ကရင်တိုင်းရင်းသား ကလယ်ဟဲ နိုင်ငံသားခံယူခွင့်ရရန် ဘောလုံးအဖွဲ့ချုပ်ကူညီမည်

ကရင်တိုင်းရင်းသား ကလယ်ဟဲ နိုင်ငံသားခံယူခွင့်ရရန် ဘောလုံးအဖွဲ့ချုပ်ကူညီမည်
မြန်မာ့လက်ရွေးစင်အသင်းတွင် ကစားရန် စိတ်ဝင်စားနေသည့် ကလဲဟယ်။

ဇူလိုင် ၂၈၊ ရန်ကုန် ။        ။ ရှက်ဖီးယူနိုက်တက် ယူ-၂၁ အသင်းမှ ကရင်လူငယ်ကစားသမား ကလယ်ဟဲ လက်ရွေးစင်အသင်းတွင် ကစားခွင့်ရရန်အတွက် မြန်မာနိုင်ငံသားအဖြစ် ခံယူခွင့်ရရန် ကူညီဆောင်ရွက်ပေးသွားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ကလယ်ဟဲမှာ မြန်မာဘောလုံးပရိသတ်များ၏ စိတ်ဝင်စားမှုကို ရရှိနေသည့် ကစားသမား တစ်ဦးဖြစ်ကာ လက်ရှိတွင် အင်္ဂလန် ပတ်ပို့စ် ကိုင်ဆောင်ထားသူ ဖြစ်ပြီး မြန်မာစကားတတ်ကျွမ်းခြင်းမရှိပေ။ ရှက်ဖီးလူငယ်ကစားသမား ကလယ်ဟဲကို မြန်မာနိုင်ငံသို့ လာရောက်ကစားရန် ကမ်းလှမ်းထားမှုနှင့် ပတ်သက်၍ “ ကျွန်တော်တို့ ဒီကစားသမားဘက်ကို လှမ်းဆက်သွယ်ထားပါတယ်။

သူက သူ့မိဘတွေ၊ အေးဂျင့်တွေနဲ့ တိုင်ပင်ပြီးတော့ ရက်အနည်းငယ်အတွင်း ပြန်အကြောင်းပြန်ပေးမယ် ပြောပါတယ်။ လောလောဆယ်တော့ ညှိနှိုင်းနေဆဲ အဆင့်ပါပဲ။ နိုင်ငံသားခံယူခွင့်ကိုတော့ အစိုးရဘက် သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြပေးသွားမှာပါ။ နိုင်ငံသားအဖြစ်လုပ်ပေးဖို့ကိုတော့ ပြောပါတယ်။ သူသာ လာကစားဖြစ်မယ် ဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့ချုပ်ဘက်က အားလုံး တာဝန်ယူလုပ်ဆောင်ပေးသွားမှာပါ ” ဟု ဦးကိုကိုသိန်းက ပြောသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ကလယ်ဟဲသည် ကရင်မိဘနှစ်ပါးမှ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်းတွင် မွေးဖွားခဲ့ပြီး အသက် ၁၄ နှစ်မှ စတင်ကာ ကျောင်းအသင်း၊ Sunday League အသင်းများတွင်ကစားခဲ့ကာ ၂၀၁၃ တွင်မှ ရှက်ဖီးအသင်းက နှစ်နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး လက်ရှိတွင် အသင်းနှင့် ပရိုဖက်ရှင်နယ်စာချုပ်သစ် ၁ နှစ် ထပ်မံ သက်တမ်းတိုး ချုပ်ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required