ငွေကြေး အရှုပ်တော်ပုံအတွင်း မလေးရှား ၀န်ကြီးချုပ်က လက်ထောက်နှင့် အခြားဝန်ကြီး ၄ ဦးကို အစားထိုးဖယ်ရှား

ငွေကြေး အရှုပ်တော်ပုံအတွင်း မလေးရှား ၀န်ကြီးချုပ်က လက်ထောက်နှင့် အခြားဝန်ကြီး ၄ ဦးကို အစားထိုးဖယ်ရှား

ကွာလာလမ်ပူ၊ ဇူလိုင်-၂၈ ။        ။ ငွေကြေးအရှုပ်တော်ပုံကြောင့် အုတ်အော်သောင်းသင်းဖြစ်နေစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က သူ၏လက်ထောက်အား အစားထိုးခဲ့သည်ဟု ဆိုသည်။

နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ရံပုံငွေနှင့် ပတ်သက်သည့် စွပ်စွဲချက်များအပေါ် မစ္စတာနာဂျစ်၏ ကိုင်တွယ်ပုံကို ၎င်း၏ လက်ထောက်ဖြစ်သူ မူယစ်ဒင် ယက်ဆင်က ဝေဖန်ခဲ့သည်။

၂၀၀၉ခုနှစ်က သူကိုယ်တိုင် ထူထောင်ခဲ့သည့် 1MDB မှ ကန်ဒေါ်လာ သန်း၇၀၀နီးပါးမှာ သူ၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ စီးဆင်းသွားခဲ့သည်ဟူသော စွပ်စွဲချက်များကို မစ္စတာ နာဂျစ်က ငြင်းဆန်ခဲ့ သည်။

အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှုကို ခေါင်းဆောင်နေသည့် ရှေ့နေချုပ် အဗ္ဗဒူ ဂနီ ပါတေးကိုလည်း အစားထိုးဖယ်ရှားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။

Bernama သတင်းအေဂျင်စီက ကိုးကားခဲ့သည့် ကြေညာချက်တွင်မူ ကျန်းမာရေးအရ ဖယ်ရှားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။  

မစ္စတာ မူယစ်ဒင်ကို ထုတ်ပယ်ကြောင်း ရုပ်သံကြေညာချက်တွင်မူ အစိုးရအဖွဲ့တွင် စုပေါင်းတာဝန်ယူမှုသဘောတရားနှင့် ဆန့်ကျင်နေသောကြောင့် သဘောထားကွဲလွဲမှုများကို ပွင့်လင်းသော ဖိုရမ်တစ်ခု တွင် ဖော်ပြလိမ့်မည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် သူ့လက်ထောက်နှင့် ရှေ့နေချုပ်တို့ကို ထုတ်ပယ်ရသည်မှာ ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သော်လည်း ခိုင်မာတောင့်တင်းသည့် အဖွဲ့အနေဖြင့် ရှေ့ဆက်ချီတက်နိုင်ရန် လုပ်ဆောင် ရခြင်းဖြစ်ကြောင်းလည်း မစ္စတာ နာဂျစ်က ပြောကြားခဲ့သည်။

1MDB (1Malaysia Development Berhad)ကမူ ၎င်းအနေဖြင့် မစ္စတာနာဂျစ်ကို ဘယ်တုန်းကမှ ငွေမပေးခဲ့ကြောင်းနှင့် စွပ်စွဲချက်များမှာ အခြေအမြစ်မရှိကြောင်း ပြောကြားသကဲ့သို့ မစ္စတာနာဂျစ်က လည်း ၎င်းမှာ နိုင်ငံရေးလုပ်ကြံမှု၏ ဓားစာခံသက်သက်မျှသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မစ္စတာ မူယစ်ဒင်ကို ပြည်ထဲရေးဝန်ကြီးဟောင်း ဇာဟစ် ဟာမီဒီနှင့် အစားထိုးခဲ့ပြီး အစိုးရအဖွဲ့အပြောင်းအလဲအဖြစ် အခြားဝန်ကြီး၄ဦးကိုလည်း အစားထိုးဖယ်ရှားခဲ့သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required