Miss Myanmar International 2015 အတွက် ဆန်ကာတင် အယောက် ၂၀ ရွေးချယ်ပြီး

Miss Myanmar International 2015 အတွက် ဆန်ကာတင် အယောက် ၂၀ ရွေးချယ်ပြီး
ဇွန်လ ၂၄ ရက်က Summit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် miss myanmar international 2015 စာနယ်ဇင်းရှင်းလင်းပွဲ။ ဓါတ်ပုံ - သက်ကို

ရန်ကုန် ၊ ဇူလိုင် ၂၈ ။       ။ Miss Myanmar International 2015 အတွက် လာရောက် လျှောက်ထားသူ အယောက် ၄၀ ကျော်ထဲမှ ဆန်ခါတင် အယောက် ၂၀ ရွေးချယ်ပွဲကို ဇူလိုင် ၂၇ရက် တွင် ရန်ကုန်မြို့ရှိ Central Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

Miss Myanmar International 2015  အတွက် ယခုနှစ်တွင် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှုး ကျင်းပ၍ Myanmar Tourism Marketing မှ ပွဲစီစဉ်သူ  အဖြစ် တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွား မြှင့်တင်ရေး ကဏ္ဍများတွင် မြန်မာအမျိုးသမီးများမှ တစ်တပ်တစ်အား ပါဝင်လာခြင်းကို မြှင့်တင်ခြင်း ၊ မြန်မာနိုင်ငံ အတွင်းမှ စိတ်ဝင်စားဖွယ်ရာ ဒေသများကို ဖော်ထုတ် ပေးလိုခြင်း အစရှိသည့် ရည်ရွယ်ချက်များ ဖြင့်  ယင်းပြိုင်ပွဲကို ကျင်းပ ပြုလုပ် ရခြင်း ဖြစ်သည်။

Miss Myanmar International Organization မှ ဦး ခင်အောင်ထွန်း က " ဒီတစ်ခေါက်က မျက်နှာသစ်တွေလည်း များသလို ပြိုင်ပွဲဝင်ဖူးတဲ့သူတွေလည်း ပါပါတယ်။ ကျွန်တော် တို့က တော့ သူတိုရဲ့ Beauty ၊ Knowledge ၊ Language တို့ကို အဓိက ထားပြီး ရွေးချယ်တယ်။ အကောင်းဆုံး ဖြစ်မယ့် သူတွေကိုပဲ ရွေးချယ် ထားပါတယ်" ဟု ပြောသည်။

စတုတ္ထအကြိမ်မြောက် Miss Myanmar International 2015 ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဆန်ကာတင် အလှမယ် အယောက် ၂၀က ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

နောက်ဆုံး ပြိုင်ပွဲတွင် ဆန်ခါတင် အယောက် ၂၀ ထဲမှ ၁၀ယောက် ထပ်မံ ရွေးချယ်မည် ဖြစ်ပြီး နောက်ထပ် ၈ယောက် ထပ်မံ ရွေးချယ်ကာ နောက်ဆုံးတွင် ဆန်ခါတင် ၃ဦးကို ရွေးချယ်ပြီး ဆုများ ချီးမြှင့်မည် ဖြစ်သည်။

Miss Myanmar International 2015 အဖြစ် ရွေးချယ်ခြင်း ခံရသူသည် သရဖူ နှင့် ငွေကျပ် သိန်း ၁၀၀ ရရှိ မည် ဖြစ်ပြီး 1st runner up ၊ 2nd runner up အဖြစ် ရွေးချယ် ခံရသူများကိုလည်း သက်ဆိုင်သည့် ဆုကြေးငွေများ ပေးအပ် သွားမည် ဖြစ်သည်။

Miss Myanmar International 2015  ရရှိသူသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နိုဝင်ဘာ ၅ ရက်၌ ကျင်းပ ပြုလုပ်မည့် ၅၅ကြိမ်မြောက် Miss International 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

လက်ရှိတွင် ဆန်ကာတင် အယောက် ၂၀ သည် သြဂုတ်လ ပထမ အပတ်မှ စတင်ကာ ပြိုင်ပွဲ အတွက် လိုအပ် သည် များကို လေ့ကျင့် ပြုလုပ်ရမည် ဖြစ်ပြီး လေ့လာရေး ခရီးစဉ်များလည်း ပါဝင်မည် ဖြစ်ကာ သြဂုတ် ၂၉ရက် အထိ ပြုလုပ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly