မန္တလေးတွင် သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်ထိန်းရဲအင်အား ၄၀၀ကျော်ထိ တိုးမြှင့်သုံးမည်

မန္တလေးတွင် သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်ထိန်းရဲအင်အား ၄၀၀ကျော်ထိ တိုးမြှင့်သုံးမည်

မန္တလေး၊ မတ် ၂၀ ။              ။ သင်္ကြန်ကာလ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်(၂၈)မြို့နယ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား(၄၀၀)ကျော် အသုံးပြုသွားမည်ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရသည်။

မန္တလေးမြို့တွင် ယခင်နှစ်က ကျံုးပတ်လည်၌ အဓိက စည်းကားခဲ့သော်လည်း ယခုနှစ်တွင်မူ မန္တလေးကျံုးပတ်လည်သာမက ကန်တော်ကြီး၊ တောင်သမန်၊ မနော်ရမ္မံကွင်း စသည့် နေရာများအပါအဝင် မြို့နယ်များတွင် မဏ္ဍပ်များ ခွင့်ပြုချထားပေးမည်ဖြစ်ရာ ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ယခုနှစ်တွင် အင်အားတိုးမြှင့် ချထားပေးမည်ဖြစ်ရာ ပူးပေါင်းအဖွဲ့များဖြင့် လုံခြံုရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

''ဒီနှစ် သင်္ကြန်ကာလ ပြည်သူတွေ ပျော်ရွှင်ပြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား(၄၀၀) အသုံးပြုသွားမှာပါ။ ပြည်သူအားလုံး စည်းကမ်းလိုက်နာပြီး လည်ပတ်စေချင်ပါတယ်'' ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

မော်တော်ကား၊ မော်တော်ဆိုင်ကယ်များကို အသံဆူညံအောင် အိတ်ဇောဖောက်၍ စီးနင်းခြင်း မပြုလုပ်ရန်။ ဆိုင်ကယ်စီးချိန် ဦးထုပ်ဆောင်းရန် နှင့် မေးသိုင်းကြိုးတပ်ရန်၊ နှစ်ဦးထက် ပိုမစီးရန်၊ မျက်နှာဖုံးစွပ်ခြင်း၊ ပါးစပ်စည်းခြင်းများ ပြုလုပ်မောင်းနှင်ခြင်း မပြုလုပ်ရန်၊ တယ်လီဖုန်းပြောကာ ယာဉ်မောင်းခြင်းမပြုရန်၊ ကြံ့ခိုင်ခြင်းမရှိသည့် မော်တော်ယာဉ်များ မောင်းနှင်ခြင်းမပြုရန်၊ နံပါတ်ပြားမတပ်ဆင်ဘဲ မောင်းနှင်ခြင်းမပြုရန် စသည့် ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းများအား သင်္ကြန်မတိုင်မီ ကြေညာချက်ထုတ်ပြန်ပေးသွာမည်ဖြစ်သည်။

''မော်တော်ယာဉ်ကို အသံဆူညံအောင် ပြုလုပ် မောင်းနှင်ခြင်းတွေကို အရေးယူဖို့ မော်တော်ယာဉ်ဥပဒေမှာ ဖော်ပြထားပြီးသားပါ။ ကာလအပိုင်းအခြားမရှိပါဘူး။ နေရာဒေသ၊ ကာလမရွေး ဖမ်းဆီးအရေးယူနိုင်ပါတယ်။ အိတ်ဇောဖောက်တာက သင်္ကြန်ကာလမှ ပြုလုပ်တာများတော့ အဲလိုတွေ မပြုလုပ်ဖို့ သင်္ကြန်အကြို အသိပညာပေးတာတွေလုပ်နေပါတယ်။ ဧပြီ(၁)ရက်က စတင်ပြီး အရေးယူတဲ့အပိုင်းတွေ လုပ်သွားမှာပါ'' ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

မန္တလေးသင်္ကြန်ကာလအတွင်း (၂၀၁၆)ခုနှစ်က ယာဉ်တိုက်မှုပေါင်း (၄၅)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ (၆၃)ဦး၊ သေဆုံးသူ (၁၅)ဦးရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၁၅၅၀၀၀၀) ဆုံးရှုံးခဲ့သည်။

သင်္ကြန်ကာလအတွင်း မန္တလေးကျံုးပတ်လည်တွင် (၆၆)လမ်း မှ (၁၂)လမ်းထိ တစ်လမ်းမောင်း၊ (၁၂)လမ်း မှ (၈၀)လမ်းထိ တစ်လမ်းမောင်းစနစ်၊ (၈၀)လမ်း မှ (၂၆)လမ်းထိ တစ်လမ်းမောင်းစနစ်၊ (၂၆)လမ်း မှ (၇၈)လမ်းထိ တစ်လမ်းမောင်းစနစ်ကို သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly