ဂျာကာတာမှာ အင်ဒိုနီးရှားကို အနိုင်ကစားပြီး အိန္ဒိယနဲ့ပွဲအတွက် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာအသင်း

ဂျာကာတာမှာ အင်ဒိုနီးရှားကို အနိုင်ကစားပြီး အိန္ဒိယနဲ့ပွဲအတွက် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာအသင်း

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာမှာ ကစားခဲ့တဲ့ နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲမှာ မြန်မာအသင်းဟာ အင်ဒိုနီးရှားအသင်းကို ၁-၃ ဂိုးနဲ့အနိုင်ကစားပြီး လာမယ့်အိန္ဒိယနဲ့အာရှဖလားခြေစစ်ပွဲအတွက် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ပွဲထွက်စာရင်းမှာ ဂိုး-သီဟစည်သူ၊ နောက်တန်းမှာ ၀င်းမင်းထွဋ်၊ ဖြိုးကိုကိုသိန်း၊ ဒေးဗစ်ထန်၊ သိန်းသန်းဝင်းတို့ကစားခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ မျိုးကိုထွန်း၊ ရန်အောင်ကျော်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ အောင်သူနဲ့ကျော်ကိုကိုတို့ ကစားခဲ့ပါတယ်။ နည်းပြ ဂတ်ဇီဆီဟာ ဒီပွဲမှာတော့ ကျော်ကိုကို ကိုအထောင်တိုက်စစ်မှူးအဖြစ် ထားကစားခဲ့ပါတယ်။

အင်ဒိုနီးရှားအသင်းကတော့ လူငယ်ကစားသမားအများစုကို ပွဲထုတ်လာတာတွေ့ရပြီး ဆူဇူကီးတုန်းက ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေ မပါ၀င်ခဲ့ကြပါဘူး။ ချစ်ကြည်ရေးခြေစမ်းပွဲဆိုပေမယ့်   နှစ်သင်းစလုံးက ရည်ရွယ်ချက်ကိုယ်စီနဲ့ ပြင်ဆင်ကစားခဲ့ကြတာဖြစ်လို့ ပွဲစကတည်းက ကြိုးစားကစားခဲ့ကြပါတယ်။

မြန်မာအသင်းရဲ့ကစားပုံဟာ ဆူဇူကီးတုန်းကလောက်ကောင်းမွန်ခြင်းမရှိသေးဘဲ ပွဲချိန် ၂၁ မိနစ်မှာ အဖွင့်ဂိုးစတင်ပေးခဲ့ရပါတယ်။ အင်ဒိုနီးရှားတိုက်စစ်မှူး ဟာဒီရန်တိုက ခေါင်းတိုက်ပြီးသွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရတဲ့နောက်မှာတော့ မြန်မာအသင်းဟာ ချေပဂိုးရဖို့ ကြိုးစားကစားခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၃၅ မိနစ်မှာပဲ ချေပဂိုးပြန်ရခဲ့ပါတယ်။ မောင်မောင်လွင်က ဂိုးသမားကိုပါလိမ်ပြီး သွင်းယူသွားတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းမှာ မျိုးကိုထွန်းအစား တင်ဝင်းအောင်ဝင်ရောက်ကစားခဲ့ပါတယ်။ မြန်မာအသင်းမှာ ၀ါရင့်ကစားသမားတွေနဲ့လူငယ်တွေကို တွဲဖက်ထားတာကြောင့် အသင်းက ပုံစံတစ်မျိုးဖြစ်နေခဲ့ပါတယ်။ ကစားပုံအကောင်းကြီးမဟုတ်ပေမယ့် ထိန်းကစားနိုင်တာ တွေ့ရပါတယ်။ ဒုတိယပိုင်း ပွဲချိန် ရ၄ မိနစ်မှာတော့ မြန်မာတိုက်စစ်မှူး ကျော်ကိုကို,ကို ဧရိယာထဲမှာ အင်ဒိုနောက်ခံလူက ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပင်နယ်တီရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကို ကျော်ကိုကိုကပဲ အမှားအယွင်းမရှိကန်သွင်းပြီး ၁-၂ ဂိုးနဲ့ဦးဆောင်ခွင့်ရခဲ့ပါတယ်။

အင်ဒိုတို့ဟာ အိမ်ကွင်းမှာကစားရတာဖြစ်တာကြောင့် သရေရဖို့ကို ဖိကစားလာခဲ့ပါတယ်။ မြန်မာအသင်းကတော့ တိုက်စစ်ဖွင့်ဖို့ထက် ဂိုးမပေးရရေးသာ ဦးစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် မိနစ် ၉၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ကျော်ကိုကို လွတ်ထွက်သွားခဲ့ပြီး ညာတောင်ပံက ချိုးပေးလိုက်တာကို အသင့်လိုက်ပါလာတဲ့ စည်သူအောင်က ဘယ်ခြေနဲ့ဂိုးသမားရဲ့ ဘယ်ဘက်အဝေးထောင့်ထဲ အပြင်းပိတ်သွင်းခဲ့လို့ မြန်မာတို့ တတိယဂိုးရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အင်ဒိုကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပရိသတ်အများစုကတော့ မြန်မာအသင်းရဲ့ကစားပုံကို အားရမှု မရှိခဲ့ကြပါဘူး။ အင်ဒိုက လူငယ်ကစားသမားအများစုကို ပွဲထုတ်ခဲ့တာကြောင့်လည်း မြန်မာအသင်းရဲ့ခြေစွမး်အမှန်ကို ခန့်မှန်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဆူဇူကီးမှာ ဒုတိယရခဲ့တဲ့ အင်ဒိုကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့တာကြောင့် လာမယ့် အိန္ဒိယနဲ့အာရှဖလားခြေစစ်ပွဲ အတွက်တော့ ယုံကြည်မှုရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required