စင်ကာပူတွင် အလုပ်ရှင်၏ ယောက္ခမအား ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သည့် မြန်မာအိမ်အကူ ထောင် ၁၃ နှစ်ကျ

စင်ကာပူတွင် အလုပ်ရှင်၏ ယောက္ခမအား ကတ်ကြေးဖြင့် ထိုးသတ်ခဲ့သည့် မြန်မာအိမ်အကူ ထောင် ၁၃ နှစ်ကျ

ဇူလိုင် ၂၈ ရက် ။        ။ စင်ကာပူ၌ မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်သည့် အသက် ၂၅ နှစ်ရှိ အိမ်အကူသည် အလုပ်ရှင်အိမ်ရှင်၏ ယောက္ခဖြစ်သူ အသက် ၈၇ နှစ်အရွယ်အဘွားအိုအား သတ်ဖြတ်မှုဖြင့် ဇူလိုင် ၂၇ ရက်က ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရသည်။

ပြီးခဲ့သည့်နှစ် မတ်လ ၄ ရက်က Bukit Timah အရပ် Hindhede Walk မှ Springdale ကွန်ဒိုမီနီယမ်တွင် အသက် ၈၇ နှစ်ရှိ ယောင်ဝန်လန်းကို မြန်မာအမျိုးသမီး အိမ်အကူ မသန်းသန်းဝင်းက ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်းလည်း ဖြောင့်ချက်ပေးခဲ့သည်။

ယခု ပြစ်ဒဏ်သည် ထောင်ဒဏ် အနှစ် ၂၀ မှ တစ်သက်တစ်ကျွန်းတိုင်အောင် ချမှတ်နိုင်သည့် ပြစ်ဒဏ်ဖြစ်သည်။ စိတ်ကျန်းမာရေးအခြေအနေကြောင့် စီရင်ချက်ပုဒ်မ လျှော့ချကာ ၁၃ နှစ်သာ စီရင်ခဲ့ခြင်းဖြစ်သည်။

Institute of Mental Health မှ စိတ်ကျန်းမာရေး ဆရာဝန်များက မသန်းသန်းဝင်းသည် စိတ်ဝေဒနာရနေသူတစ်ဦးဖြစ်ကြောင်း၊ ပြင်းထန်သည့် စိတ်ကျဝေဒနာဖြစ်ကာ ယင်းအချိန်က စိတ်ဝေဒနာအခြေအနေဆိုး ကို ပြင်းပြင်းထန်ထန် ခံစားနေရကြောင်း ထွက်ဆိုခြင်းဖြစ်သည်။

မသန်းသန်းဝင်းက အဆိုပါအိမ်တွင် လုပ်ကိုင်ခဲ့သည်မှာ တစ်နှစ်ကျော်မျှသာရှိသေးပြီး အဘွားအို ယောင်၏ ဆူပူငြူစူမှုများကို ခံနေရပြီး အခင်းဖြစ်သည့် နံနက်က တစ်အိမ်လုံးတွင် အဘွားကြီးနှင့် နှစ်ယောက်တည်းရှိနေစဉ် ဆူဆဲကြိမ်းမောင်းမှုများကြောင့် စိတ်ဒေါသပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အိမ်မီးဖိုချောင်မှ ကတ်ကြေးကြီးဖြင့် အဘွားကြီးကို အကြိမ်ကြိမ် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့နောက် မသန်းသန်းဝင်းသည် အကျီၤအဝတ်အစားများဖြင့်ပင် ရေချိုးဆေးကြောပြီး တိုက်ခန်းမှ ထွက်လာခဲ့သည်။

တစ်ကိုယ်လုံးရေစိုရွှဲနေကာ ခြေဗလာဖြင့် မသန်းသန်းဝင်းက ဦးတည်ရာမဲ့ လျှောက်သွားနေရာမှ ကုန်ကားတစ်စီးမှ လွှတစ်ချောင်းဖြင့် ကိုယ်ကိုကိုယ် လည်ပင်းလှီးဖြတ်ရန် ကြိုးစားခဲ့ရာ အလုပ်သမားတစ်ဦးက တားဆီး၍ လုံခြုံရေး လက်အပ်ခဲ့သည်။

မသန်းသန်းဝင်းသည် ၎င်းပြုစုစောင့်ရှောက်ရမည့် အသက်အရွယ်အိုမင်းကြီးရင့်နေသူတစ်ဦးကို အဆိုးရွားဆုံး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကတ်ကြေးဖြင့် အချက်ပေါင်း ၂၁ ချက်ထိုးသတ်ခဲ့ရာ တွင် နှလုံးနှင့် အဆုတ်တို့ကို နှစ်ချက် ဆိုးဆိုးရွားရွားထိုးမိခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီး ချန်ဆင်အွန်းက မှတ်ချက်ပြုခဲ့သည်။

Ref; The Straits Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required