အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်အဖွဲ့ဝင်များ၏ မဲအရေအတွက် ထက်ဝက်မကျော်တာကြောင့် ဇာတ်ညွှန်းဆု နှင့် အမျိုးသမီး ဇာတ်ပို့ဆု မပါ၀င်ခြင်းဖြစ်

အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်အဖွဲ့ဝင်များ၏ မဲအရေအတွက် ထက်ဝက်မကျော်တာကြောင့် ဇာတ်ညွှန်းဆု နှင့် အမျိုးသမီး ဇာတ်ပို့ဆု မပါ၀င်ခြင်းဖြစ်

၂၀၁၆ ခုနှစ်အတွက် ကျင်းပပြုလုပ်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ဇာတ်ညွှန်းဆု နှင့် အမျိုးသမီး ဇာတ်ပို့ဆု မပါ၀င်ခဲ့သည့် အတွက် လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လျက်ရှိသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် အကောင်းဆုံး ရုပ်ရှင်အသံဆု၊ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု၊ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု၊ ရုပ်ရှင် အထူးဆုတို့ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
 
အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သူ ဦးနှင်းမိုးက “ဇာတ်ညွှန်း နဲ့ သရုပ်ဆောင်ဆိုတာ မူချထားတာတစ်ခုက အဖွဲ့ဝင်တွေရဲ့ ထက်ဝက်ကျော်က ပေးရင်ရမယ် ထက်ဝက်ကျော် မပြည့်ရင်ပေးလို့မရဘူး ဒီမူအရ ဘဘတို့က ထက်ဝက်မကျော်တဲ့ အတွက် မပေးနိုင်တာ အရည်အချင်း မရှိလို့မဟုတ်ဘူး။ မဲနဲ့ဆုံးဖြတ်ရတဲ့အတွက်ကြောင့် အဲ့တာကြောင့် သူတို့ မရလိုက်တာပါ” ဟု ပြောသည်။
 
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု နှင့် ပတ်သက်ပြီး ကန့်သတ်ထားသည့် အချက်များမှာ (၁) မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားရေး အတွက် နှစ်တစ်နှစ်အတွင်း အကောင်းဆုံး ထူးချွန်ဆု ၁၁ဆု အပြင် 
(ထူးခြားသော အနုပညာရှင်၊ အတတ်ပညာရှင် ထွက်ပေါ်လာပါက ပေးရန် ရည်ရွယ်ထားသော) အထူးဆု ပေးရန် ရည်ရွယ်ချက် ရှိသည်။ (၂) ထူးချွန်သူ တစ်ဦးသာလျှင် ပေးပါမည်၊ ပူးတွဲဆု ပေးမည် မဟုတ်ပါ။ (၃) နိုင်ငံခြား ရုပ်ရှင်များကို ကူးယူ မှီးငြမ်း နေသော ရုပ်ရှင်ကားများကို (က) ဇာတ်ကားဆု ၊ (ခ) ဒါရိုက်တာဆု၊ (ဂ) ဇာတ်ညွှန်းဆုများ ပေးမည် မဟုတ်ပါ။ ( အခြားသော သရုပ်ဆောင်ပိုင်း ၊ ဂီတ ၊ ဓာတ်ပုံ၊ တည်းဖြတ်၊ အသံ အစရှိသောဆုများကိုလည်း ပုံတူကူးချ ကြောင်းတွေ့ရှိပါက ဆုပေးမည် မဟုတ်ပါ)။ (၄) ဇာတ်ညွှန်းဆုနှင့် ပတ်သက်၍ ဇာတ်ညွှန်းစာအုပ် မတင်ပြပါက  အကဲဖြတ်ပေးမည် မဟုတ်ပါ။ (၅) နည်းပညာများနှင့် ပတ်သက်၍ နိုင်ငံခြား ပညာရှင်များကို ဆုပေးမည်မဟုတ်ပါ။ (၆) ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုများ နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကား၏ ထုတ်လုပ်သူ နှင့် ဒါရိုက်တာ တို့၏ ယုတ္တိတန်တန် မှန်မှန်ကန်ကန် တင်ပြလာသော ဇာတ်ဆောင်၊ ဇာတ်ပို့ အမည်စာရင်းများကို အတည်ပြုပေးပါမည် ( ရုပ်ရှင်ကား ကြည့်ပြီး ဇာတ်ဆောင် ဇာတ်ပို့ အငြင်းပွားဖွယ် ရှိပါက အကဲဖြတ်အဖွဲ့မှ ညှိနှိုင်း သတ်မှတ်မည် ဖြစ်ပါသည်) ဟု ကန့်သတ်ထားသည်။
 
နောက်နှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဇာတ်ညွှန်းဆု၊ အမျိုးသမီး ဇာတ်ပို့ဆု ပါ၀င်မည် မပါ၀င်မည်ကတော့ ချမှတ်ထားသည့်မူကို  ပြန်လည်သုံးသပ်ရမည် ဖြစ်ကြောင်း ဦးနှင်းမိုးက ထပ်မံပြောပြသည်။
 
“တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ ဒီနှစ်ကတော့ ဒီမူအတိုင်း ချထားတဲ့ အတွက် အဲ့ဒီအတိုင်းပဲ လုပ်ရတယ်။ ကိုယ်တိုင်ပြောင်းလို့မရဘူး အစည်းအဝေးတွေ ထိုင်ရမယ်။ နောက်နှစ် အတွက် မူ တစ်ခုတော့ ပြန်သုံးသပ်ရမှာပေါ့ အဲ့ဒီလိုလုပ်မှ ရမယ်” ဟု ပြောသည်။
 
အကောင်းဆုံး ရုပ်ရှင်အသံဆုကို"မှော်ကျောက်စာ" ရုပ်ရှင်ဇာတ်ကားမှ ဦးကြည်မင်းသိန်း၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို "လူးရတနာသိုက်" ရုပ်ရှင်ဇာတ်ကားမှ ဓီရာမိုရ်၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို "ဧဒင်ရဲ့နတ်သမီး" ရုပ်ရှင်ဇာတ်ကားမှ ဦးဉာဏ်ဝင့်၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို" လူးရတနာသိုက်" ရုပ်ရှင်ဇာတ်ကားမှ မောင်မြင့်၊ အေးမင်း၊ အငယ်လေးတို့က  ရရှိခဲ့ကာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ" ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင် လူမင်း ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို သက်မွန်မြင့်က "ချစ်လှစွာသော အမုန်း" ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ပြီး၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို " အုတ်ကြားမြက်ပေါက်" ရုပ်ရှင်ဇာတ်ကားဖြင့် ထွန်းထွန်း က ရရှိခဲ့ကာ အကောင်းဆုံး ဒါရိုက်တာဆုကို အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားဖြင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်မှ ရရှိခဲ့ပြီး ရုပ်ရှင်အထူးဆုကို "မနောမြေမှ ကျောက်စိမ်းကမ္ဘာ" ရုပ်ရှင်ဇာတ်ကားမှ အသီးသီး ရရှိခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required