အင်စတာဂရမ်အသုံးပြုခြင်းကို လိုတာထက်ပို၍ စွဲလမ်းခဲ့ကြောင်း ဆယ်လီနာဂိုမက်ဇ် ဖွင့်ဟပြောဆို

အင်စတာဂရမ်အသုံးပြုခြင်းကို လိုတာထက်ပို၍ စွဲလမ်းခဲ့ကြောင်း ဆယ်လီနာဂိုမက်ဇ် ဖွင့်ဟပြောဆို

အင်စတာဂရမ်၌ ပရိသတ် ၁၁၃သန်းကျော်ခန့်ရှိသော အသက် ၂၄ နှစ်အရွယ်ရှိ ပေါ့ပ်ကြယ်ပွင့် ဆယ်လီနာ ဂိုမက်ဇ်က ပြီးခဲ့သော ကြာသာပတေးနေ့၌ ပြုလုပ်ခဲ့သော အင်တာဗျူးတွင် သူမသည် လူမှုမီဒီယာများ သုံးစွဲခြင်းကို အလွန်စွဲလမ်းမှုကြောင့် ဗြောင်းဆန်နေခဲ့ရကြောင်းနှင့် ယခုတွင် သူမ၏ ဖုန်းထဲ၌ အင်စတာဂရမ် အက်ပလီကေးရှင်း မရှိတော့ကြောင်း ပြောခဲ့သည်။

“အင်စတာဂရမ်မှာ ပရိတ်သတ်အများဆုံး သူတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ ကျမစိတ်ထဲ ဗြောင်းဆန်သွားခဲ့ ပါတယ်။ အဲ့ဒီ့အရာတွေက ကျမကို ၀ါးမြိုလာခဲ့ပါတယ်။ ကျမ အိပ်ရာကနိုးတော့လည်း အဲ့ဒါ၊ အိပ်ရာဝင်တော့ လည်း အဲဒါကိုပဲ စွဲလမ်းနေခဲ့တာပါ” ဟု ဂိုမက်ဇ်က Vogue မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

ဒါ့အပြင် ဒစ်စနေးချန်နယ်၏ အဆိုရှင်ဟောင်းနှင့် မင်းသမီးဖြစ်ခဲ့သူ ဂိုမက်ဇ်က ပြီးခဲ့သောနှစ် သြဂုတ်လတွင် သူမ၏ Revival ကမ္ဘာလှည့် ဖျော်ဖြေပွဲအစီအစဉ်မှ ရုတ်ရက် နှုတ်ထွက်ခဲ့ရခြင်းမှာ စိတ်ကျဝေဒနာခံစားရခြင်း၊ သောကရောက်ခြင်းနှင့် ကြောက်စိတ်ဝင်ခြင်းတို့အတွက် ကုသမှုခံယူဖို့ဖြစ်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။

သူမသည် သုံးလခန့် ရောဂါကုထုံးများဖြင့် ကုသမှုခံယူခဲ့ရကြောင်း Vogue မဂ္ဂဇင်းအား ပြောပြခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required