တို့နှစ်ယောက်စလုံး အိုဘားမားလက်ထက်မှာ စောင့်ကြည့်ခံခဲ့ရလို့ အိန်ဂျလာမာကဲလ်ကို ဒေါ်နယ်ထရမ့်ပြော

တို့နှစ်ယောက်စလုံး အိုဘားမားလက်ထက်မှာ စောင့်ကြည့်ခံခဲ့ရလို့ အိန်ဂျလာမာကဲလ်ကို ဒေါ်နယ်ထရမ့်ပြော

၀ါရှင်တန်၊ မတ် ၁၈ ။                  ။ အလည်အပတ်ရောက်နေတဲ့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာလည်း ဘားရတ်အိုဘားမားလက်ထက်တုန်းက ဖုန်းကြားဖြတ်နားထောင်ခံရကြောင်း ပြောဆိုလိုက်ပြီး “ကျွန်တော်တို့နှစ်ယောက်က အဖြစ်တူတွေပါပဲ။”လို့ ပြောလိုက်ပါတယ်။

သမ္မတအိုဘားမား လက်ထက်တုန်းက အိန်ဂျလာမာကဲလ်ရဲ့ ဖုန်းကို အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေက စောင့်ကြည့်ထောက်လှမ်းတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက် ဂျာမနီဖက်က အမေရိကန်ကို ဒေါသနဲ့ တုံ့ပြန်ခဲ့ဖူးပါတယ်။

ဒေါ်နယ်ထရမ့်ကလည်း ၎င်းမဲဆွယ်စဉ်ကာလက ဖုန်းကြားဖြတ်ခိုးနားထောင်ခံခဲ့ရကြောင်း မကြာသေးမီက စွပ်စွဲထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်နယ်ထရမ့်ကို ဖုန်းကြားဖြတ်နားထောင်တာကိုတော့ ရီပတ်ဘရီကန်နဲ့ ဒီမိုကရက်တစ် အမတ်တွေ နှစ်ဖက်စလုံးက မယုံကြောင်း ပြောကြပါတယ်။

အမေရိကန်ကို ရောက်ရှိတဲ့ မာကဲလ်နဲ့အတူ ဒေါ်နယ်ထရမ့်ဟာ နေတိုးနဲ့ ကုန်သွယ်ရေးအပါအဝင် အဓိကကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

မာကဲလ်ဟာ မတ် ၁၄ ရက်မှာ လာရောက်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမယ့် အမေရိကန်မှာ နှင်းမုန်တိုင်းကျရောက်နေတာကြောင့် ခရီးစဉ်ရွှေ့ဆိုင်းပြီး ယခုမှ ရောက်လာတာဖြစ်ပါတယ်။

မာကဲလ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ထရမ့်က ခုလို ဖုန်းကြားဖြတ်နားထောင်ခံခဲ့ရတဲ့အကြောင်းကို ပြောလိုက်တာဖြစ်ပြီး မာကဲလ်ကတော့ မချိုမချဉ် မျက်နှာပေးနဲ့ ကြည့်နေပါတော့တယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required