အစိုးရ တစ်နှစ် သက်တမ်းအတွင်း ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ အားနည်းချက်တွေက ဘာတွေလဲ (အပိုင်း ၁)

20 March 2017
အစိုးရ တစ်နှစ် သက်တမ်းအတွင်း ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ အားနည်းချက်တွေက ဘာတွေလဲ (အပိုင်း ၁)

မင်္ဂလာပါ။ Mizzima Dialouge TV Show အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ အစိုးရ တစ်နှစ်ပြည့်အခြေအနေမှာ ဘာတွေများ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီးပြီလဲ ဘာတွေများ လိုအပ်ချက် ရှိနေသေးလဲဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော် ဒီနေ့ ဖိတ်ခေါ်ထားတဲ့သူတွေကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ ဒေါ်သဥ္ဇာရွှန်းလဲ့ရည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးကျော်ဇေယျ နဲ့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

ကျွန်တော် ပထမဦးဆုံး ဆရာဦးအောင်မျိုးမင်းကို မေးပါရစေခင်ဗျာ။ ကျွန်တော်တို့ ဒီအစိုးရက ပြည်သူရဲ့ဆန္ဒနဲ့ တက်လာတဲ့ အစိုးရလို့ ဆိုကြပါစို့နော်။ အဲတော့ စပြီးတော့မှ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ လာတယ်ပေါ့လေ။ ဆိုတော့ ဘာတွေများ ပြောင်းလဲပြီးပြီလဲ။ ဘာတွေများ လိုအပ်ချက်တွေ ရှိနေသေးလဲ။ ဘာတွေများ ပြန်ပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင်ပေါ့။ ပြီးခဲ့တဲ့တစ်နှစ်မှာပေ့ါ။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ ညီမျှခြင်းမြန်မာ)

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ အစိုးရက ပြောင်းလဲဖို့အတွက် ကြိုးစားတာတော့ ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ ငြင်းလို့မရပါဘူး။ အထူးသဖြင့် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီးတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူးဆိုပြီး လုပ်ဆောင်တာတွေ နောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ ရလဒ်တွေ ဖော်ဆောင်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် အရင်ကထက် အားသွန်ခွန်စိုက် လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဒါကတော့ တစ်ဖက်ကနေပြီးတော့ ကျွန်တော် ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်က သိတဲ့အတိုင်းပဲ နှစ်ပေါင်းများစွာ တားဆီးမှုတွေ ပိတ်ပင်မှုတွေ ရှိနေတဲ့အချိန်မှာ ပြောင်းလဲချိန်တန်ပြီးတော့ ပြောင်းလဲဖို့အတွက် ကြိုးစားသည့်တန်အောင် ပြောင်းလဲမှုရဲ့ အသီးပွင့်ကို ကျွန်တော်တို့ မခံစားရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်နိုင်တဲ့အနေအထားက နည်းနည်း ပြောင်းရမယ့်ဟာက များများ၊ အဲဒါမျိုးတွေ ဖြစ်နေတဲ့အတွက် ပြောင်းလဲချင်သည့်တိုင်အောင် ပြောင်းလဲဖို့အတွက် အခက်အခဲတွေက အများကြီးရှိနေတယ်။ ဒါပေမယ့် ပြောချင်တာက အရင်တုန်းက လွှတ်တော်တို့ အစိုးရနဲ့ပတ်သက်ပြီးတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ နေရာမျိုးတွေမှာ အရင်တုန်းကထက်စာလို့ရှိရင်တော့ လမ်းတွေပွင့်လာတာတွေ ရှိပါတယ်။ ပြည်သူတွေရဲ့အသံကို ကျွန်တော်တို့ နားထောင်နေလျက် ရှိပါတယ်။ အရင်တုန်းကလို တာဝန်ရှိတဲ့လူတွေက လာဘ်စားမှုတွေ ဘာတွေရှိခဲ့တယ်ဆိုတဲ့ အသံတွေ အများကြီး ရှိခဲ့ဖူးတယ်။ အခုနောက်ပိုင်းမှာ လာဘ်စားမှုနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ အများကြီးရှိလာတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် စစချင်းမှာ လူတိုင်းက မျှော်လင့်ချက်တွေ အများကြီး ကြီးပါတယ်။ အဲဒီ မျှော်လင့်ချက်ကြီးတဲ့ တော်တော်များများကိုတော့ ဖော်ဆောင်နိုင်ဖို့အတွက်တော့ အခက်အခဲ အများကြီးရှိတယ်။ ပြောင်းလဲနိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိတဲ့ ကန့်သတ်ချက်တွေ များပြားလှသော ပြောင်းလဲစရာ လုပ်ငန်းတွေကို ရနိုင်တဲ့ အင်အားစုနဲ့ လုပ်တဲ့အခါမှာ အခက်အခဲ အများစု ရှိနေတာတွေ ပြည်သူလူထုရဲ့ မျှော်လင့်ချက်အားလုံးဟာ အကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက်တော့ အခက်အခဲ အများကြီး ရှိနေတယ်လို့ ယူဆပါတယ်။

ဦးမျိုးသန့် (Mizzima Media)

အဲတော့ ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ပြောင်းလဲဖို့က တချို့နေရာတွေမှာ အခက်အခဲရှိနေတဲ့ဟာမျိုးပေါ့။ အဲတော့ ကျွန်တော်တို့က ပြန်ကြည့်မယ်ဆိုလို့ရှိရင် လွှတ်တော်ပိုင်းအနေနဲ့ကရော အစိုးရပဲဖြစ်ဖြစ် အစိုးရ ပြုပြင်ပြောင်းလဲဖို့ကို ကျွန်တော်တို့က တစ်စုံတစ်ရာ အထောက်အပ့ံပေးနိုင်မယ့် ကိစ္စတွေကို ဘယ်လိုများ လုပ်နိုင်မလဲခင်ဗျာ။

ဦးကျော်ဇေယျ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ဘယ်လိုများလုပ်နိုင်မလဲဆိုတော့ ကျွန်တော်တို့က ခုနက ဆရာ ဦးအောင်မျိုးမင်း ပြောသလိုပေါ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားစုကြီးကတော့ တော်တော်လေးကို ကြီးကျယ်တာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ ပြောင်းလဲခဲ့တာတွေက အစိုးရအဖွဲ့က စတင်ပြောင်းလဲတာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အုပ်ချုပ်မှုဥပဒေ ဘယ်လိုပဲ ဘက်ပေါင်းစုံ ပြည့်စုံအောင် ရေးဆွဲထားသော်လည်း ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ပေါ်လွင်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ ဥပဒေကို ရေးဆွဲနိုင်ခဲ့တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း ရေးဆွဲနိုင်ခဲ့တယ်။ ဒါတွေကတော့ သိသာတဲ့ ပြောင်းလဲမှုပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ကျွန်တော်တို့ ပြန်ပြီးတော့ ဖွဲ့စည်းနိုင်ခဲ့တယ်ပေါ့နော်။ နောက်ဆုံး သိသိသာသာ ပြောင်းလဲတာကတော့ ဘယ်တော့မှ အရင်တုန်းက နည်းနည်းလေး အားနည်းခဲ့တဲ့ မူးယစ်ဆေးဝါးလိုဟာမျိုးတွေ သစ်တောနဲ့ပတ်သက်တဲ့ ဟာမျိုးတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနိုင်ခဲ့တာတွေကတော့ ထင်ရှားတယ်လို့ ပြောချင်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

အဲတော့ ဆရာဦးကျော်ဇေယျတော့ ပြောသွားတယ်။ ပြုပြင်ပြောင်းလဲဖို့ ပြောင်းလဲနေပြီလို့တော့ ပြောတယ်ပေါ့နော်။ ဦးအောင်မျိုးမင်းကလည်း ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ်။ ဒီ ပြောင်းလဲမှုအသီးအပွင့်ကို လူငယ်တွေအနေနဲ့ရော ခံစားနေရပြီလား။

မသဥ္ဇာရွှန်းလဲ့ရည် (နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦး)

အခုက တစ်နှစ်ပြည့်ပေါ့။ တစ်နှစ်ပြည့်ပြီဆိုတဲ့အချိန်မှာ လူငယ်တစ်ယောက်အနေနဲ့ စစချင်း အစိုးရတက်ကတည်းက မျှော်လင့်ချက် အများကြီးမထားဖို့ရယ် နောက်တစ်ခုက ကိုယ်ကရော ဘာတွေ ပါဝင်ကူညီပေးနိုင်မလဲဆိုတဲ့ဟာမျိုးနဲ့ သွားခဲ့တာပေါ့နော်။ အဲလိုမျိုး ခံယူချက်နဲ့တော့ ကျွန်မတို့ သွာတယ်။ အခု အစိုးရသစ် တစ်နှစ်ပြည့်တဲ့အချိန်မှာ ပြန်ပြီးတော့ သုံးသပ်ကြည့်လိုက်လို့ရှိရင် ကျွန်မတို့ လိုချင်ခဲ့တဲ့ လူငယ်တစ်ယောက်အနေနဲ့ လူငယ်အစုအဖွဲ့တွေအနေနဲ့ တိုက်တွန်းနှိုးဆော်ခဲ့တဲ့ အကြောင်းအရာတွေဆိုရင် ဒီ အစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ ချိတ်ဆက်လွယ်ကူခဲ့တာတွေ ရှိတယ်။ ကိုယ်တွေဖြစ်စေချင်တဲ့ အကြောင်းအရာတွေ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် လူငယ်ရဲ့ မူဝါဒရေးရာ ကိစ္စတွေပေ့ါနော်။ ဒါဆိုရင် ကျွန်မတို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ကြိုးစားနေခဲ့ပေမယ့် အခက်အခဲတွေရှိတယ်၊ မယုံကြည်မှုတွေရှိတယ်။ အခုအစိုးရသစ်လက်ထက်မှာ ပြန်ပြီးတော့ ချည်းကပ်တဲ့အခါမှာ အစိုးရဘက်က ကောင်းမွန်တဲ့ တုန့်ပြန်ချက်တွေပေါ့နော်။ အဲဒါကတော့ လူငယ်တွေရဲ့ စိတ်ခံစားချက်နဲ့ ဦးဆောင်မှုကို လက်ခံတဲ့ ဥပဒေ မူဝါဒ ဖြစ်ဖို့အတွက် ဖြစ်စဉ် တည်တဲ့အခါမှာ သဘောတူလက်ခံတာမျိုးတွေရှိတယ်။ ဒါတွေကတော့ ပြောရမယ်ဆိုရင် အရင်အစိုးရထက်စာရင် အများကြီး တိုးတက်လာတယ်။ ပြုပြင်မှုတွေရှိလာတယ်။ ချည်းကပ်ရတာလည်း ပိုပြီးတော့ လွယ်ကူလာတယ်လို့ ခံစားရတယ်။ တစ်ချိန်တည်းမှာပဲ လိုအပ်ချက်တွေကလည်း အများကြီး ရှိနေသေးတယ်ပေါ့နော်။ လိုအပ်ချက်တွေဆိုတဲ့အခါ လူငယ်တွေအပေါ်မှာ ဒီအစိုးရသစ်တစ်ရပ်က အကောင်အထည်ဖော်ပြီး ဒီလိုမျိုး လူငယ်ရေးရာမူဝါဒ ကြိုးစားနေပေမယ့် လူငယ်တွေရဲ့ အရေးပါမှုနဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုမှုတွေက အစိုးရသစ်အဖွဲ့ဝင် တစ်ယောက်ချင်းစီရဲ့ ခံယူချက်တိုင်းကတော့ ဘာမှ ကွဲပြားမှုမရှိသေးဘူးလို့တော့ မြင်ရတယ်။ တစ်ဦးတစ်ယောက်တစ်လေကတော့ ပြောင်းလဲနိုင်တယ်။ ဒါပေမယ့် အားလုံခြံုကြည့်ရင်တော့ လူတွေတွေအပေါ်မှာ ခံယူချက်က ကျွန်မတို့ရဲ့ မျိုးဆက်တွေက သူတို့ရဲ့ ရပ်တည်ချက်တွေကတော့ တစ်ပုံစံတည်းပဲ။ ဒါပေမယ့် ကျွန်မတို့ အများကြီး ဆက်ကြိုးစားရဦးမယ်လို့လည်း မြင်တယ်။ လူငယ်တွေက အသီးအပွင့်ကို ခံစားရသလားဆိုတော့ မခံစားရသေးဘူး။ ကြိုးစားနေတုန်းလို့ ကျွန်မတို့ ခံယူတဲ့အချိန်မှာ အားနည်းချက်တွေလည်း အများကြီးရှိတယ်။ အစိုးရသစ်မှာ အဓိက ဘာတွေ့လဲဆိုတော့ စီမံခန့်ခွဲမှုအပိုင်းနဲ့ ဦးဆောင်မှုအပိုင်းမှာ အားနည်းတယ်။ အားနည်းတာကိုလည်း ကျွန်မတို့ တစ်ဖက်က ကြည့်လိုက်တဲ့အချိန်မှာ ပြည်သူ့အစိုးရပေါ့နော်။ ပြည်သူက ရွေးကော်တင်မြောက်လိုက်တဲ့ အစိုးရသစ်အနေနဲ့ အုပ်ချုပ်မှုအပိုင်းတွေမှာ သူတို့ ထင်သလောက် နေရာမရနေဘူး။ တကယ်လည်း အုပ်ချုပ်မှုအပိုင်းတွေမှာ ဝင်ရောက်လို့ မရတာတွေပေါ့ ဒါတွေကိုလည်း ကျွန်မတို့ မြင်ရတဲ့အခါမှာ လက်ရှိအခြေအနေကတော့ ကြိုးစားနေဆဲမှာ လူငယ်တွေအနေနဲ့ကတော့ အားမလိုအားမရတာတွေလည်း ရှိတယ်။ သဘောကျတာတွေလည်းရှိတယ်။ အဲလိုပဲ သုံးသပ်ရမယ်လို့ ထင်ပါတယ်။

ဦးမျိုးသန့် (Mizzima Media)

အဲတော့ ကျွန်တော်တို့ ပြန်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် အားမလိုအားမရ ဖြစ်တာအပြင် ကျွန်တော်တို့က မျှော်လင့်ချက်တွေ တပုံတပင်ကြီး ထားခဲ့တာကို။ ထားခဲ့ပြီးတော့မှ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတယ်။ အဲတော့ မျှော်လင့်ချက်က မပြည့်မှီဘူး။ ဒါမှမဟုတ် မျှော်လင့်သလို ဖြစ်မလာတာတွေလည်း ရှိတာပေါ့။ အဲတော့ ကျွန်တော်တို့က အစိုးရ တာဝန်ရှိသူတွေကို ပြန်ပြီးတော့ ပြောရမယ်ဆိုရင် ဘယ်ကိစ္စကို ဘယ်လိုလုပ်သင့်တယ် ညာကိစ္စကတော့ ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အသံတွေကို သူတို့ကို ပေးနိုင်ရဲ့လား။ သူတို့ကရော Absorb လုပ်ရဲ့လား ခင်ဗျာ။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ ညီမျှခြင်းမြန်မာ)

တတ်နိုင်သလောက် လုပ်ပေးသလို တတ်နိုင်သရွေ့ အရင်ကထက်လည်း ရောက်အောင် ပို့ပေးနေပါတယ်။ အရင်ကထက် ကျွန်တော်တို့ လွှတ်တော်နဲ့ နီးစပ်မှုတွေရှိလာတယ်။ နောက်ပြီးတော့ သတင်းမီဒီယာတွေက လွပ်လပ်ခွင့်တွေ ရှိလာတဲ့အတွက် ကျွန်တော်တို့အသံတွေက သတင်းမီဒီယာတွေကနေတစ်ဆင့် သူတို့ဆီကို ပို့နိုင်တယ်။ နောက်တစ်ခုကတော့ ပြည်သူ့ကိုယ်စားလှယ်တွေ ဒီရွေးကောက်ပွဲ တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့က ထိတွေ့မှုက ပိုများလာတယ်။ ဒါက တစ်ပိုင်းပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့က တွေ့လာတဲ့အပိုင်းတစ်ခုကို ကျေနပ်ရုံမကဘဲနဲ့ တွေ့လာတဲ့အပေါ်ကို ဘယ်လောက်ထိ အကောင်အထည်ပေါ်လဲဆိုတဲ့ အကြောင်းအရာကလည်း အရေးကြီးတယ်ခင်ဗျာ။ နားထောင်တယ်ဆိုတာက ကြားနာမှုတစ်ခုတည်းနဲ့ ပြီးမှာမဟုတ်ဘူး။ ကြားနာမှုကနေဖြစ်လာတဲ့ ပြည်သူတွေရဲ့ တင်ပြချက်တွေ ပြည်သူတွေကနေ အကြံပြုချက်တွေ ပြည်သူတွေရဲ့ နစ်နာတဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုတဲ့အချက်တွေက တကယ် အစိုးရရဲ့ ပေါ်လစီမှာ ပါဖို့အပိုင်းကတော့ နည်းနည်းအခက်အခဲရှိတယ်။ အခုချိန်ထိ အချို့သောအရာတွေကို ဦးစားပေးနေရတဲ့အတွက်ကြောင့် အချို့သောအရာတွေကို လက်ရှိ မဆွေးနွေးပါနဲ့ဆိုတဲ့ ကန့်သတ်ချက်တွေက လူတိုင်းရင်ထဲမှာ ရှိနေတယ်။ ကန့်သတ်ခံထားနေရတယ်လို့လည်း ကျွန်တော်တို့ ခံစားနေရတယ်။ ဒါက တစ်ခုပေါ့နော်။ နောက်ထပ်တစ်ခုက ကျွန်တော်တို့က ဒီလိုမျိုး အကောင်အထည်ဖော်လာတဲ့အချိန်မှာ ဒီဥပဒေတွေကို ကျွန်တော်ပြောချင်တယ်။ ဥပဒေက တရားဥပဒေဆိုးမိုးရေးကို အရင်တုန်းကလည်း ပြောနေကြတယ် အခုလက်ရှိအစိုးရမှာလည်း ပြောနေကြတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးရေး မရှိဘူးဆိုတာ သိပေမယ့် တရားဥပဒေစိုးမိုးအောင် အကောင်အထည်ဖော်မယ့်နေရာမှာတော့ ထားဆဲခင်ဗျာ။ အထူးသဖြင့် ကျွန်တော်တို့ တရားစီရင်ရေးအပိုင်းကို အခုချိန်ထိ ကျွန်တော်တို့ သေသေချာချာ ထိထိရောက်ရောက် မပြောင်းနိုင်သေးဘူး။ နောက်တစ်ခုက တရားဥပဒေရရှိရေး စစ်ပွဲတွေမှာ ပိုဆိုးလာတာတွေကို တွေ့ရတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေ အကြမ်းဖက်မှုအပိုင်းမှာ ထိထိရောက်ရောက် မကာကွယ်နိုင်တာကို တွေ့ရတယ်။ နောက်တစ်ခု အများစိတ်ဝင်စားနေတဲ့ ဦးကိုနီလိုလူမျိုးတွေ နေ့ခင်းကြောင်တောင်မှာ သတ်ဖြတ်ခံ လုပ်ကြံခံရတဲ့အရာကို တရားဥပဒေက အကောင်အထည်မဖော်နိုင်သေးဘူး။ အဲတော့ ကျွန်တော်တို့တွေမှာ တစ်ဖက်ကတော့ တင်ပြနေတယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့အတွက်က အခက်အခဲ ရှိနေတုန်းပါပဲ။

ဦးမျိုးသန့် (Mizzima Media)

ကျွန်တော်တို့မှာ ပြန်ကြည့်လို့ရှိရင် ခုနကပြောတဲ့ အခက်အခဲတွေရှိခဲ့တယ်။ နောက် လူ့အခွင့်အရေးရှုထောင့် ဒါမှမဟုတ်လို့ရှိရင် တရားဥပဒေ စိုးမိုးရေးရှုထောင့်ကနေ ပြန်ကြည့်လိုရှိရင်လည်း အခက်အခဲတေါ အများကြီး ရှိနေတယ်ပေါ့နော်။ အဲတော့ လွွှတ်တော်ကတော့ ပြည်သူ့ဆန္ဒကို ဒီလိုရှိတယ်ဆိုတဲ့နေရာကို ဖော်ပြနေတဲ့ နေရာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အခန်းကဏ္ဍကရော ဒီနေရာကို ဒီကွက်လပ်ကို ပိုပြီတော့မှ ထိရောက်အောင် ဒါမှမဟုတ်ရင် အစိုးရနဲ့ လွှတ်တော်ပေါ့နော် Check and Balence လုပ်ဖို့ ဘယ်လောက်ထိ အတိုင်းအတာထိ လုပ်နိုင်ခဲပြီလဲ။ ဒီ ပြီးခဲ့တဲ့ တစ်နှစ်မှာပေါ့။

ဦးကျော်ဇေယျ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

အဲဒီမေးခွန်းကို ကျွန်တော် ဖြေချင်ပါတယ်။ ခုနက သမီးလေးလည်းပြေားသွားတယ် လူငယ်တို့ အမြင်ရှုထောင့်ကနေ ကျွန်တော်တို့် လက်ရှိအစိုးရ တစ်နှစ်အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့နေရာမှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတဲ့ဟာကို နည်းနည်းလေး ပြန်ပြောချင်တယ်။ ကျွန်တော်တို့ကို တာဝန်ပေးလိုက်တဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီး ပွင့်ပွင့်လင်းလင်းပြောရရင် မှန်ပါတယ်။ အလုပ်သင်ရင်းနဲ့ အုပ်ချုပ်မှုပညာကို လေ့လာနေရတဲ့သူတွေ ဒီရာထူး တာဝန်တွေ ဖြစ်နေတယ်ပေါ့နော်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အတွက် အစိုးရနဲ့ ကျွန်တော်တို့တွေက Check and Balance လုပ်ဖို့က လုပ်ပါတယ် ကျွန်တော်တို့ လုပ်တယ် ဒါပေမယ့် လူငယ်တွေက မျှော်လင့်ချက်တွေ အများကြီးရှိတယ်ပေါ့။ လူငယ်တင်မကပါဘူး   ပြည်သူလူထုကပါ အများကြီး မျှော်လင့်ခဲ့တယ်။ သို့သော်လည်းပဲ တာဝန်ရှိတဲ့သူတွေအနေနဲ့က လုပ်ကိုင်တဲ့နေရာမှာ ပြည်သူလူထုကတော့   ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့   မျှော်လင့်ကြီးခဲ့တယ်။ ကျွန်တော်ဆို Facebook မှာလည်း တင်ပါတယ်။ ကျွန်တော်တို့အစိုးရကတော့ ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့ ဆင်နဲ့ကျား မမိရင်တောင် ကြောင်နဲ့ကြွက် မိရင်တော့ တော်သေးတယ်လို့။ အခုတော့ ဆင်ဖမ်းမယ်ကျားဖမ်းမယ် ဟစ်ကြွေးပြီးတော့ လက်ရှိအနေအထားမှာ တစ်နှစ်ပြည့်တော့မယ် ကြောင်နဲ့ကြွက် ဖမ်းမိတာမျိုးတောင် မရှိသေးဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်တို့ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဆိုတင်ပါတယ်။ အဆိုတင်ပေမယ့်လည်း အဲဒီအဆိုတွေကို အကောင်အထည်ဖော်တဲ့အခါမှာ အစိုးရအနေနဲ့က အုပ်ချုပ်မှုပညာရပ် အားနည်းတဲ့အတွက်ကြောင့် အစိုးရအဖွဲ့အစည်းအနေနဲ့က အကောင်အထည်ဖော်မှုက နည်းတယ်ပေါ။ အခု ကျွန်တော် ရန်ကုန်တိုင်းဒေသကြီး အဆင့်အနေနဲ့ပဲ ပြောမယ်ပေါ့နော်။ ပြောမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးဆိုတာကလည်း  နိုင်ငံရဲ့ အရေးပါတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်တယ်။ စီးပွားရေးအရလည်း အချက်အချာ ကျတယ်ပေါ့။ ကျွန်တော်တို့ YBS ကိစ္စ အကောင်အထည်ဖော်တယ်။ ကျွန်တော်တို့ လွှတ်တော်ကို အသိပေးမှု အားနည်းတယ်။ တစ်ပတ်လောက်ပဲ ကြိုပြောတယ်။ ကြိုပြောတော့ ကျွန်တော်ကပဲ ထပြောတယ် ကျွန်တော်တို့ လွှတ်တော်ကို အသိပေးတာလား၊ ကျွန်တော်တို့ လွှတ်တေ်ာကိုယ်စားလှယ်ကို အကြံတောင်းတာလား လွှတ်တော်အတွင်း အစညး်အဝေး တရားဝင်ကျင်းပတဲ့ရက်မှာ ဒါကို တင်ပြမှာလားလို့တောင် ဒါ စီမံကိန်းဥပဒေလေ။ စီမံကိန်းဥပဒေဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေ သုံးသပ်ပြီးတော့မှ လုပ်ရမယ့်ဟာတစ်ခုပါ။ ဒီနှစ်ပဲကြည့် သင်္ကြန်ပိတ်ရက် ကြိုပြီးတော့ပြောခဲ့ရင်တော့ ကောင်းတာပေ့ါ။ ကျွန်တော်တို့ဆိုရင် Plan ချပြီးပြီပေါ့။ ရုံးပိတ်ရက်ကို။ ဘယ်လိုလုပ်မယ် ဘယ်လိုလုပ်မယ်ပေါ့။ ချက်ချင်းကြီး ၅ ရက် လျော့ပစ်လိုက်တယ်။ ဟာ ဘယ်လိုဖြစ်တာလဲပေါ့။ အဲဒါလေးတွေက ဒါတွေက ပြည်သူအနေနဲ့က တစ်မျိုးကြီးပေါ့။ ကျွန်တော်ဆိုရင် ပြန်ပြီးတော့ စဉ်းစားကြည့်တယ်။ ကြားဖြတ်ရွေးကောက်ပွဲကြီးကာလမှ အများကြီးပဲ ရောင်ပြန်ဟပ်တယ်ပေါ့နော်။ ပြည်သူတွေကို ရောင်ပြန်ဟပ်နိုင်တယ်ဆိုပြီးတော့ ကျွန်တော်လည်း အားမရပါဘူး။ အနှစ်ချုပ်အားဖြင့်တော့ ကျွန်တော်တို့ Check and Balance လုပ်နိုင်တဲ့အပေါ်မှာ ကြိုးစားမှုက တော်တော်လည်း အားနည်းပါတယ်လို့ ကျွန်တော် ဝန်ခံပြီးတော့ ပြောကြားပါရစေ။

ဦးမျိုးသန့် (Mizzima Media)

အဲတော့ လွှတ်တော်နဲ့ အစိုးရကြားတောင်မှာမှ အပြန်အလှန်ထောက်ပြမှု အားနည်းတယ်လို့ ဦးကျော်ဇေယျက ထောက်ပြခဲ့တယ်။ လူငယ်တွေအနေနဲ့ရော အစိုးရကို လူူငယ်တွေအသံကို ထင်ဟပ်စေတဲ့ လူငယ်တွေလိုလားတဲ့ ဒါမှမဟုတ်ရင် ဖြစ်စေချင်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ ပြောင်းလဲဖို့ ဒီအပြောင်းအလဲကို ကျွန်တော်တို့ တွန်းအားပေးနိုင်မယ့် အသံတွေကိုပေါ့ တကယ် ရောက်အောင် ပို့နိုင်ခဲ့လား။

မသဥ္ဇာရွှန်းလဲ့ရည် (နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦး)

လူငယ်တွေကတော့ ပြောရမယ်ဆိုရင် အစိုးရသစ် တက်ကတည်းက ချိတ်ဆက်မှုကတော့ လုပ်ခဲ့တယ်။ လူငယ်ရေးရာ ဝန်ကြီးဌာနဆိုပြီးတော့ မရှိဘူး။ ဝန်ကြီးဌာန မရှိတဲ့အခါကျတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အဓိကတာဝန်ယူမယ့် လူကယ်ပြန်ကိုပဲ အနီးကပ်ကိုပဲ ကျွန်မတို့ ချည်းကပ်ပြီးတဲ့အခါမှာ တစ်ပွဲထိုးပုံစံမျိုးဆိုတာထက် ပုံမှန် Channel ပေ့ါနော်။ လူငယ်တွေရဲ့အသံကို ပုံမှန်ထည့်သွင်းပြီးတော့ အစိုးရနဲ့ အမြဲတမ်း ချိတ်ဆက်မှုရတဲ့ Channel ပုံစံမျိုး ပေါ်အောင်ဖော်တာပေါ့နော်။ အဲလိုမျိုး ပုံစံမျိုးတွေနဲ့ လုပ်ဆောင်ခဲ့တာတွေကလည်း ရှိခဲ့ပါတယ်။ လူငယ်တွေကိုယ်တိုင်က အများကြီး ကြိုးစားပြီးတော့ ဖိုရမ်တွေ ပွဲတွေကို စေတနာ့ဝန်ထမ်းလုပ်ပြီးတော့ ပွဲတွေလုပ်တယ် ပွဲကထွက်လာတဲ့ တွေ့ရှိချက်တွေကို ဝန်ကြီးဌာနအသီးသီးကို တင်ပြတဲ့ပွဲတွေကိုလည်း နေပြည်တော်မှာ လုပ်နိုင်ခဲ့တယ်။ ပြောရမယ်ဆိုရင် လူငယ်တွေဘက်ကတော့ တာဝန်ကျေအောင် လုပ်ကိုင်နေကြဆဲပါ။ အခုချိန်ထိလည်း ရန်ကုန်တိုင်းဆိုရင်လည်း ရန်ကုန်တိုင်းဝန်ကြီး ဝန်ကြီးချုပ်တွေနဲ့ အမြဲတမ်း ချိတ်ဆက်ဖို့ ကြိုးစားတယ်။ ကျွန်မတို့ပွဲတွေကိုလည်း ဖိတ်တယ်။ အားတာ မအားတာတစ်ပိုင်း၊ လာတာ မလာတာက နောက်တစ်ပိုင်းဖြစ်သွားတာပေါ့နော်။ နောက်တစ်ခုကတော့ အခုဆိုရင် ကျွန်မတို့ မြူနီစီပယ်လို့ပြောတဲ့ စည်ပင်သာယာရေး ရွေးကောက်ပွဲတွေကလည်း လာတော့မယ် ရွေးကောက်ပွဲတွေမှာ လူငယ်တွေရဲ့အသံ အဓိကအားဖြင့် ဥပဒေတွေမှာ ဘာကိုမြင်တွေ့ရလဲဆိုတော့ လူငယ်တွေ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ကန့်သတ်ထားတဲ့ ဥပဒေမျိုးတွေ အများကြီး ရှိပါတယ်။ ဒါတွေကို ကျွန်မတို့ ပြင်ဆင်ဖို့အတွက် လူငယ့်အသံဆိုတာမျိုး သီးသန့်ထုတ်ဖော်ဖို့အတွက် ပွဲတွေ စီစဉ်တာမျိုးတွေ လုပ်တယ်။ နောက်ပိုင်းတွေကိုလည်း ကျွန်မတို့ ပွဲလုပ်လိုက် တစ်ခေါက်သွားတွေ့လိုက် ရှင်းပြလိုက် နောက်ပြန်လာလိုက်၊ ပျောက်သွားလိုက်ဆိုတာမျိုးထက် ပုံမှန်ချိတ်ဆက်ပြီးတော့ ဝန်ကြီးဌာနတွေ ဝန်ကြီးချုပ်တွေ ဒီ ရန်ကုန်တိုင်းအစိုးရနဲ့ အမြဲတမ်း ချိတ်ဆက်လို့ရအောင် Channel ဖော်တာမျိုးတွေ အခုတော့ ကြိုးစားနေတယ်ပေါ့။ မြူနီစီပယ် ရွေးကောက်ခံကိုယ်စားလှယ်ဆိုတာမျိုး လူငယ်တွေ ကောင်စီမျိုး ပေါ်ပေါက်လာတဲ့အခါမှာ ဝန်ကြီးဌာနတွေကို ပုံမှန် စကားတွေသွားပြောခွင့်ရမယ်။ ဟိုဘက်ကလည်း မြို့တော်ဝန်ပဲပြောပြော ဝန်ကြီးချုပ်ပဲပြောပြော အမြဲတမ်း ချိတ်ဆက်ပြီး လူငယ်တွေအသံကို နားထောင်လို့ရတဲ့ Channel မျိုးတွေက ပိုပြီးတော့ ရေရှည်ခံတဲ့ နည်းလမး်စဉ်တွေ ဖြစ်မယ်လို့ ယူဆတယ်ပေါ့နော်။ ဒီလိုလုပ်ငန်းမျိုးတွေကတော့ လုပ်နေဆဲပါ လုပ်လျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly