တံတားထဲက ဇာတိပြ

တံတားထဲက ဇာတိပြ
သံလွင်ချောင်းဆုံမြစ်ကူးတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပြောင်းလဲနာမည်ပေးသည့်အပေါ် မွန်သံဃာများ၊ ပအိုဝ်းတိုင်းရင်းသားများ၊ ကရင်တိုင်းရင်းသားများနှင့် မွန်ဒေသခံ သောင်းကျော်တို့က မတ်လ ၁၉ရက် နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည)

ချောင်းဆုံတံတားကိုတော့ လွှတ်တော်ကြီက ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ ဂရန်အမည်ပေါက် ချပေးလိုက်ပါပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတည်းက ဒီတံတားနဲ့ပတ်သက်ပြီး   မောင်မှန်   ပြည်ထောင်စုသားတွေဆိုတဲ့ ဆောင်းပါးနဲ့ သဘောထားပေးခဲ့ပြီးသားပါ။ မွန်ဒေသခံတွေနဲ့အတူ မောင်မှန်တစ်သဘောတည်း ရှိပါတယ်။ တစ်စိတ်တစ်ဝမ်းထဲပါ။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းကို သစ္စာဖောက်တာလည်း မဟုတ်ပါဘူး။ ပြည်ထောင်စုကို ဖြိုခွဲနေတာလည်း မဟုတ်ပါဘူး။ အမျိုးသားရေးကို ကျောခိုင်းတာလည်း မဟုတ်ပါဘူးခင်ဗျာ။

ဒီတံတားအမည်ကိစ္စနဲ့ ပတ်သက်လို့ သဘောကွဲသူတွေအပေါ် စွပ်စွဲချက်တွေက ပြင်းထန်လှပါတယ်။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများကို ဆန့်ကျင်ကြဆိုတဲ့ အသံတွေ စီစီညံခဲ့တဲ့ ခေတ်တစ်ခေတ်ကို ပြန်ပြောင်း အောက်မေ့မိပါရဲ့။ ငါနဲ့မတူ ငါ့ရန်သူ၊ ငါနဲ့ကွဲလွဲ အတွေ့ပဲဆိုတာ ဒါမျိုးလားမသိပါဘူး။

ပြောကြတာရှိသေးတယ်။ နိုင်ငံရေးပယောဂပါနေတယ်တို့ နောက်ကွယ်က လက်မည်းကြီးတို့ဆိုပြီး ပြောကြတယ်။ ကိုယ်နဲ့မတူတိုင်း ဆန့်ကျင်ဘက်ပါတီရဲ့ လက်ချက်ဆိုပြီး တန်းမစွပ်စွဲကောင်းပါဘူး။ ဆန့်ကျင်တာခြင်းတူပေမဲ့ အနှစ်သာရ မတူပါဘူး။ ဆန့်ကျင်ဘက်ပါတီဘက်ကတော့ ကြိုက်တာလုပ် (ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ်) အခြေအနေပေးရင် ပေးနေသလို ဆန့်ကျင်သွားမှာပဲ။ ဘယ်သူ့မျက်နှာမှ ကြည့်မှာမဟုတ်ဘူး။ သူတို့မျက်နှာပဲ သူတို့ကြည့်မှာ၊ (သူတို့တွေ အိမ်မှာဆိုရင် တစ်အိမ်လုံး ကြည့်မှန်တွေချည်း အပြည့်တပ်ထားတာ၊ အချိန်ပြည့် ကိုယ့်မျက်နှာကိုယ် ပြန်မြင်ရအောင်လို့) ကျန်တဲ့ဟာတွေကတော့ အဲသလို ဟုတ်မယ်မထင်ဘူး။ ခံစားချက် အစစ် ခံယူချက်အစစ်နဲ့ ဖြစ်ကြပါလိမ့်မယ်။ နားလည်မှုလွဲကောင်းလွဲနေမှာ ဖြစ်ပေမယ့် အခြား ဘာပယောဂမှ ပါမယ်မထင်ပါဘူး။

တကယ်တော့ ချောင်းဆုံမဲဆန္ဒနယ်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတည်းက မဲဆန္ဒနယ်လေးနေရာ ရှိတဲ့အနက် သုံးနေရာမှာ မွန်ဒေသလုံးဆိုင်ရာ ပါတီက အနိုင်ရခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲကျတော့လည်း NLD က သုံးနေရာနိုင်ပြီး မွန်ဒေသလုံးဆိုင်ရာ ပါတီက တစ်နေရာနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကို ကြည့်မယ်ဆိုရင် ချောင်းဆုံ ဒေသရဲ့ နိုင်ငံရေး ရေချိန်ကို ခန့်မှန်းနိုင်ကြမှာပါ။ အခု အာဏာရပါတီ ယူဆနေသလို မဟုတ်ဘူးဆိုတာ ဒီရွေးကောက်ပွဲ အဖြေတွေနဲ့တင် ရှင်းလောက်ပါတယ်။

နောက်တစ်ခု ပြောချင်တာက လွှတ်တော်ရဲ့ အခန်းကဏ္ဍပါ။ အမည်ပေး၊ အမည်ပေါက်၊ အမည်ပြောင်း လုပ်ချင်တာလောက်ကို လွှတ်တော်က ဝင်ရောက် ဆုံးဖြတ်ဖို့ သင့်၊ မသင့်ဆိုတာ အများကြီး အများကြီး စဉ်းစားချင့်ချိန်သင့်တယ်ထင်ပါတယ်။ NLD အများစု ကြီးစိုးထားတဲ့ လွှတ်တော်မှာ တံတားအမည်ပေးဖို့ကိစ္စ NLD က အဆိုတင်လာတဲ့အခါကျ NLD အလိုကျပဲ ဖြစ်မယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ (၄၃၆ တို့ ၅၉ (စ)တို့ကိုလည်း အခုတံတားကိစ္စလိုပဲ နည်းနည်းပါးပါး စမ်းကြည့်သင့်တယ်။ မရတော့လည်း အရင်းပဲပေါ့ ဟုတ်ဘူးလား) လူများစုနဲ့ အနိုင်ကျင့်ရာရောက်မနေပေဘူးလားခင်ဗျာ။ အခု မောင်မှန်ပြောတဲ့ အပြောမျိုးကို လွှတ်တော်ထဲက နှစ်ဆယ့်ငါးရာခိုင်နှုန်းသော တပ်ကိုယ်စားလှယ်များက နှစ်ကြိမ်တိတိ ပြောခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ပေးအပ်စဉ်ကပါ။ ဒုတိယအကြိမ်က သိပ်မကြာသေးပေမဲ့ အကြောင်းရင်းကို မောင်မှန် မေ့နေပါပြီ။ ထားပါတော။ (ဒီ့အတွက် မောင်မှန်နဲ့ တပ်နဲ့ တစ်သဘောထဲပဲလို့တော့ မစွပ်စွဲလိုက်ပါနဲ့ဦး။ အကွာကြီးကွာပါတယ်။ တပ်က သူ့အကြောင်းနဲ့သူ ပြောတာဖြစ်သလို မောင်မှန်ကလည်း မောင်မှန်အကြောင်းနဲ့ မောင်မှန်ပါ။)

မကြာသေးမီက ပြောခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရဲ့ စကားကို ကြည့်ကြပါဦးစို့လားခင်ဗျာ။ "မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၄ နှစ်အကြာ ၁၉၆၂ မှာ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အဓိကတရားခံဟာ တပ်မတော်မဟုတ်ကြောင်း၊ အဲဒီအချိန်က နိုင်ငံရေးပါတီများနဲ့ တာဝန်ယူထားတဲ့ နိုင်ငံရေးခေါင်းဆောင်များ မပါးနပ်လို့ ထိုသို့ ဖြစ်သွားရတာဖြစ်ပြီး တပ်မတော်က အမြဲတမ်း ရှိနေမယ်၊ လိုအပ်လာလို့ရှိရင် တိုင်းပြည်ကို ပြန်ပြီးတော့ စောင့်ရှောက်ရဦးမှာပဲ" တဲ့။ သူ့စကားရဲ့ အနက်က လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပါတယ်။ ချောက်ထဲကျဖို့ လက်တစ်လုံးအလို ဇာတ်လမ်းကို New Version ပြန်ရိုက်ချင်သလိုလိုပါ။ (လက်တစ်လုံးမလိုရင်လည်း မရောက်ရောက်အောင် အတင်း တွန်းပို့နေတဲ့သဘောပါပဲ။)

ဒီနေရာမှာ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ စကား အမှန်အမှားကို မောင်မှန် ဘာမှ မဆွေးနွေးလိုပါဘူး။ ရယ်စရာ၊ မောစရာလို့ပဲ သဘောထားလိုက်ချင်ပါတယ်။ (ရယ်စရာနောက်မှာ မောစရာတွေ ရှိနေတာတော့ အမှန်ပဲခင်ဗျ) ဒါပေမဲ့ ၁၉၆၂ အခြေအနေကို ပြောကြကြေးဆို တိုင်းရေးပြည်ရေး ရှုပ်ထွေးမှုတွေ ရှိနေတာလည်း အမှန်ပါ။ အမျိုးသားညီညွတ်ရေး ပြိုကွဲနေချိန်ပါ။ ဒီအချိန်မှာ အာဏာသိမ်းတာပဲ။ ၁၉၅၈ က အစမ်းလေ့ကျင့်ခဲ့ပြီး ၁၉၆၂ မှာ ဝတ်စုံပြည့် ကပြတင်ဆက်တော့တာပါ။ အဲဒီတုန်းက ပြိုကွဲတာတော့ အကြောင်းပေါင်းစုံပေါ့လေ။ ပင်လုံစာချုပ်၊ ဖက်ဒရယ်၊ ခွဲထက်ခွင့် စတာတွေလည်း ပါတာပေါ့။

ချောင်းဆုံတံတားကိစ္စနဲ့ ဆက်စပ်လို့ ရနိုင်အောင် အထက်ကကိစ္စတွေ မောင််မှန် ပြန်တင်ပြတာပါခင်ဗျာ။ ၂၀၁၅ ရွေးကောက်ပွဲရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ တိုင်းရင်းသားဒေသ အများစုမှာ NLD ကပဲ အနိုင်ရခဲ့တာပါ။ ဒါဟာ တိုင်းရင်းသားတွေဘက်က ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်ကို စွန့်လွှတ်ပြီး ကျယ်ပြန့်တဲ့ ပြည်ထောင်စုအမြင်ကို စိုက်ထူပြလိုက်တာလို့ မောင်မှန် ယူဆပါတယ်။ ဒီလိုဖြစ်လာဖို့ရာ ချက်ခြင်း ဥံုဖွ ချက်ခြင်းရလာတာတော့ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတာပါ။ ထင်ထင်ရှားရှား စအကျိုုးပေးတာ ၁၉၈၈ အရေးတော်ပုံမှာပါ။ ၈၈ နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အများစုဟာ လုံးဝ ခွဲထွက်ရေး (နိုင်ငံထူထောင်ရေး)ကို စွန့်လွှတ်ခဲ့ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမူကိုပဲ ကိုင်စွဲလာကြပါတယ်။ ၂၀၁၅ မှာတော့ လက်နက်မကိုင်တဲ့ တိုင်းရင်းသားတွေရဲ့ အယုံအကြည်ကို ရလာတာပေါ့။ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေတယ်။ တံတားကင်ပွန်းတပ်ကိစ္စလောက်နဲ့ အနှစ်နှစ်အလလက တည်ဆောက်လာခဲ့ရတဲ့ တန်းတူရည်တူ သွေးစည်းညီညွတ်ရေးဟာ ပြိုပျက်ရတော့မှာလား၊ UNA ရဲ့ ကန့်ကွက်တဲ့ ကြေညာချက်၊ ဦးခွန်ထွန်းဦးရဲ့ စိတ်ပျက်တဲ့စကားကိုလည်း တစ်ပြည်လုံး ကြားပြီးလောက်ပါပြီ။ ဒီလိုပြိုကွဲမှုတွေအတွက် ဝမ်းသာနေမှာ ဘယ်သူတွေများပါလဲခင်ဗျာ။ အားကြီးသူက သဘောထားကြီးရမယ်လို့ တစ်ယောက်ယောက်များ ပြောခဲ့ဖူးသလားလို့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly