ကျောင်းသားသပိတ်ကို အင်အားသုံးဖြိုခွဲဖမ်းဆီးခဲ့သည့် လက်ပံတန်း မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးကို အရေးယူပေးရန် လျှောက်လွှာတင်

ကျောင်းသားသပိတ်ကို အင်အားသုံးဖြိုခွဲဖမ်းဆီးခဲ့သည့် လက်ပံတန်း မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးကို အရေးယူပေးရန် လျှောက်လွှာတင်
သပိတ်မှောက်ကျောင်းသား၊ ၀န်းရံပြည်သူများနှင့် လုံထိန်းများကို မတ်လ ၁၀ ရက်က တွေ့ရစဉ်။ ဓါတ်ပုံ - သက်ကို

ရန်ကုန် ဇူလိုင် ၂၈ ။      ။ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားများကို လက်ပံတန်းမြို့ တွင် အင်အားသုံးဖြိုခွင်းခဲ့သည့်အတွက် လက်ပံတန်းမြို့နယ်ရဲတပ်ဖ ွဲ့မှူးနှင့် စခန်းမှူးကို အရေးယူ ပေးရန် ဇူလိုင် ၂၈ရက်က သာယာဝတီ တရားရုံးတွင် လျှောက်လွှာတင်၍ တောင်းဆိုခဲ့ သည်ဟု အဆိုပါအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

ဦးရောဘတ်စန်းအောင် “ ကျောင်းသားတွေကို အမှုဖွင့်ဖမ်းပြီး အမှုမဖွင့်သေးဘဲ တစ်ရက်တိတိ ထိန်ချန်ထားပြီးမှ အမှုဖွင့်တယ်။ အသက်၁၆ နှစ် မပြည့်သေးတဲ့ အောင်မင်းခိုင်နဲ့  ဖြိုးသီဟတို့ကို နှစ်လကျော် ရမန်ယူပြီးတော့ သာစည်ထောင်ကို ပို့တယ်။ အဲဒီအတွက် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့ မှူးနဲ့ စခန်းမှူးကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေးဖို့ ဒီနေ့လျှောက်လွှာ တင်လိုက်ပါ တယ်”ဟုဆိုသည်။

လျှောက်လွှာတင်ရာတွင်  ရဲမှှုးဘုန်းမြင့်နဲ့ စခန်းမှူး ဒု-ရဲမှူး စန်းမြင့်တို့ကို အရေးယူပေးရန် တင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရန်နှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ ပင်မ သပိတ်စစ်ကြောင်းကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့တွင် အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ဖြိုခွင်းရာတွင် နံပါတ်တုတ်များ အသုံးပြု၍ ရိုက်နှက်ဖမ်းဆီးခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လ  ၂ရက်က ရုံးချိန်းတွင် ကျောင်းသားများကို ရိုက်နှက် ဖမ်းဆီးခြင်း မဟုတ်ဘဲ ရွယ်ရုံသာ ရွယ်ခဲ့ခြင်းဖြစ်သည်ဟု တရားလို ရဲမှုး ဘုန်းမြင့်က တရားရုံးတွင် ထွက်ဆိုခဲ့သေးသည်။  

ဖမ်းဆီးခံ ကျောင်းသားအချို့ကိုသာ  ပြန်လွှတ်ပေးခဲ့ပြီး ကျောင်းသားများနှင့် ဝန်းရံ ပြည်သူစုစုပေါင်း ၇၀ ခန့်မှာ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရဆဲဖြစ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ အပါအဝင် ပုဒ်မ(၅) ခုဖြင့် တရားစွဲ ဆိုထားသည်။

ယင်းကဲ့သို့ ကျောင်းသားများကို  အင်အားသုံး ရိုက်နှက်ဖမ်းဆီးမှုသည် လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့် အရေးချိုး ဖောက်သည်ဟုဆိုကာ အသက်မပြည့်သေးသည့်အခြေခံပညာကျောင်းသား ကိုအောင်မင်းခိုင် အပါအဝင် ဖမ်းဆီးရိုက်နှက်ခံရသည့် သပိတ်မှောက်ကျောင်းသား ၁၈ဦးက လူ့အခွင့် အရေးကော်မရှင်ထံ ဇူလိုင် ၈ရက်က တိုင်ကြားခဲ့သေးရာ ယင်းကျောင်းသားများကို ကော်မရှင်က ရန်ကုန်မြို့ ပြည်လမ်းရှိ ကော်မရှင်ရုံတွင် ဇူလိုင်၂၇ရက်ကခေါ်ယူမေးမြန်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly