ရွှေစက်တော် ယာဉ်ရပ်နားကွင်းအတွင်း ဆိုင်များယာဉ်များ မနက်ဖြန်အပြီး ရွှေ့ပြောင်းပေးရဟု ညတွင်းချင်းပြော

ရွှေစက်တော် ယာဉ်ရပ်နားကွင်းအတွင်း ဆိုင်များယာဉ်များ မနက်ဖြန်အပြီး ရွှေ့ပြောင်းပေးရဟု ညတွင်းချင်းပြော

မင်းဘူး၊မတ်လ ၁၈ ။           ။ ရွှေစက်တော်ဘုရားပွဲတော်ယာဉ်ရပ်နားကွင်းရှိ ဘုရားဖူးယာဉ်များ၊ ဘုရားဖူးများနှင့် စားသောက်ဆိုင်များအား ယနေ့ညနှင့် မနက်ဖြန်( မတ်လ ၁၉) ဖယ်ရှားပေးရန် မတ်လ(၁၈)ရက်နေ့ ညနေပိုင်းက ဘုရားဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လာရောက်ပြောကြား၍ ရွှေ့ပြောင်းပေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

" ဒီနေရာတွေက ကျွန်တော်တို့ တရားဝင် ပေးထားတာမဟုတ်ပါဘူး ။ အခုကလည်း လူကြီးလမ်းကြောင်းရှိတော့ ဒီနေရာက ရဟတ်ယာဉ် ဆင်းတဲ့နေရာလေ၊ မနက်ဖြန် ရဟတ်ယာဉ် ဆင်းမှာမလို့ ၊ ဆင်းတဲ့အခါ လေတိုက်နှုန်းနဲ့ အန္တရာယ် ဖြစ်မှာစိုးလို့ ခေတ္တဖယ်ခိုင်းတာပါ" ဟု ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက ယနေ့ည ၉ နာရီခွဲခန့်တွင် မဇ္ဈိမသို့ ပြောသည်။

လူကြီးလမ်းကြောင်း ရှိသည်ဟုဆိုကာ မန်းရွှေစက်တော်ဘုရားပွဲတော် ယာဉ်ရပ်နားကွင်း(ယခင် ဟတ်စကီးကွင်း)ရှိ  ဆိုင်များအား ယနေ့ညနှင့် မနက်ဖြန်အပြီး ခဏဖျက်သိမ်းရန် ပြောကြောင်း စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

" ဂေါပကအဖွဲ့ရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ထွေအုပ်ရယ် လာပြီး အခုညနေပိုင်းကစပြီး ဆိုင်တွေ ခဏဖျက်ပေးပါ ။ လူကြီးခရီးစဉ်ရှိလို့ ပါ ။ မနက်ဖြန် ဒီနေရာမှာ ရဟတ်ယာဉ်တွေ ဆင်းရင် အန္တရာယ်ဖြစ်နိင်တဲ့အတွက် ခဏတော့ ဖျက်သိမ်းပေးပါလို့ လာပြောပါတယ် ။ အဲ့ဒါကြောင့် အခု ကျွန်မတို့ စားသောက်ဆိုင်လေးတွေ(၁၅)ဆိုင်လောက်နဲ့ ဒီမှာရှိတဲ့ ဘုရားဖူးယာဉ်တွေ ဘုရားဖူးပြည်သူတွေ ဒုက္ခရောက်ကုန်ပါတယ်" ဟု မင်းဘူး/စကုမြို့နယ် ဆင်ခေါင်းကျေးရွာမှ လာရောက်ရောင်းချနေသော စားသောက်ဆိုင် စျေးသည်တစ်ဦးက ပြောသည်။

အဆိုပါ ဖျက်သိမ်းခိုင်းမှုကြောင့် ဆိုင်ခန်းများ ဒုက္ခရောက်ကြရကြောင်း စျေးသည်အချို့ကဆိုသည်။

 "ကျွန်တော်တို့ကို လူကြီးလာမှာမလို့ ဆိုင်တွေဖျက်ခိုင်းတယ် ညနေကတည်းက ဖျက်ခိုင်းတာ၊ ဂေါပကအဖွဲ့နဲ့ရဲတပ်ဖွဲ့လည်းပါတယ်၊ ဒီနေရာမှာ ဘုရားကြီးအတွက် အလှုငွေထည့်ဝင်ပြီး   ဂေါပကအဖွဲ့က ပေးထားတာပါ ။ ဒီမှာလုပ်ကိုင်စားသောက်နေကြတာက မရှိဆင်းရဲသားတွေပါ ။ ဆိုင်တစ်ဆိုင်ကို ပြန်ဆောက်ရမယ်ဆိုရင် (၂)သိန်းလောက် ကုန်ကျပါတယ်။  ဒီလာကြတာလည်း ငွေကြေးချေးငှားလာကြရတာပါ ။ ဖျက်ပြီးပြန် ဆောက်လည်း သူဟာနဲ့သူ အံဝင်ဂွင်ကျ ပြန်မရပါဘူး။ ရောင်းချကြတာလည်း ထမင်းနဲ့အအေးဆိုင်လေးတွေပါ။ ဖျက်ပေးဖို့ပြောတဲ့သူတွေက ဘာမှမဖြစ်ပေမယ့် ဖျက်ပေးလိုက်ရတဲ့ ကျွန်တော်တို့မှာတော့ ဒုက္ခရောက်တော့တာပေါ့၊ သူတို့ပြန်ဆောက်ပေးမလားဆိုတော့ ကိုယ့်ဖာသာ ပြန်ဆောက်တဲ့။   ပြောင်းလဲတာဘာမှန်းတော့ မသိဘူး။  ကျွန်တော်တို့ကတော့ ဖျက်ပေးနေရပြီ" ဟု ကျောင်းတော်ရာဘက်မှ လာရောက်ဖွင့်လစ်သော စျေးသည် ကိုဝဏ္ဏက ပြောသည်။

မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူးက မနက်ဖြန် လူကြီးလမ်းကြောင်း ရှိလို့ပါ။ တစ်ရက်တည်း ဖျက်ပေးရမှာပါ ။ ရဟတ်ယာဉ် ဆင်းမှာဆိုတော့ အန္တရာယ် ဖြစ်နိင်တယ် ။ အမိုးအကာတွေ လန်သွားနိုင်တယ်။ ဒါကြောင့် ဖျက်ခိုင်းတာပါ။ ပြီးရင် အရံမီးသတ်တပ်ဖွဲ့နဲ့ ကျန်းမာသန့်ရှင်းအဖွဲ့တွေက ကူညီလုပ်ကိုင်ပြန်ဆောက်ပေးမှာပါ" ဟု ဆိုသည်။

အဆိုပါဖယ်ရှားမှုကြောင့် ဘုရားဖူးကားပေါ်တွင် နားခိုသော ဘုရားဖူးသူများမှာ ပွဲတော်ရက်အတွင်း နေစရာအခက်အခဲဖြစ်ကြောင်း ဆိုသည်။

"ကားတွေကို ဖယ်ခိုင်းတယ်။ ကားတွေဖယ်ခိုင်းတော့ ကျွန်တော်တို့က ကားနား နားနေကြတာလေ။ အခုချက်ချင်း ဖယ်ပေးပါတဲ့။  အခုဖယ်ပေးလိုက်ရတော့ ဒီလို ဘုရားဖူးစည်ကားတဲ့ ရက်မျိုးမှာ နားနေစရာ အခက်အခဲတွေ ဖြစ်တာပေါ့"ဟု မအူပင်မြို့နယ် မန်းလက်တိုအုပ်စုမှ ဘုရားဖူး ပြည်သူများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly