သူတို့ထင်တာက ဗိုလ်ချုပ်ပုံရိပ်ကို ပေါ်လွင်လာမယ်လို့ ထင်တာ။ အမှန်မှာ ဗိုလ်ချုပ်ကို ချောင် ထိုးထားတာ”

သူတို့ထင်တာက ဗိုလ်ချုပ်ပုံရိပ်ကို ပေါ်လွင်လာမယ်လို့ ထင်တာ။ အမှန်မှာ ဗိုလ်ချုပ်ကို ချောင် ထိုးထားတာ”

ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းအပေါ် မော်လမြိုင်၌ လူသောင်းချီကန့်ကွက်ဆန္ဒပြရန်စီစဉ်နေမှုနှင့် ပတ်သက်ပြီး သံလွင်တံတား(ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒဖော်ထုတ်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးဝရဝံသနှင့် အင်တာဗျူး။

ရန်ကုန်၊ မတ်လ ၁၇

မေး။ ။ အရှင်ဘုရားတို့ အခုမွန်ပြည်နယ်ချောင်းဆုံမြို့နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည် ပေးလိုက် တာနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်ဆန္ဒထုတ်ဖော်မယ်လို့ကြားပါတယ်ဘုရား။ ဒီအကြောင်းကို သိပါရစေ။

ဖြေ။ ။ ဆန္ဒထုတ်ဖော်မယ်ဆိုတာ ဟုတ်ပါတယ်။ လာမယ့် တနင်္ဂနွေ ၁၉ ရက်နေ့ပေါ့နော်။ ဆန္ဒထုတ် ဖော်ဖို့ အတွက် ဒီနေ့( မတ်လ ၁၅ ရက်) နေ့မှာ စာတင်သွားမှာပါ။ လူအင်အားကိုတော့ ၁ သောင်းလောက်တော့ ခန့်မှန်းထားတယ်။ အခုလုပ်မှာလည်း အပြုသဘောဆိုတော့ ရေးမြို့နယ်ဘက်ကတော့ အင်အား ၈ဝဝ၊ ၁ဝဝဝ လောက်လာမယ်ထင်တယ်။ လမ်းပန်းဆက်သွယ်ရေးလည်းနည်းနည်း လွယ်လာပြီးဆိုတော့ လာကြမှာပါ။ ရည်ရွယ်ချက်က ဘုန်းဘုန်းတို့ တောင်းဆိုထားတဲ့ တံတားနာမည် ပြောင်းလဲရေးကိစ္စကို လွှတ်တော်က နေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး ဆုံးဖြတ်လိုက်တာကြောင့် ဘုန်းဘုန်းတို့အနေနဲ့ လွှတ်တော်က မတရားဘူးလို့ မြင်တာပေါ့နော်။ အဲ့ဒါကြောင့် ဆန္ဒဖော်ထုတ်တာ။ လွှတ်တော်က လူနည်းစုတိုင်းရင်းသား တွေကို ဖိနှိပ်သလိုဖြစ် နေတယ် တရားမျှတမှုမရှိဘူးပေါ့ ဒကာကြီးရယ်။ ဆန္ဒဖော်ထုတ်ဖို့အတွက်ကတော့ အင်အား ၁ သောင်း လောက်တော့ မှန်းထားတယ်။ အဖွဲ့အစည်းတွေကတော့ အစုံပါပဲ။ မွန်ပြည်နယ်မှာ အဓိက လှုပ်ရှားရမယ့် အဖွဲ့တွေပေါ့။ စာပေလိုင်းကလည်းပါမယ်။ နိုင်ငံရေးပိုင်းကလည်း ပါမယ်။ CSO လူမှုအဖွဲ့အစည်း တွေလည်း ပါမှာပေါ့။ အဖွဲ့စုံပါပါမယ်။

မေး။ ။ အခုဆိုရင် တံတားအမည်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်က အတည်ပြုပြီးသွားပြီ ဆိုတော့ ဆရာတော်တို့အနေနဲ့ ထပ်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်မယ်ဆိုရင် တံတားအမည်ကိစ္စက ပြောင်းလဲသွားနိုင်မယ်လို့ ယုံကြည်လား။ တခြားရည်ရွယ်ချက်ရော ရှိပါသလား။

ဖြေ။ ။ ဒကာကြီးရယ် အခုလည်း အဖြေကသိနေပြီလေ။ အခု ဘုန်းဘုန်းတို့ ဆန္ဒဖော်ထုတ်မှာက တံတားကို အမည်ပြောင်းလဲပေးဖို့ရယ်လို့ အဓိကမဟုတ်ပါဘူး။ အခုလွှတ်တော်ကနေပြီးတော့ တဖက်သတ်ဆန်ပြီး လူများ၊ လူနည်း ဖိနှိပ်ပြီးတော့လုပ်ခဲ့တာကို ဒီမိုကရေနည်းလမ်းကျဆိုပြီး ဒီမိုကရေစီနည်းလမ်းမကျဘဲ လုပ်ခဲ့တာ။ သူတို့ပြောတာကတော့ ဒီမိုကရေစီကို ပုံဖော်နေတာပေါ့။ နောက်တစ်ခုက တံတားကို ဗိုလ်ချုပ်အမည် သုံးလိုက်ခြင်းအားဖြင့် နောင်လာနောင်သားတွေ ဗိုလ်ချုပ်ရဲ့အပေါ်မှာ လေးစားမှုတည်မြဲအောင် ရည်ရွယ်တယ် လို့ ပြောတယ်ပေါ့။ ဒါပေမယ့် အမှန်က NLD ပါတီကနေပြီးတော့ မဲရရှိရေးအတွက် အဓိကလှုပ်ရှားနေတယ်လို့ ဘုန်းဘုန်းတို့ မြင်တာပေါ့နော်။ ဒါလည်းမဖြစ်သင့်ဘူးပေါ့။ နိုင်ငံခေါင်းဆောင်ဗှိလ်ချုပ်ရဲ့ ပုံရိပ်ကို ကိုင်ပြီးတော့ နာမည်ကို အသုံးချနေတာကို ဘုန်းဘုန်းတို့ ဆန့်ကျင်တာပေါ့နော်။ ဒီလိုမဖြစ်သင့်ဘူးပေါ့။ တရားသော နည်းလမ်းနဲ့ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးလုပ်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှုရမှာပေါ့။ ဘုန်းဘုန်းတို့ အနေနဲ့ ဒီတံတားနာမည် ရရှိရေး၊ မရရှိရေးဆိုတာက မထူးခြားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တံတားကတော့ တံတားအဖြစ်နဲ့ပဲ သွားမှာပဲ။

မေး။ ။ ခုလို ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး လွှတ်တော်မှာ အတည်ပြုပြီး ပေးခဲ့တဲ့ အပေါ်ဂုဏ်ယူသင့်တယ် လို့ ပြောနေကြတာတွေလည်းရှိတယ်ပေါ့ ။ ဒါပေမယ့် ခု အခြေအနေက ဒါနဲ့ ပတ်သက်ပြီး ထပ်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်ကြမယ်ဆိုတော့ ဒီလို ဗိုလ်ချုပ်အမည်ပေးတာနဲ့ ပတ်သက်ပြီး ဆရာတော်ရဲ့ သဘောထား အမြင်ကို သိပါရစေ။

ဖြေ။ ။ ကန့်ကွက်ဆန္ဒထုတ်ဖော်တယ်ဆိုတာက မတရားဖိနှိပ်နေတယ်လို့မြင်လို့ပါ။ အခုနကပြောသလိုပဲ အမည်ပေးတယ်ဆိုတာက အရေးမကြီးပါဘူး။ တံတားက တံတားပါပဲ။ တစ်ခုတော့ ရှိတာပေါ့ ဗိုလ်ချုပ်က ချောင်ထိုးခံထားရမယ့်ဟာကို ရင်ထဲမှာ စိတ်မကောင်းဘူးပေါ့။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထုထားပြီး တော့ မြက်တွေနဲ့၊ ခြံုတွေနဲ့ ဘယ်သူမှ ရှင်းမယ့်သူမရှိ။ အဲ့ဒီလိုပစ်ထားတာတွေလည်း အမြင်ပါပဲ။ တံတားမှာ နာမည်မှတ်လိုက်ရင်တော့ ပိုပြီးတော့ ဗိုလ်ချုပ်က အပယ်ခံဘဝရောက်သွားတယ်လို့ ဘုန်းဘုန်းတို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ ဆိုင်းဘုတ်အကြီးကြီး နာမည်ရေးထား သော်ငြားလည်း ဘယ်သူမှ ဖတ်မှာမဟုတ်ဘူး။ ဘုန်းဘုန်းတို့ သုံးနေတဲ့သူတွေကတော့ ဘယ်တံတားလည်း မေးရင် ဘီလူးကျွန်းတံတားလို့ပဲ ဒါပဲပြောမှာ။ ဗိုလ်ချုပ်ကို အပေါ်တင်ပြီးတော့ ချောင်ထိုးထားသလို ဖြစ်နေ တာ။ သူတို့ထင်တာက ဗိုလ်ချုပ်ပုံရိပ်ကို ပေါ်လွင်လာမယ်လို့ ထင်တာ။ ဒါပေမယ့်အမှန်မှာ ဗိုလ်ချုပ်ကို ချောင် ထိုးထားတာ။ သူတို့ ခုတ်ရာတခြား ရှရာတခြားဖြစ်နေပြီ။

မေး။ ။ တင်ပါ့ဘုရား။ မတ် ၂ နှစ်ရက်နေ့ကလည်း တံတားကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူးပေါ့။ အခုလည်း လာမယ့် မတ်လ ၁၉ ရက်နေ့မှာ လူတစ်သောင်းကျော်လောက် ထပ်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်မယ် ဆိုတော့ အခြေအနေထပ်မထူးခြားဘူးဆိုရင် ဘာတွေဆက်လုပ်သွားဖို့ရှိ ပါသလဲ ။

ဖြေ။ ။၂ ရက်နေ့က ဆန္ဒထုတ်ဖော်တာက ဘုန်းဘုန်းတို့ ဒီချောင်းဆုံမြို့ပေါ့။ အဓိက ဘီလူးကျွန်း တစ်ကျွန်း လုံးမှာရှိတဲ့ ချောင်းဆုံမြို့နယ်မှာ ရှိတဲ့ ဒေသခံတွေပြတာ။ အခုဆန္ဒထပ်ပြမှာက မွန်ပြည်နယ်တစ်ခုလုံးပါလာပြီ။ မွန်ပြည်နယ်မှာရှိတဲ့ ၁ဝ မြို့နယ်အပြင် မန္တလေးနဲ့ ကရင်ပြည်နယ်ဘက်မှာရှိတဲ့ သူတွေပါ ပါလာပြီ။ နည်းနည်း တော့ အရှိန်တော့မြင့်သွားတာပေါ့။ ဘုန်းဘုန်းတို့ဖြစ်စေချင်တာက လွှတ်တော်က အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ အခုလို နောက်ထပ်ပြီး တိုင်းရင်းသားဒေသတွေ၊ တောင်တန်းပြည်မ အကုန်လုံးအပေါ်မှာ ထပ်မဖြစ်အောင်ပါ။ ဒီလိုလွှတ်တော်ရဲ့ ဖိအားယူပြီးတော့ အနိုင်ကျင့်တဲ့ ပုံစံက တရားနည်းလမ်းမကျဘူး။ ဒီမိုကရေစီနည်းလမ်း လည်း မကျဘူးဆိုတာကို သိစေချင်လို့ပါ။ ခုလို ဆန္ဒထုတ်ဖော်လို့လည်း တုန်ပြန်မှုကတော့ ရှိလောက်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုက တံတားကို နာမည်မှတ်ထား ပြီးပြီလေ။ အစိုးရပိုင်းကနေ လုပ်ငန်း အကောင်အထည်ဖော်ဖို့ပေါ့နော်။ အစိုးရပိုင်းရဲ့ထိပ်ပိုင်းက တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကလည်း များတယ် ဆိုတော့ ပြောင်းမယ့် ပုံစံတော့ မရှိပါဘူး။ ဘုန်းဘုန်းတို့အနေနဲ့ကတော့ နောက်ထပ်၊ နောက်ထပ် ဖြစ်လာတိုင်း၊ ဖြစ်လာတိုင်း တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာ အနာတရဖြစ်သွားပြီ။

မေး။ ။ အခုလိုကိစ္စတစ်ခု၊ ပြဿနာတစ်ခုဖြစ်တာနဲ့ အစိုးရအပေါ်ကို ပြည်သူတွေအနေနဲ့ ဆန္ဒဖော် ထုတ်ကြ တယ်။ အခုလည်း ဆရာတော်တို့က ထပ်ပြီး ဆန္ဒဖော်ထုတ်ကြဦးမယ်ဆိုတော့ ဒီဆန္ဒဖော်ထုတ်ခြင်းအပေါ် ဆရာတော်ရဲ့ သဘောထားအမြင်ကို သိချင်ပါတယ် ။

ဖြေ။ ။အဲ့ဒီတော့ နည်းနည်းဖြစ်တာနဲ့ ဆန္ဒဖော်ထုတ်၊ ဆန္ဒဖော်ထုတ်ဆိုတော့ ပြောရင်တော့ နယ်မြေဒေသ အတွက်လည်း မကောင်းဘူး။ အစိုးရအတွက်လည်း အကျိုးမရှိပါဘူး။ ဘုန်းဘုန်းတို့လည်း ခုလိုလုပ်ရတဲ့ ဟာတွေဟာ နောင်မတရားဖိနှိပ်မရှိအောင်ပါ။ ပြောင်းလဲပြီလို့ ပြောတဲ့ စကားနဲ့ လုပ်ရပ်ဟာ တလွဲစီဖြစ်နေတဲ့ အတွက်ကြောင့် ခုလို ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းပါ။ ဆရာတော်တို့ အနေနဲ့ ခုလိုဆန္ဒထုတ်ဖော်မယ့်ကိစ္စမှာ ဦးဆောင်ပါဝင်ဖြစ်သွားတဲ့ အကြောင်းလေး သိပါရစေ။

ဖြေ။ ။ ဘုန်းဘုန်းတို့ကလည်း ပါဝင်ချင်လို့မဟုတ်ပါဘူး ဒကာကြီးရယ်။ နိုင်ငံရေးလည်း ဘုန်းဘုန်းတို့တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ကိုယ့်ဒေသ ကိုယ့်သိက္ခာအတွက် ပါဝင်ရတာ။ မွန်ပြည်နယ်ဘက်မှလည်း ဒီလို ဆန္ဒဖော်ထုတ်တာတို့၊ ဆန္ဒပြတဲ့ အလေ့အထတွေကလည်း တအားနည်းတယ်လေ။ နည်းတဲ့အတွက် နယ်စုံက လာတဲ့ နယ်သူနယ်သားတွေက ဒီလိုဆန္ဒဖော်ထုတ်တာ မလုပ်ဖူးတော့ သူတို့လုံခြံုရေးကိစ္စရော၊ စည်းကမ်းတကျ၊ စနစ်တကျ ဖြစ်အောင်ပေါ့။ အဲ့ဒါကြောင့် ဘုန်းဘုန်းတို့ စိုးရိမ်လို့ ဆန္ဒပြပြီးတဲ့ နောက်ပိုင်းမှာ အချေအတင်အငြင်းအခုံ၊ ဘာညာအဲ့ဒါတွေ ဖြစ်မှာစိုးလို့ရယ်၊ နောက်ပြီးတော့ သူတို့ရဲ့ ဒီဆန္ဒပြပွဲကို လာမယ့်သူက များတော့ အမှိုက်သရိုက်တွေ စားပြီးတော့ စည်းကမ်းမဲ့ပစ်တာတွေ၊ ဒါတွေက မြို့ကျက်သရေ၊ ဘုန်းဘုန်းတို့ လူမျိုးဂုဏ်ကို ထိခိုက်တယ်လေ။ ဒါကြောင့် ဘုန်းဘုန်းတို့အနေနဲ့ ပါဝင်ဖြစ်သွားတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly