နှစ်ဘက်စလုံးတွင် အမုန်းစကားပြောဆိုမှုများရှိနေကြောင်း မဘသဦးဆောင် ဆရာတော်မိန့်ကြား

နှစ်ဘက်စလုံးတွင် အမုန်းစကားပြောဆိုမှုများရှိနေကြောင်း မဘသဦးဆောင် ဆရာတော်မိန့်ကြား

မြန်မာနိုင်ငံတွင် အမုန်းစကားပြောဆိုမှုနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံတွင်ရှိနေပြီး နှစ်ဘက်စလုံးထိမ်းသိမ်းရန် လိုအပ်ကြောင်း မဘသ (ဗဟို)ဦဆောင်ဆရာတော် ဒေါက်တာအရှင်သောပါက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် အစွန်းရောက်သံဃာ အနည်းငယ်သာရှိကြောင်း လူမှုကွန်ရက်တွင် အစွန်းရောက်စကားများဖြင့် ဝေဖန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မတ်လ ၁၅ ရက်က ပြောကြားခဲ့ပြီးနောက် ဒေါက်တာအရှင်သောပါက မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“ဗုဒ္ဓဘာသာထဲမှာလည်း ရှိပါတယ်။ အများစုက မျိုးချစ်စိတ်နဲ့ အမျိုးသားစိတ်အားကြီးတဲ့ အခါမှာ ရင်ထဲက ခံစားချက်တွေဟာ တစ်ခါတစ်ခါမှာ ပေါက်ထွက်လာတာတွေ ရှိပါတယ်။ အဲဒီအခါကြမ်းသွားတာတွေရှိကောင်း ရှိနိုင်ပါတယ်။ မရှိဘူးမဟုတ်ဘူး။ ဗုဒ္ဓဘာသာထဲမှာလည်း ရှိသလို အခြားဘက်မှာလည်း ကြမ်းတာတွေ ရမ်းတာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဒီအကြမ်းအရိုင်းတွေကို အားလုံးဖယ်လိုက်ကြပါ။ အကြမ်းအရိုင်းတွေကို မသုံးကြဘဲနဲ့ အားလုံးဟာ တိုင်းပြည်အတွက်လူမျိုးအတွက်၊ ဘာသာအတွက် ကောင်းဖို့လုပ်ကြတာဖြစ်တဲ့အတွက် ကိုယ့်မှာရှိနေတဲ့ စိတ်ခံစားချက်တွေကို ပြင်းပြင်းထန်ထန်ကြီး မထွက်ပဲနဲ့ ထိမ်းထိမ်းသိမ်းသိမ်းလေးသွားကြမယ်။ တစ်ဘက်ကလည်း လူသားချင်းစာနာထောက်ထားတဲ့ လူ့ကိုယ်ချင်းစာစိတ်လေးနဲ့   နေသွားကြမယ်ဆိုရင် ပျော်ရွင်ငြိမ်းချမ်းတဲ့ တိုင်းပြည်တစ်ခုဖြစ်လာမှာပါ။ အဲဒါကြောင့်လူငယ်တွေအနေနဲ့ စိတ်ရဲ့ ခံစားမှုကိုရှေ့တန်းမတင်ဘဲ တိုင်းပြည်ကောင်းအောင်လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ဒေါက်တာအရှင်သောပါက မိန့်ကြားသည်။

အမုန်းစကားဆိုသည့် ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း မလွဲမှားရန်လိုအပ်ကြောင်း  မှန်ကန်ပြီးအကျိုးရှိမယ်ဆိုလျှင် ကြိုက်နှစ်သက်ဖွယ်စကားမဟုတ်သည့်တိုင် အခြေအနေနှင့် အချိန်အခါပေါ်မူတည်ပြီး ပြောဆိုရမည်ဖြစ်ကြောင်း ဒေါက်တာအရှင်သောပါက ကမိန့်ကြားပါတယ်။

“မြတ်စွာဘုရားဟောကြားခဲ့တာက စကားခြောက်မျိူးထဲမှာ လေးမျိူးပယ်ရမယ်။ နှစ်မျိုးကိုပြောရမယ်။ မှန်ကန်မယ်၊ အကျိုးရှိမယ်။ အများနှစ်သက်ဖွယ်ဖြစ်ရမယ်။ ဒါကတော့ အကောင်းဆုံးစကားပေါ့။   နောက်တစ်ခါ မှန်တယ်၊ အကျိုးရှိတယ်။ ဒါပေမယ့် တဘက်က မကြိုက်တာရှိမယ်။ အဲဒီစကားမျိုးကိုလည်း မပြောအပ်တဲ့စကားလို့ ဘုရားက မပြောဘူး။ ပြောရမယ်။ ဒါပေမယ့် အချိန်အခါကိုကြည့်ပြီးပြောရမယ်။ အဲဒါကို အမုန်းစကားလို့ ယူဆရင်တော့လွဲသွားလိမ့်မယ်”ဟု ဆက်လက်မိန့်ကြားသည်။

အစွန်းရောက်ပြောစကားနှင့် ပတ်သက်ပြီး နားလည်မှုမလွဲရန်လိုကြောင်းလည်း ဒေါက်တာအရှင်သောပါကက မိန့်ကြားသည်။

အနည်းငယ်သာ အရေအတွက်ရှိသည့် အစွန်းရောက်သံဃာအချို့၏ နောက်ကွယ်တွင် အားပေးအားမြှောက်လုပ် နေသည့့် ပုဂ္ဂိုလ်အဖွဲ့အစည်းရှိသည်ဟု ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက မတ်လ ၁၅ ရက်က ပြောကြားခဲ့ပြီး မဘသနဲ့ ပတ်သက်ပြီး ပြောကြားရာတွင် လက်ရှိအချိန်၌ မဘသဦးဆောင်ဆရာတော်အများစုသည် နိုင်ငံရေးနှင့် ပတ်သက်မှုမရှိကြောင်း   ပြည်ထောင်စုဝန်ကြီးက   ပြောသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required