ရွာငံမြို့နယ် အတွင်း တွေ့ရသော နံရံဆေးရေးပန်းချီများ သက်တမ်း သတ်မှတ်မှု မိုးကုန်မှပြန်စနိုင်မည်

ရွာငံမြို့နယ် အတွင်း တွေ့ရသော နံရံဆေးရေးပန်းချီများ သက်တမ်း သတ်မှတ်မှု မိုးကုန်မှပြန်စနိုင်မည်

မန္တလေး၊ ဇူလိုင် ၂၈ ။      ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အတွင်း တွေ့ရှိထားသော နံရံဆေးရေး ပန်းချီများ၏ သက်တမ်း သတ်မှတ်နိုင် ရန်ဆောင်ရွက်နေခြင်းကို  မိုးရာသီ ကုန်မှ ပြန်လည်စနိုင်တော့မည်ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဦးလွင် က မဇ္ဈိမ ကိုပြောသည်။

အဆိုပါ နံရံဆေးရေး ပန်းချီများကို ရွာငံမြို့နယ် အတွင်းရှိ ကင်းတားဆည် အနောက် ဘက်၊ ပဲဒွေးတောင်ခြေရင်း၊ ကမ်းပါးနီကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက တွေ့ရှိရခြင်းဖြစ်ကာ လက်ရှိအချိန် တွင် သက်တမ်း သတ်မှတ်သည့် လုပ်ငန်းများကို  ရပ်နားထားခြင်းဖြစ်သည်။

ဦးကျော်ဦးလွင် က“အခုရပ်နားတာက မိုးရာသီမို့ပါ။အဲဒီမှာလုပ်နေတဲ့လုပ်ငန်းတွေကို အားလုံး ရပ်ထား လိုက်တယ်။ မိုးကုန်မှပြန်စသွားမယ်။ “ဟု  ပြောသည်။

ကမ်းပါးနီကျေးရွာတွင်တွေ့ရှိသော နံရံဆေးရေးပန်းချီများကို ရှေးဟောင်းသုတေသန ပညာရှင်များ၊ စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ ကျောက်နံရံဆေးရေးပန်းချီများနှင့်ပတ်သက်သည့် ပညာရှင်များ က နှစ်ကာလသတ်မှတ်နိုင်ရန် ဇူလိုင်လ အတွင်းက ဆောင်ရွက်နေကြခြင်းဖြစ်သည်။
 
သက်တမ်းသတ်မှတ်မှုနှင့် ပတ်သက်ပြီး ဦးကျော်ဦးလွင်က “၂၀၁၅ အကုန်လောက်မှ သက်တမ်းကို သတ်မှတ်နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အထောက်အထားတွေက မပြည့်စုံသေးဘူး။ ဆက်ရှာဖွေရဦးမယ်။ နံရံဆေးရေးပန်းချီတစ်ခုတည်းနဲ့တော့ သတ်မှတ်လို့မရနိုင်ဘူး။ ပတ်သက် ဆက်နွယ်နေတာတွေကိုပါ ဆက်လက်တူးဖော်လေ့လာရဦးမယ်။ပြည်ပက ပညာရှင်တွေကလည်း ဆက်လေ့လာရဦးမယ်ပြောတယ်။သူတို့လည်းခေတ်ကာလအတိအကျကိုမပြောနိုင်သေးဘူး ”ဟု ၎င်းကပြောသည်။

အဆိုပါနံရံဆေးရေးပန်းချီများကို မိုင်းမောရွာမှ ဦးဝင်းဘိုဆိုသူက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုတွေ့ရှိသော နံရံများပေါ်တွင် ဆင်ရုပ်များ၊မြင်းရုပ်များ၊လက်ဝါးရာများအပြင် ကျောက်ခေတ် သုံးလက်နက် ပစ္စည်းများလည်းတွေ့ရှိထားသည်ဟ ု ဦးကျော်ဦးလွင် ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly