လယ်ယာကဏ္ဍ အကျိုးလည်း ရှိ အချိုးလည်း ညီ ဖွံ့ဖြိုးတိုးတက်ရေး

.

၂၀၁၅ ခှုစ် ဂျွန်လ ၁၉ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ လယ်သမားများအားတွေရစဉ်။ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

၂၀၁၇ ခုနှစ်အတွက် ပဲခူးတိုင်းအတွင်း မြို့နယ်အလိုက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ဂျက်များ ချပေးရာမှာ ဘတ်ဂျက်စုစုပေါင်း ချပေးငွေဟာ လှည်းကူးမြို့နယ်အနေနဲ့ ပဲခူးတိုင်း တစ်တိုင်းလုံးအတွက် ဘတ်ဂျက်ချထားငွေ ၄၀ ရာခိုင်နှုန်းကျော် ရရှိနေတယ်ဆိုပြီး လယ်ယာကဏ္ဍ စိတ်ဝင်စားသူများက ဝေဖန်ကြတဲ့အသံတွေကို ကြားကြရပါတယ်။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရဲ့ မဲဆန္ဒနယ်မြေဖြစ်တာမို့ အခုလို ဘတ်ဂျက်ချထားမှု အများဆုံး ရရှိတဲ့သဘောလားဆိုတဲ့အထိ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ ဒီဘတ်ဂျက်ယာထားမှုဟာ လွှတ်တော်ကို တင်သွင်းအတည်ပြုဖို့ ဆောင်ရွက်ရဦးမှာဖြစ်ပေမယ့် ဒီသတင်းအပေါ် လူတွေ စိတ်ဝင်စားမှုမြင့်တက်လာတာ၊ အသိအမြင်တွေ ကျယ်လာစေတာတော့ အမှန်ပါပဲ။

ဒီလိုဝေဖန်သံတွေကြောင့်လားတော့မသိပါဘူး။ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တကယ်တော့ ဘတ်ဂျက်ချပေးရာမှာ ပုဂ္ဂိုလ်စွဲသဘောထားနဲ့ ချပေးတာမဟုတ်ကြောင်း သတင်းဌာနတွေကို ရှင်းပြခဲ့ပါတယ်။

သည်နေရာမှာ ပြုပြင်ပြောင်းလဲရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ အခွင့်အရေးတစ်ခုကတော့ဖြင့် မိမိတို့တိုင်းပြည်မှာ တစုံတရာ ရရှိလာနေပြီဆိုတဲ့စကားကို လက်ခံကြရမှာပဲဖြစ်ပါတယ်။ ဒါကို တာဝန်ရှိသူတွေကလည်း ပြန်လည်အလေးထား ရှင်းလင်းပြောဆို လာတာဟာ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။   ပြုပြင်ပြောင်းလဲရေးရဲ့   ကောင်းမွန်တဲ့ လက္ခဏာတစ်ခုဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မိမိတို့တိုင်းပြည်ရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်မှာ နေထိုင်ကြသူများဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် တိုင်းပြည်ရဲ့လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ လယ်ယာလုပ်ငန်းအပေါ် အမှီပြုရပ်တည်ထားကြတယ်ဆိုတဲ့သဘော ပြောနိုင်ပါတယ်။ ဒါကြောင့်မို့ ယခု လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက်ကိစ္စဟာ လူဦးရေ ၈၀ ရာခိုင်နှုန်းနဲ့ တိုက်ရိုက်ပတ်သက်နေတာဖြစ်လို့ အရေးကြီးတဲ့ ကိစ္စလည်းဖြစ်လာပါတယ်။ ဒါကြောင့်မို့ ဘတ်ဂျက်ခွဲဝေချထားမှုမှာ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမှု၊ ပုဂ္ဂိုလ်စွဲအခြေခံမှုနဲ့ အကျင့်ပျက်ခြစားမှုကိစ္စတွေ မရှိဖို့က လွန်စွာအရေးကြီးပါတယ်။ မိမိတို့တိုင်းပြည် နှစ်ပေါင်း ဆယ်စုနှစ်များစွာ လယ်ယာကဏ္ဍတစ်ခုလုံး အဲသလို မှားယွင်းဖေါက်ပြန်တဲ့အလုပ်တွေနဲ့ ဖြတ်ကျော်လာခဲ့ကြရတာမို့ တိုင်းပြည်ရဲ့အရေးအကြီးဆုံးဖြစ်တဲ့ လယ်ယာကဏ္ဍဟာ အဆိုးဝါးဆုံး အခြေအနေကို ကျရောက်လာကြရတာ အများသိ ကမ္ဘာသိဖြစ်ပါတယ်။

တခါတရံ ကြားရလေ့ရှိတဲ့သတင်းတွေရှိပါတယ်။ နယ်မြို့နယ်တချို့မှာ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ အုပ်ချုပ်ရေးဝန်ထမ်းတချို့နဲ့ပေါင်းပြီး အခုလို ဖွံ့ဖြိုးရေးဘတ်ဂျက်တွေကို အချင်းချင်း တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ခွဲဝေချမှတ်ကြတာမျိုး အစရှိတဲ့သတင်းတွေ ကြားရလေ့ရှိပါတယ်။ အဲဒီအခါ ကျန် လွှတ်တော်ကိုယ်စားလှယ်တွေက အချိန်မီ ပြုပြင်ဆောင်ရွက်ကြရတာမျိုး လုပ်ကြပေမယ့်လည်း၊ ဒီသတင်းတွေသာ အမှန်ဖြစ်တယ်ဆိုရင် ပြည်သူတွေကြားမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပုံရိပ် ကျဆင်းစေမှာကတော့ အသေအချာပါပဲ။

ဒါ့အပြင် ချပေးတဲ့ ဘတ်ဂျက်တွေကို သုံးစွဲတဲ့အခါမှာလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ဖို့ လိုပြန်ပါတယ်။ ဥပမာ ရွာချင်းဆက်လမ်းတွေ ဖေါက်တဲ့အခါ ရှိပြီး ဖေါက်ပြီးလမ်းတွေကို ပြုပြင်ဖို့အကြောင်းပြပြီး မျက်နှာလိုက်ချပေးတာမျိုး၊ တံတားဆောက်ဖို့ အမှန်တကယ်လိုအပ်နေတဲ့နေရာတွေကို ချိန်လှပ်ပြီး နေရာမျက်နှာ၊ လူမျက်နှာ၊ လာဘ်လာဘ မျက်နှာလိုက်ကာ အခြား အမှန်တကယ်မလိုအပ်သေးတဲ့ နေရာတွေမှာ ဘတ်ဂျက်ချပေးလိုက်တာမျိုးတွေလည်း နှစ်ပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။ ရှိနေဆဲလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ ယခုလို ပြည်သူတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလို ခေတ်မျိုးမှာ ပြည်သူ့အကျိုး ပြည်သူ့မျက်နှာကိုပဲကြည့်ကြပြီး ကျေးလက် လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ဘတ်ဂျက်များ အချိုးညီညီ အကျိုးရှိရှိ ချမှတ်ကြ ဆောင်ရွက်ကြဖို့ အထူးလိုအပ်ကြောင်း မဇ္ဈိမက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။