လယ်ယာကဏ္ဍအတွက် ဘတ်ဂျက်များ ခွဲဝေရာတွင် ပုဂ္ဂိုလ်စွဲဖြင့် ခွဲဝေပေးခြင်း မဟုတ်ကြောင်း တိုင်းအစိုးရ ငြင်းဆန်

လယ်ယာကဏ္ဍအတွက် ဘတ်ဂျက်များ ခွဲဝေရာတွင် ပုဂ္ဂိုလ်စွဲဖြင့် ခွဲဝေပေးခြင်း မဟုတ်ကြောင်း တိုင်းအစိုးရ ငြင်းဆန်

ရန်ကုန် ၊ မတ် ၂၂ ။               ။ လာမည့် ဘဏ္ဍာနှစ်အတွက် လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဘတ်ဂျက်များ ချထားပေးရာ၌ လှည်းကူးမြို့နယ်က အများဆုံးဖြစ်နေပြီး ယင်းသို့ များပြားနေခြင်းသည် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ်မြေကြောင့်မဟုတ်ဘဲ လိုအပ်ချက်ကြောင့်သာ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

"ဒေသရဲ့ လိုအပ်ချက်ကြောင့် ဖွံ့ဖြိုးရေးလုပ်ပေးတာ၊ ဘယ်သူ့ဘယ်သူရဲ့ ဒေသမို့လို့ဆိုပြီး ဒေသစွဲနဲ့လုပ်မပေးဘူး။ ပုဂ္ဂိုလ်စွဲ ဒေသစွဲနဲ့ လုပ်ပေးခြင်း မရှိပါဘူး" ဟု ဦးမြင့်သောင်းက ဆိုသည်။

အဆိုပါ ဘတ်ဂျက်ကိစ္စသည် လွှတ်တော်၌ အတည်ပြုဆွေးနွေးရသေးခြင်းမရှိဘဲ လွှတ်တော်ကိုယ်စားလှယ် သိရှိစေရန် ကြိုတင်ဖြန့်ဝေထားသော အတွင်းစည်းဆွေးနွေးချက်သာ ဖြစ်ကာ လာမည့် မတ်လ ၂၃ ရက်တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်၌ အကျေအလည် ဆွေးနွေးရဦးမည်သာဖြစ်ကြောင်း ဦးမြင့်သောင်းက ဆက်လက်ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်များအတွက် လယ်ယာမြေများ ဖော်ထုတ်ရန် ဘတ်ဂျတ်များ ခွဲဝေထားရှိခဲ့ပြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း မဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ်သည် လယ်မြေဧက ၁၅၅၅ ဒဿမ ၂၉ ဧက အတွက် ဘတ်ဂျက်၏ ၄၀ ဒဿမ ၈၁ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူ့၏ လူမှုကွန်ယက် စာမျက်နှာတွင် မတ်လ ၁၇ ရက်က ရေးသားဖော်ပြ ထားသည်။

"သုံးခွမြို့နယ်ဆိုရင် ဧက ၄၀၀ ကျော် ဖော်ထုတ်ဖို့ အစီအစဉ်ရှိတယ်၊ တကယ်လည်းဖော်ထုတ်ရော လယ်သမားတွေက နားလည်မှုလွဲသွားတယ်၊ ဒီလိုအဆင့်မြင့်လယ်ယာတွေဖော်ထုတ်တာကို အစိုးရကပဲ သိမ်းသွားမှာလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ လက်မခံလို့ ဧကတွေ နည်းသွားတာပါ၊ တခြားကိစ္စကြောင့်မဟုတ်ဘူး" ဟု သုံးခွမြို့နယ် မဲဆန္ဒနယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က အစိုးရအဖွဲ့ က တင်သွင်းခဲ့ပြီး ယင်းဥပဒေကြမ်းတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၂၇၈ ဒဿမ ၄၅၇ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required