အာဆီယံစီးပွားရေးအသိုက်အဝန်း-AEC ကို မြန်မာဝင်ရောက်ဖို့ ဘာတွေခက်ခဲနေလဲ

အာဆီယံစီးပွားရေးအသိုက်အဝန်း-AEC ကို မြန်မာဝင်ရောက်ဖို့ ဘာတွေခက်ခဲနေလဲ

အရင်အစိုးရလက်ထက်မှာ မြန်မာ့စီးပွားရေးကဏ္ဍအတွင်းစိုးရိမ်မှုနဲ့ အခွင့်အလမ်း ၂ရပ်အနေနဲ့ လူပြောများခဲ့တဲ့ အကြောင်းတစ်ခုရှိပါတယ်။

အာဆီယံစီးပွားရေးအသိုက်အဝန်း-AEC မှာ နိုင်ငံတကာရဲ့ လွတ်လပ်စွာကုန်စည် စီးဆင်းမှုတွေကို အာဆီယံတစ်ပြေးညီစံနှုန်းထားတွေအတိုင်း လုပ်ကိုင်သွားကြမယ်ဆိုပြီးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံအနေနဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်းကို ၀င်ရောက်ဖို့ ရှိခဲ့တယ်ဆိုပေမယ့် လိုအပ်ချက်တွေရှိတာကြောင့် နှောင့်နှေးခဲ့ရပါတယ်။

အခုတော့ ၂၀၁၈ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်းကို အမှန်တကယ်ဝင်ရောက်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းထပ်ရှိလာပြန်ပါတယ်။

ပြည်တွင်းကပို့ကုန်လုပ်ငန်းရှင်တစ်ဦးကတော့ အာဆီယံစီးပွားရေး အသိုက်အဝန်းအမှန်တကယ်ဖြစ်လာရင် အကျိုးခံစားရဖို့ဆိုတာထက် အကျိုးမယုတ်သွားဖို့ ကြိုးစားနေရတယ်လို့ ဖွင့်ဟလာပါတယ်။

ပရိဘောဂလုပ်ငန်းရှင် ဦးဉာဏ်ဝင်းက "အကျိုးခံစားဖို့ထက် အကျိုးမယုတ်ဖို့ ကြိုးစားနေတယ်။ ဒါ အာဆီယံလွတ်လပ်စွာကုန်သွယ်ခွင့်တွေ ဖြစ်လာရင် သူတို့ရဲ့ သွင်းကုန်တွေကိုအခွန်တွေ ကင်းလွတ်ခွင့်ပြုတာတို့ သက်သာခွင့်ပြုတာတို့ဆိုရင် ဒီမှာစီးပွားရေးက ပြိုင်ဆိုင်ရတော့မယ်လေ။
ပြိုင်ဆိုင်ရတော့မယ့် အနေထားမှာအခုတော့ မရောက်သေးဘူးပေါ့နော် အဲလိုပြိုင်ဆိုင်ရဖို့ဆိုရင် အခက်ခဲရှိနိုင်တာပေါ့။ အဲဒါလေးကတော့ ဦးတို့ ဘက်ကလည်း တော်တော်လေးကို ကြိုးစားပြင်ဆင်ရမယ်လို့ထင်တယ်။" လို့ ဖွင့်ဟလာပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာ အသက်ဝင်လာဖို့ရှိနေတဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်းထဲမှာ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အများကြီးရှိနေတာပါ။

ပုဂ္ဂလိကလုပ်ငန်းအတွင်း ငွေကြေးကဏ္ဍဖွံ့ဖြိုးဖို့လိုအပ်နေတာတွေ၊ နည်းပညာအခက်အခဲတွေအပြင် ယှဉ်ပြိုင်မှုအခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးနိုင်ဖို့ကလည်း လိုအပ်နေပါတယ်။

"ဆိုတာစီးပွားရေးအသိုက်အမြံုပေါ့နော်။ ကိုယ့်မှာစီးပွားရေးတကယ်တမ်းလုပ်ဖို့ ဘဏ်စနစ်တွေရောလုံလောက်ပြီလား။ ဒါမေးရမယ် ဘဏ်စနစ်သည် ခုဏရင်းနှီးမြှုပ်နှံမှုရဲ့ အဓိကKey ပေါ့နော်၊ ၁၂ ရာခိုင်နှုန်းလောက်ရှိနေတဲ့ အတိုးဆိုရင် ခုဏပြောသလိုသူတို့ဆီက ၄ ရာခိုင်နှုန်းလောက်ပဲရှိတဲ့ ဟာနဲ့ သွားယှဉ်လိုက်ရင် ပိုမလွယ်ဘူးလေတချို့ နိုင်ငံအတိုးနှုန်းက ၄ ရာခိုင်နှုန်းပဲရှိတဲ့အခါကြတော့ ဒီမှာ ၁၂ ရာခိုင်နှုန်းနဲ့ သွားလိုက်ရင် ဒါသည် ဘဏ်စနစ်နဲ့ ယှဉ်လိုက်ရင်တောင် ကိုယ်ရှုံးနေပြီ။" လို့ အဏ္ဏဝါဒေဝီ ငါ၊ပုဇွန်ပို့ကုန်လုပ်ငန်း ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောပါတယ်။

မြန်မာ့စီးပွားရေး သုံးသပ်သူတစ်ဦးဖြစ်သူ ဦးလှမောင်ကတော့ "နဂိုထဲကနယ်စပ်ကုန်သွယ်ရေးတွေ ပတ်လည်မှာရှိနေတဲ့အတွက် တကယ်စလုပ်လည်းမသိသာဘူး၊ ဘာမှလည်း မထူးဘူး ပြီးတော့ တကယ်ကြတော့ terries တို့ Custom Duty တို့က လွတ်လပ်နေရမှာ၊ အဲဒါကတော့ ၂၀၁၈ ကြမှ ဖြစ်မှာပေါ့လေ။ အဲဒီအချိန်အခါကြမှ နည်းနည်းလေးသိသာလာလိမ့်မယ် အခုကတော့ နဂိုအတိုင်းပါပဲသိပ်ပြီးမထူးပါဘူး။" လို့ သုံးသပ်ပါတယ်။

ဒီအာဆီယံစီးပွားရေးအသိုက်ဝန်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပို့ကုန်ကဏ္ဍအပေါ် အခွန်အခကင်းလွှတ်ခွင့်ကလည်း အရေးကြီးတဲ့ အချက်မှာပါဝင်နေတာပါ။ တစ်ဘက်မှာကလည်းကုန်ကြမ်းရရှိမှု၊ တန်ဘိုးမြင့်ပို့ကုန်ကဏ္ဍ တိုးမြှင့်သွားနိုင်ဖို့ကလည်း နိုင်ငံအတွက် အရေးတကြီးလိုအပ်နေပြန်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly