိုသာရှိနေရင်တော့ ကျွန်တော်ထင်တယ် ကြားဖြတ်က ကျွန်တော်တို့ပဲ များသောအားဖြင့် ပြီးရင်ပြီးမှာပါ။ ဒါပေမယ့် ၂၀၂၀ ဆိုတော့လည်း နည်းနည်းလေး So Sorry ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့နော်။ အဲလောက်ပဲ ကျွန်တော် ပြောချင်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

အဲတော့ ဦးအောင်မျိုးမင်း ကျွန်တော်က ခုနကပြောတဲ့ ဒီလိုမျိုး check and Balance မလုပ်နိုင်ဘူး။ ခုနက ပြည်ထောင်စုလွှတ်တော်မှာလည်း မနေ့တနေ့ကမှ လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ ဦးဝင်းမြင့်ကလည်းပြောတယ် Check and Balance မလုပ်နိုင်ဘူးဆိုပြီးတော့ ပြောသွားတာရှိတယ်။ အဲတော့ ကျွန်တော်တို့က ဘယ်လိုများ လုပ်သင့်သလဲ။ ဥပမာဆိုကြပါစို့ အစိုးရကလည်း ဆိုကြပါစို့ သူလုပ်ချင်တဲ့ပုံစံမျိုး လုပ်တယ်ဆိုတာမျိုးဖြစ်နေတယ်။ လွှတ်တော်ကလည်း ပြန်ပြီးတော့မှ သူ့ကို Check and Balance မလုပ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့မှာ ဘယ်လိုမျိုး ထပ်ပြီးတော့မှ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုမျိုး အကူအညီပေးနိုင်မလဲ။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ ညီမျှခြင်းမြန်မာ)

အကူအညီပေးနိုင်တာကတော့ ကျွန်တော်တို့ ခုနကပြောသလိုပဲ အကြံတွေဘယ်လိုရှိလဲ။ ခံစားချက်တွေဘယ်လိုရှိလဲ။ အဲဒီ ခံစားချက်က ပိုအရေးကြီးတယ်ခင်ဗျာ။ ခံစားချက်ကို အခြေခံမှ ဘာတွေလိုအပ်မလဲဆိုတာ သိကြမှာ။ အဲဒီခံစားချက်တွေကို အခြေခံပြီးတော့မှ ကျွန်တော်တို့ကြီးပဲ မဟုတ်ဘဲနဲ့ အတက်ပညာရှင် အသိပညာရှင်တွေကို ခေါ်သုံးပါ။ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ကျွန်တော်တို့ ရွေးချယ်ပေးတာ။ သူတို့မှာလည်း လိုအပ်ချက်တွေ အများကြီးရှိတယ်။ နေရာတိုင်းမှာ စွမ်းဆောင်နိုင်တဲ့ စေတလုံးပိုင်ရှင်တွေမဟုတ်ဘူး။ အဲတော့ ဘာဖြစ်နေကြလဲဆိုတာကို ပညာရှင်တွေရော ပြည်သူတွေရော ပါဝင်နိုင်တဲ့ အနေအထားမျိုး လုပ်ဆောင်ပေးပါ။ အဲဒါမှ ကျွန်တော်တို့က ချနိုင်မှာပါ။ အခုဆိုရင် လွှတ်တော်အနေနဲ့လည်း ရက် ၁၀၀ စီမံကိန်း လုပ်ကြတာပဲ ရက် ၁၀၀ စီမံကိန်းမှာ တချို့က ထောက်ပြတယ်။ သေသေချာချာ တိုင်းတာနိုင်သောအရာမဟုတ်ဘူး။ ရက် ၁၀၀ စီမံကိန်းဆိုတာ နောက်လေးနှစ်မှာ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ ကိုက်လိုင်းချတာပဲရှိတယ်။ အဲတော့ အဲဒါကို ပြန်စဉ်းစားကြည့်လို့ရှိရင် ဒါတွေချထားပြီးရင် အကောင်အထည်ဖော်ဖို့ ဘယ်လိုတွေ အကောင်အထည်ဖော်မလဲ ဘယ်လောက်မှာ အကောင်အထည်ပေါ်မှာလဲ။ အဲဒီရလာဒ်ကို ဘယ်လိုကြည့်မှာလဲ ရလာဒ်ကို ပြန်သုံးသပ်တဲ့အခါမှာ ဘယ်သူတွေပါအောင် လုပ်ဆောင်မလဲဆိုတဲ့ Systematic Programming ကို ကျွန်တော်တို့ လုပ်ဆောင်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ အစိုးရတစ်ရပ်လေ ဝန်ကြီးဌာနတစ်ခုလေ ကျွန်တော်တို့က ကြံုလို့ ညက အာရုံရလာလို့ လုပ်တဲ့ဟာမျိုးမှမဟုတ်တာ။ ဆိုတော့ အဲဒီနေရာမှာ အပြန်အလှန်လေးစားမှုက အရမ်းကို အရေးပါပါတယ်။ ငါပြောင်းလဲချင်တယ် ဒါကြောင့် အားလုံးလိုက်ဆိုတာတော့ မှန်ကန်တဲ့ပြောင်းလဲမှုကို ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။ ပြောင်းလဲချင်တယ် ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ အစိုးရတာဝန်ရှိတဲ့လူတွေ ပြည်သူလူထုရဲ့ တာဝန်ရှိတဲ့လူတွေ အားလုံး ဘယ်လိုပေါငး်လုပ်မလဲဆိုတာ ထွက်လာမှ ကျွန်တော်တို့ အောင်မြင်မှာပါ။ အရပ်ဖက်လူမှုအဖွဲ့အစည်းက ခုနကကျွန်တော်ပြောသလိုပဲ နှစ်ဖက်ကြားမှာ ကြားဖြတ် စေ့စပ်ပေးတာဖြစ်သလို ကျွန်တော်တို့ရဲ့ အတွေ့အကြံု ဗဟုသုတတွေကို ဖလှယ်ပေးတာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ကို ဘာခိုင်းမလဲ ခိုင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က ဘာမှမသိတဲ့ဟာကိုတော့ ဘာမှမလုပ်ဘူး။ သိလို့ တာဝန်ရှိလို့ လုပ်ရတာက ပိုကောင်းတယ်။ တိုင်းပြည်အတွက်လည်း အကျိုးရှိတယ်။ ဆိုတော့ Dialouge များများဖြစ်စေချင်ပါတယ်။ Dialouge ဆိုတာက မျိုးစုံ Level ရှိနိုင်တယ်။ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ သူ့ရဲ့ မဲဆန္ဒနယ်အတွင်းမှာ သူ့ရဲ့Dialouge ရှိတယ်။ ကောင်မတီတွေကလည်း လုပ်ဆောင်ပြီးတော့ ခေါ်ပြီးတော့ Dialouge လုပ်တာမျိုးရှိတယ်။ နောက်တစ်ခါ ဝန်ကြီးပဲဖြစ်ဖြစ် သမ္မတပဲဖြစ်ဖြစ် သက်ဆိုင်ရာအဖွဲ့တွေနဲ့ အခုတွေ့သလို တွေ့ဆုံဆွေးနွေးမှုတွေ များများလုပ်ပေးပြီး တစ်ဖက်တည်းပြောတာမဟုတ်ဘဲနဲ့ အပြန်အလှန်ပြောပြီးတော့ အပြန်အလှန်နားထောင်နိုင်တဲ့ ဒိုင်ယာလော့ပုံစံမျိုး များများလုပ်နိုင်ရင်တော့ တိုးတက်လာမယ်ဆိုတာ ယုံကိုယုံကြည်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုကလည်း ပြောင်းချင်သလို တာဝန်ရှိတဲ့ လွှတ်တော်ကလည်း ပြောင်းချင်တယ်ဆိုတာသိတယ် အစိုးရသစ်ကလည်း ပြောင်းချင်တယ်ဆိုတာသိတယ် ဒါပေမယ့် ပြောင်းနိုင်တဲ့နည်းလမ်းကို အားလုံးအဆင်ပြေပြေနဲ့ ရွေးချယ်ဖို့က အဓိကဖြစ်မယ်လို့ ထင်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

အဲ့တော့ ခုနက ဒိုင်ယာလော့ဆိုတော့ ဒိုင်ယာလော့ယဉ်ကျေးမှုအပိုင်းက ကျွန်တော်တို့နိုင်ငံမှာက ရှိခဲ့တယ်လို့တောင် ပြောလို့မရဘူးလေ။ အဲတော့ ကျွန်တော်တို့ ဒီ ဒိုင်ယာလော့တွေဖြစ်ဖို့ ဒါမှမဟုတ်ရင် ဒီကနေထွက်လာတဲ့ ရလာဒ်တွေကို တိတိကျကျ အကောင်အထည်ဖော်ဖို့ အဲဒါကျတော့ရော ဘယ်လိုလုပ်ကြမလဲ။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ ညီမျှခြင်းမြန်မာ)

ဟုတ်ကဲ့ ကျွန်တော်တို့မှာက ဒိုင်ယာလော့ယဉ်ကျေးမှု မရှိကြဘူး။ ကျွန်တော်တို့က အစိုးရမကောင်း ပြောပြီးတော့ အားနည်ချက်ပဲ ထောက်ပြရင် ဒါ မှန်တယ်လို့ပဲ ထင်ကြတယ်။ အများကြီးတွေ့နေရတယ် တစ်နေ့တစ်နေ့ ဒါမျိုးပဲ ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား ငါလည်းမလုပ်တက်ဘူးဆိုတဲ့အရာမျိုး အဲ့လို ဘေးထိုင်ဘိုင်ကျ ဘုပြောဖို့က ဒိုင်ယာလော့မဟုတ်ပါဘူး။ ပြဿနာဘာဖြစ်နေလဲဆိုတာကို တင်ပြပြီးတော့ ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအကောင်အထည် ဖော်နိုင်မလဲဆိုတဲ့ အကြံပေးချက်တွေ အဆိုပြုချက်တွေ ပါဝင်မှ မှန်ကန်သော ဒိုင်ယာလော့ ဖြစ်ပါလိမ့်မယ်။ တစ်ဖက်ကလည်း ငါတို့အစိုးရ ငါတို့လုပ်မှာလေ အရင်အစိုးရမလုပ်ခဲ့ဘူး အခု ငါတို့လုပ်တာ ကျေးဇူးမတင်သေးဘူးလားဆိုတာ ပြောလို့မရဘူး။ ဒီ ဒိုင်ယာလော့လုပ်ခြင်းရဲ့ အကျိုးကျေးဇူးရဲ့ အားကောင်းချက်ကို နားလည်ဖို့လိုအပ်တယ်။ နှစ်ဖက်စလုံးကို ကျွန်တော်တို့ ပြင်ဖို့လိုအပ်ပါတယ်။ ပြည်သူတွေကလည်း မကောင်းပြောတာတွေမလုပ်ဘဲ အကောင်းပြောတာတွေ လုပ်ကြမယ်။ ဘာတွေက လုပ်သင့်လဲဆိုတာတွေနဲ့ လုပ်တဲ့အရာတွေကိုလည်း လေးစားစွာ နားထောင်ဖို့က ကျွန်တော်တို့ လေ့ကျင့်ရမယ်။ ဘယ်အရာမှ ကျွန်တော်တို့မှာ မွေးကတည်းက တတ်လာတာမဟုတ်ပါဘူး။ အဲဒါတွေကို ဒိုင်ယာလေ့ာဆိုတဲ့ဟာ အကျိုးရှိဖို့ အပြန်အလှန်နားထောင်ဖို့က အကျိုးရှိဖို့ ကျွန်တော်တို့ သဘောပေါက်ဖို့ လိုပါတယ်။

ဦးမျိုးသန့် (Mizzima Media)

ဆရာဦးကျော်ဇေယျ အဲတော့ ကျွန်တော်တို့က အဲလိုမျိုး ပြန်ပြီးတော့မှ ပြည်သူလူထုနဲ့ တစ််သားတည်းကျအောင်လုပ်မယ်၊ ဥပမာ လွှတ်တေ်ာကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တကယ့်လက်တွေ့ကျကျ ကွင်းဆင်းပြီးတော့မှ အသံတွေကို ဖော်ဆောင်မယ်ပေါ့နော်။ ကျွန်တော်တို့က ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲချိန်တန်ပြီတော့ အခု တစ်နှစ်ပြည့်ပြီလေ။ အားမလိုအားမရတွေဖြစ်တယ်။ အဲ့ဒါဆို ကျန်ခဲ့တဲ့လေးနှစ်မှာရော ဘယ်လောက်ထိ မျှော်လင့်လို့ရမလဲ။

ဦးကျော်ဇေယျ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ကျန်သေးတဲ့ လေးနှစ်ကတော့ ခုနက ဆရာပြောသလိုပေါ့ ဒိုင်ယာလော့ ပြန်ပြီးတော့ ဆွေးနွေးသွားမှရမယ်။ ကျွန်တော်အမြင်ကို ပြောရရင်ပေါ့။ ကျွန်တော်ကလည်း ပြည်သူ့အသံကို နားထောင်ရတာပေါ့နော်။ ပြည်သူ့အသံကို နားထောင်တဲ့အခါကျတော့ ကျွန်တေ်ာတို့လည်း စီမံကိန်းတွေဘာတွေ လုပ်တော့မယ်ဆိုရင် ဝန်ကြီးချုပ်ကပြောလိုက်တယ် ဖေဖော်ဝါရီလကုန်ရင် မြို့သစ်စီမံကိန်းကြီး စတော့မယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်ပြောလိုက်တော့ မြို့သစ်စီမံကိန်းဆိုတော့ လူတွေက စိတ်ဝင်စားတာပေါ့။ ပညာရှင်တွေရဲ့အသံကို နားထောင်ရမယ်ဆိုတာ မှန်တယ်။ ကျွန်တေ်ာတို့လည်း လက်ခံပါတယ်။ ဒါပေမယ့် အဆိုပါပညာရှင်က တကယ့်ကို ရင်ထဲကနေ တကယ့်ကို နှစ်နှစ်ကာကာနဲ့ ရန်ကုန်မြို့ကြီး တိုးတက်လာအောင် စိတ်ဓာတ်ရှိတဲ့ ပညာရှင်မျိုးတော့ ချည်းကပ်ပြီးတော့ အတုယူသင့်တယ်ပေါ့။ အခု ကျွန်တော်အမြင်ကိုပြောရရင်တော့ ဘယ်လိုပညာရှင်မျိုးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအပေါ်ကို ထောက်ပြနိုင်မလဲပေါ့။ အခုဆိုရင်လည်း ကြည့်မြင်တိုင်တစ်ဖက်ကမ်းပေါ့ ကျွန်တေ်ာကိုယ်တိုင်ပဲမေးတယ် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ မြို့သစ်စီမံကိန်းကြီး တည်ဆောက်လို့ရှိရင် ဘယ်နေရာက တံတားထိုးမှာလဲ။ တံတား ဘယ်နှစ်စင်းထိုးမှာလဲဆိုတာ ကျွန်တော်တို့မေးတယ်။ ကျွန်တော်တို့ကလည်း ပညာရှင်တွေပြောတာကို နားထောင်ရတာပေါ့နော်။ အစိုးရအဖွဲ့တွေအနေနဲ့ကလည်း သူတို့ပညာရှင်တွေနဲ့သူတို့ နားထောင်ပြီးသား။ အဲတော့ ကျွန်တော်တို့နားထောင်တဲ့ ပညာရှင်က ဘာပြောလဲဆိုတော့ ဆရာတို့စဉ်းစားပေ့ါ ကျွန်တော်တို့ကတော့ အကြံပေးတာ။ လုပ်ရမှာက ကိုယ်စားလှယ်တွေက လုပ်ရမှာ။ အဲတော့ ခင်ဗျားတို့စဉ်းစားဖို့ လိုတယ်။ ဆိုတော့ တံတားထိုးမယ်လို့ပြောတယ်။ တံတားကလည်း ကျွန်တော်တို့ကြားနေတယ်။ မြေနီကုန်းဘက်ကနေ ကြည့်မြင်တိုင်ဘက်ကို တံတားကြီးထိုးမယ်။ အဲဒီအပေါ်က တံတားထိုးလို့မရဘူး။ ထိုးမယ်ဆိုရင် မြေအောက်က ထိုးရပါမယ်။ မြေအောက်ကထိုးရင် ကုန်ကျမှုတွေ ပိုများလိမ့်မယ်။ အဲလိုမျိုးဆိုတော့ ကျွန်တော်တို့က စဉ်းစားတယ်။ ဆရာတို့ အဲလိုမျိုး လုပ်မယ့်အတူတူ လက်ရှိရှိနေတဲ့ မြေကွက်လပ်တွေ မြို့သစ်တွေဖော်ထားတာ ရေမီးမဆုံသေးပါဘူး။ အခြေခံလိုအပ်ချက်တွေ မပြည့်စုံသေးဘူး။ အဲဒါတွေ ပြည့်စုံမယ့်နေရာတွေ လုပ်ဖို့အတွက် အများကြီးလိုပါသေးတယ်။ ဒါတွေကို သူတို့က ထောက်ပြသွားတယ်။ လက်ရှိ နေရာချထားပေးတဲ့နေရာတောင်မှ တိုင်လေးတွေပဲ စိုက်ထားပေးတာ မြေကွက်လပ်တွေ အများကြီးရှိသေးတယ်။ ဒီဟာကို မြို့သစ်စီမံကိန်းလုပ်ရင် မကောင်းဘူးလား။ ဘာလို့ လူတွေမနေလဲ။ ရေမီးမစုံလို့ အခြေခံလိုအပ်ချက်တွေ မရှိလို့ပေါ့။ အခု လျှပ်စစ်ဆိုရင် စကားများတယ်။ ဆိုတော့ ဒါတွေက လက်မခံနိုင်စရာလေးတွေပေါ့။ ဒီလိုအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ခုနကပြောတဲ့ လက်တန်းပလန်ကို ပြန်သွားရမှာပဲ လက်တန်းပလန်ပဲ ပြန်ဖြစ်နေမှာပဲ။ အားလည်းမရဘူး။ ကျွန်တော်တို့လည်း ကိုယ့်ကိုကိုယ် အပြစ်တွေလည်း ရှိပါတယ်လို့ပဲ ကျွန်တော် ပြောပါရစေ။

ဦးမျိုးသန့် (Mizzima Media)

အဲတော့ စီမံခန့်ခွဲမှု ပြဿနာပေါ့နော်။

ဦးကျော်ဇေယျ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ဟုတ်ပါတယ်ခင်ဗျာ။

အပိုင်း(၁)အားဖတ်ရန်အတွက်-http://www.mizzimaburmese.com/article/24970

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly