ယုံကြည်ရာ လျှောက်လှမ်းနေသည့် ပိုးမီအတွက် တစ်ကိုယ်တော် တေးအယ်ဘမ် ထုတ်ပေးမည့်သူ ပေါ်ထွက်

ယုံကြည်ရာ လျှောက်လှမ်းနေသည့် ပိုးမီအတွက် တစ်ကိုယ်တော် တေးအယ်ဘမ် ထုတ်ပေးမည့်သူ ပေါ်ထွက်

Myanmar Idol Season 2 ၏ Top-3 Result Show တွင် ပရိသတ် မဲပေးမှုအနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာသွားရသည့် ပြိုင်ပွဲဝင် ပိုးမီအတွက် ခေတ်ဆန်းယဉ် ပိုးထည်ချည်ထည်ကြာထည်လုပ်ငန်း အင်းပေါခုံ အင်းလေးပိုင်ရှင် ဦးမြင့်သိန်းထွန်းက တစ်ကိုယ်တော် တေးအယ်ဘမ် အမှတ်တရတစ်ခု ထုတ်လုပ်ပေးရန် စီစဉ်ထားသည်။

ပြိုင်ပွဲဝင် ပိုးမီသည် Top-3 ယှဉ်ပြိုင်မှုတွင် ယုံကြည်ရာ တေးသီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒိုင်တွေရဲ့ ချီးကျူးအားပေးမှုအပြင် ပရိသတ်၏ အားပေးမှုကိုလည်း များစွာရရှိခဲ့သည့် ပြိုင်ပွဲဝင် တစ်ဦးဖြစ်သည်။

ပိုးမီကို တေးအယ်ဘမ်ထုတ်ပေးမည့် ဦးမြင့်သိန်းထွန်းက “ပထမတစ်ခါ ပိုးမီပြုတ်ပြီး ဒိုင်တွေ save လုပ်လိုက်တဲ့အချိန်မှာ သူ့ကို သတိထားမိသွားတာ သူဆိုတာတွေလည်းကြိုက်တယ် သူ့ကို vote ပေးကြတာလည်း နည်းတော့သနားလည်းသနားတယ် Level မြင့်လာလေ သူ့အတွက် ပိုပြီး စိုးရိမ်လာတယ်။ မနေ့က ညကတော့ သူ့ကို save ဖြစ်မယ်ပဲထင်တာ။ ဒါပေမယ့် ပိုးမီ ပြုတ်သွားတာကို ကြေညာလိုက်တဲ့အချိန် Shock ရသွားတယ်။ ကောင်းရဲ့သားနဲ့ save မဖြစ်တော့ သူ့ဆိုတဲ့ သီချင်း အတိုင်း ယုံကြည်ရာကို မှန်မှန်ကန်ကန် ကြိုးစားလျှောက်လှမ်းနေတဲ့သူဘက်က ရပ်တည်ပေးချင်တာကြောင့် တစ်ကိုယ်တော် တေးအယ်ဘမ် အမှတ်တရတစ်ခုအဖြစ် ထုတ်လုပ်ပေးဖို့ စီစဉ်ဖြစ်သွားတာပါ” ဟု ပြောသည်။

ပြိုင်ပွဲဝင် ပိုးမီအတွက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို တေးရေးမေသော်က ရေးသားပေးမည်ဖြစ်ပြီး တေးရေး မေသော် အတွက်သာမက ပြိုင်ပွဲဝင် ပိုးမီအတွက်ပါ အမှတ်တရ ဖြစ်စေမည့် တေးအယ်ဘမ်တစ်ချပ် ဖြစ်အောင် စီစဉ်သွားမည် ဖြစ်ကာ ငွေးရေးကြေးရေးထက် တတ်နိုင်သမျှ အကောင်းဆုံး ဖန်တီးလုပ်ဆောင်ပေးသွားမည်ဟုဆိုသည်။

“ပိုးမီကတော့ လက်ရှိမှာ Myanmar Idol နဲ့က ညှိနှိုင်းထားတာလေးတွေ ရှိတယ်နဲ့တူတယ် လတ်တလောတော့ လုပ်ဖြစ်ဦးမှာ မဟုတ်ဘူး။ သေချာတိုင်ပင် ဆွေးနွေးပြီး လုပ်ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံး လုပ်ပေးသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

Myanmar Idol အစီအစဉ်သည် ပရိသတ် နှင့် အနုပညာရှင်များ ကြားတွင် စိတ်ဝင်စားမှုများပြားသည့် အစီအစဉ်တစ်ခုလည်း ဖြစ်သလို လက်ရှိတွင် Myanmar Idol Season 2 ၏ Grand Final ပြိုင်ပွဲတွင်လည်း မည်သူ Winner ရရှိမည် ဆိုတာနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

Myanmar Idol Season 2 ၏ Grand Final ပြိုင်ပွဲကြီးကို မတ်လ ၂၅ရက်တွင် ကျင်းပမည်ဖြစ်ပြီး Grand Final ပြိုင်ပွဲ တက်ရောက်သွားသည့် ပြိုင်ပွဲဝင် ၂ဦး၏ သီဆိုယှဉ်ပြိုင်မှုနှင့် Myanmar Idol Season 2 Winner လည်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required