မန္တလေး - မိုးမိတ်သွား ကားလမ်းတွင် ပိတ်မိနေသော ခရီးသည်များ အတွက် ကားများ စီစဉ်ပေး

မန္တလေး - မိုးမိတ်သွား ကားလမ်းတွင် ပိတ်မိနေသော ခရီးသည်များ အတွက် ကားများ စီစဉ်ပေး

မန္တလေး၊ ဇူလိုင် ၂၈ ။        ။ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့နယ် အတွင်း မန္တလေး - မိုးမိတ်သွား ကားလမ်း ရေကျော်ပြီး တံတားများ ပျက်စီးခဲ့၍ ပိတ်မိနေသော ခရီးသည်တင်ယာဉ်များနှင့် ခရီး သည်များ ခရီးဆက်နိုင်ရန် အတွက် မန္တလေးတိုင်းဒေသကြီး လမ်းအထူးအဖွဲ့ ၉ က ဇူလိုင် ၂၈ ရက်က စတင်ပြီး   ကားများ စီစဉ်ပေးနေသည်ဟု အဖွဲ့ ၉ ဦးစီးအရာရှိ ဦးဇော်လတ်က မဇ္ဈိမကို ပြောသည်။

ဇူလိုင်  ၂၄ ရက် ညပိုင်းက ရွာသွန်းခဲ့သောမိုး ကြောင့် ကားလမ်းရေကျော်ပြီး တံတားများ ပျက်စီးခဲ့သောကြောင့် ခရီးသည်ယာဉ်များနှင့်ခရီးသည်များ ပိတ်မိနေခြင်းဖြစ်သည်။  

ဦးဇော်လတ် က “ ဟိုဘက်ကမ်းမှာ ပိတ်မိနေတဲ့ခရီးသည်တွေကို ဒီဘက်ကမ်းခေါ်ပြီ ဒီဘက်က ကျွန်တော်တို့ စီစဉ်ထားတဲ့ ကားတွေနဲ့ ဇရပ်ကွင်းနဲ့ လက်ပံလှအထိ ပို့ပေးသွားမယ်။ အဲဒီကနေ လိုရာ ခရီးဆက်သွားလို့ရပါတယ်။ ကားတွေက တံတားမပြီးခင် လမ်းလွှဲကမောင်းသွားလို့ရပါတယ်။ေ ရများရင်တော့ အဆင်မပြေဘူး။ “ဟု ပြောသည်။  

ယင်းကဲ့သို့ မိုးရွာသွန်းမှုကြောင့်  အဆိုပါ လမ်းပိုင်းတွင် တံတား ၆ စင်းပျက်စီးခဲ့ကာ လမ်းအထူး အဖွဲ့ ၉ က  ပြုပြင်ပေးလျက်ရှိပြီး  ဇူလိုင် ၂၈ ရက်အထိ တံတား ၄ စင်းပြုပြင်ဖြစ်ကာ  ကျန်သည့် တံတားနှစ် စင်းပြုပြင်ပြီးပါက ပုံမှန်အတိုင်း ပြန်လည်သွားနိုင်မည်ဖြစ်သည်။

တံတားများ ပြင်ဆင်နေခြင်းနှင့် ပတ်သက်ပြီး ဦးဇော်လတ်က “ အမြန်ဆုံးပြီးအောင် လုပ်နေပေမယ် ကျွန်တော်တို့မှာ ယန္တရား အလုံအလောက်မပါဘူး။ ဒါကြောင့်တစ်စင်းပြီးမှတစ်စင်းလုပ်နေရလို့ အနည်းငယ် ကြာတာပါ “ဆိုသည်။

တံတားများပျက်စီးခဲ့သော ချောင်းများမှာ တွင်းငယ်ကျေးရွာရှိ ရွာထိပ်ချောင်း၊ တောင်လယ်ကျေးရွာရှိ မောင်းကွေးချောင်း၊ ရေညှာဦးကျေးရွာရှိ ရေညှာဦးချောင်း  စသည့်နေရာများဖြစ်ပြီး ကားများနှင့် ခရီးသည်များပိတ်မိခဲ့ခြင်းဖြစ်သည်။

မန္တလေး- မိုးမိတ်ပြေးဆွဲနေသော ကျားခေါင်း ကားအသင်းမှ ယာဉ်မောင်း ကိုကျော်စိုးဦး က “ခါတိုင်းမိုးရာသီလည်း လမ်းကတော့ အခုလို ပိတ်နေကြပါ။ ရက်အကြာကြီး ပိတ်တာမျိုး မရှိခဲ့ဘူး။ တောင် ကျရေလျော့တာနဲ့ သွားလို့ရတယ်။ အခုအကြာကြီးပိတ်မိနေတာက တံတားတွေ မကောင်းလို့ပါ။ တံတားတွေ ကောင်းနေရင် ခရီးသည်တွေလည်း ဒုက္ခမရောက်ဘူး။

ကျွန်တော်တို့လည်း သောက ဖြစ်စရာမလိုဘူး။ ဒီဘက်မှာ ဖြစ်နေတာက တစ်ခုခုဖြစ်မှ လာပြင်တယ်။ ကြိုပြီး ပြင်ဆင်ပေးတာမရှိဘူး။ တံတားတွေဖြတ်ရင် ဘုရားပြီး ဖြတ်နေရတယ် “ဟု ပြောသည်။
 
လမ်းပိတ်မိနေသူတစ်ဦးဖြစ်သည့် မိုးမိတ်မြို့မှ ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးသိန်းတန် က “ အတော် ဒုက္ခရောက်တယ်။ ပ ိုက်ဆံရှိတာတောင် ဘာမှဝယ်စားလို့ မရတဲ့နေရာပါ။ အနီးရွာတွေက လာကျွေး လို့သာအဆင်ပြေတယ်။ကလေးတွေပါတဲ့ခရီးသည်ဆိုရင်တော့သွားပြီ။သဘာဝဘေးဆိုတော့လည်း ဘယ်သူ့အပြစ်တင်လို့ရမှာလဲ။လမ်းတွေတံတားတွေကိုတော့ကောင်းစေချင်တယ်။ “ဟု ပြောသည်။

ယင်းသို့ ပိတ်မိနေသည့် ခရီးသည်နှင့် ယာဉ်များ အတွက် သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့ အနေဖြင့်လည်း လုံခြုံရေးယူပြီး လိုအပ်သည့် အကူအညီများ ပေးခြင်း၊ အစားအသောက် အတွက်ဆောင် ရွက်ပေးခြင်းများ ပြုလုပ်ေပေးနေပြီး အန္တရာယ် မရှိစေရန် စောင့်ရှောက်မှုများ အဓိက လုပ်ဆောင်ပေးနေသည်ဟု  သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင်ဦးက ဆိုသည်။  

သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင် ကလည်း “အချိန်နဲ့တပြေး ညီ ကူညီနေတယ် “ဟု ပြောသည်။

အနီးအနားကျေးရွာများကလည်း ကူညီပေးကြပြီး ထမင်းဟင်း ဝေပေးခြင်း၊ အသက်ကြီးသူများနှင့် အမျိုးသမီးများ၊ ကလေးများကို ရွာတွင်ခေါ်ယူထားခြင်း တို့ကိုဆောင်ရွက်ပေး သည်ဟုလည်းရေညှာ ဦး ကျေးရွာဒေသခံ ဦးမြင့်ဦးက ဆိုသည်။

တွင်းငယ်ကျေးရွာမှ ရွာဦးကျောင်းဆရာတော်ကလည်း “ အခုလို လမ်းတွေပိတ်တော့ ဘုန်းကြီးတို့လည်း မနေနိုင်ဘူး။ ထွက်ပြီးကူညီရတာပဲ။ “ ဟုမိန့်ကြားသည်။
 
ပိတ်မိနေသောကားများမှာ မန္တလေး - မိုးမိတ်ပြေးဆွဲနေသော လိုင်းကားများနှင့် မန္တလေး၊ တွင်းငယ်၊ တကောင်း၊ တောင်လယ်၊ ကျောက်ဖျာ တို့သို့ ပြေးဆွဲနေသောယာဉ်လိုင်းများဖြစ်သည်။
 
ဇူလိုင်  ၂၉ ရက်တွင် တံတားများအားလုံးပြုပြင် ပြီးစီးမည် ဖြစ်သောကြောင့် ယာဉ်လိုင်းများအနေဖြင့် ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲသွားနိုင်မည်ဖြစ်သည်ဟုလည်း လမ်းအထူးဖွဲ့ ၉ မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly