အကူအညီမရောက်သေးသည့် ကောလင်းအနီးကျေးရွာတွေကို သွားကူရန် ပရဟိတအဖွဲ့များ ပြင်ဆင်နေပြီ

အကူအညီမရောက်သေးသည့် ကောလင်းအနီးကျေးရွာတွေကို သွားကူရန် ပရဟိတအဖွဲ့များ ပြင်ဆင်နေပြီ

ရေးဘေးဒုက္ခ ခံစားနေရသည့် ကောလင်းမြို့နှင့် အနီးတစ်ဝိုက် အကူအညီမရောက်သေးသည့် ရေဘေးသင့်ရွာများကို သွားရောက်အကူအညီပေးနိုင်ရန် ရန်ကုန်က ပရဟိတအဖွဲ့တွေက ပြင်ဆင်နေ ကြပြီဟု ကောလင်းရောက် မဇ္ဈိမ ဓာတ်ပုံအယ်ဒီတာ ကိုဟောင်ဆာက ပြောသည်။

ရေဘေးသင့် ပြည်သူများကို ရန်ကုန်က အောင်မင်္ဂလာ အဝေးပြေး မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်း၊ မင်္ဂလာဒုံ ပုလဲမြို့သစ်က ဆရာတော်တစ်ပါး၏ ပရဟိတအသင်း၊ ဆရာမင်းသိင်္ခတည့် ဆရာဇင်ယော်နီ၊ ကုန်းလမ်းဆက်သွယ်မှု အသင်း၊ နာရေးကူညီမှုအသင်းတို့က အကူအညီ အထောက်အပံ့များ လာပေးနေပြီး အကူအညီမရသေးသည့် အခြား ရေဘေးသင့် ကျေးရွာများကိုလည်း သွားရောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဇူလိုင် ၂၈ရက်တွင် ကောလင်းမြို့၌ ရေထပ်တက်လာနိုင်သည့်အတွက် ဘေးလွတ်ရာကို ပြောင်းရွှေ့ကြရန် ဒေသအာဏာပိုင်များက အသံချဲ့စက်များဖြင့် လိုက်လံ သတိပေး ဆော်သြနေပြီး ကောင်းကင်ယံ တွင် ရဟတ်ယာဉ်တစ်စင်းဖြင့် လိုက်လံ အခြေအနေများ ကြည့်ရှုနေသည်ကိုလည်း တွေ့ရသည်ဟု သတင်းပေးပို့သည်။

"ရေတွေက ပြန်လာမယ်ဆိုတော့ လူတွေက အားလုံး ကြောက်နေကြတယ်။ အချို့လူတွေဆို ပစ္စည်းတွေ ထုတ်ထားကြတယ်။ အဓိက ဆုံးရှုံးမှု အများဆုံးက လယ်ပဲ။ သူတို့က လယ်တွေစိုက်ပြီး သားတွေ ဖြစ်နေတော့ တစ်ချို့ဆို သိန်း ၅၀၊ ၆၀ထိဆုံးရှုံးမှုတွေ ရှိကြတယ်ပြောတယ်"ဟု ကိုဟောင်ဆာက ပြောသည်။

ဇူလိုင် ၂၇ရက်က ရေပြန်ကျသွားသည့်အတွက် ကောလင်းမြို့ ဆီဆုံရွာ၊ ညောင်ဝန်းရွာ၊ တောင်ရွာကျီးတောတို့တွင် ဒေသခံများ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း ဇူလိုင် ၂၈ရက်တွင် ရေပြန်တက် လာနိုင်သည် ဆိုသည့်အတွက် စိုးရိမ်ပူပန်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly