YBS နှစ်လပြည့် ခရီးစဉ်နှင့် ပြည်သူ့အသံ

YBS နှစ်လပြည့် ခရီးစဉ်နှင့် ပြည်သူ့အသံ

ရန်ကုန်၊ မတ်လ ၁၆ ။       ။ ယနေ့ မတ်လ ၁၆ရက်နေ့သည် ယခင် မထသ ယာဉ်လိုင်းမှ YBS ဘတ်စ်ကားလိုင်းအဖြစ် ပြောင်းလဲခြင်းဖြစ်စဉ်၏ ၂လ တင်းတင်းပြည့်သည့်ရက်ဖြစ်သောကြောင့် မဇ္စျိမ မှ ပြည်သူ့အသံတစ်ချို့ကို စုစည်းတင်ပြလိုက်ပါသည်။

အောင်သူဖြိုး (ကုမ္ပဏီဝန်ထမ်း)

စနစ်ပြောင်းလိုက်သော်လည်း အဆင်မပြေကြောင်းကို "၀န်ကြီးချုပ် ဖြိုးမင်းသိန်းကတော့ ပြောထားတယ်။ ဘယ်သူမှ ရန်ကုန်မြို့မှာ ခရီးတစ်ခုကိုသွားရမယ်ဆိုလို့ရှိရင် နှစ်ဆင့်သုံးဆင့်၊ သုံးဆင့်ထက် ပိုမစီးရဘူးလို့ပြောတယ်။ အဲ့ဆို ကျွန်တော်ပြောမယ်။ သန်လျှက်စွန်း။ သန်လျှက်စွန်းကနေ ဘုရင့်နောင်ရောက်ဖို့အတွက်ကို လင်းစဒေါင်းအထိ တစ်ဆင့်စီးရတယ်၊ ပြီးအဲ့ဒီကနေပြီးတော့ ဗိုလ်တစ်ထောင်ဘုရားအထိကို စီးဖို့အတွက်က ကားမရှိဘူး။ ရှားတယ်။ ပြီးတော့ ဗိုလ်တစ်ထောင်ကနေ သခင်မြအထိဆိုတာ အနည်းဆုံး လေးဆင့်လောက်စီးရတယ်" ဟု အောင်သူဖြိုးက ပြောသည်။

မဝင်းမာ( ရွှေပေါက်ကံစက်မှုဇုန်အထည်ချုပ်လုပ်ငန်း)

" မှတ်တိုင်တွေမှာလည်း ၅ မိနစ်လောက်ပဲ ရပ်တယ်။ လူတင်လူချသဘောမျိုးပေါ့။ စီးရတာချောင်ချောင် ချိချိလည်း ရှိတယ်။ ခရီးလည်းကြန့်ကြာမှုမရှိဘူး။ အဆင်ပြေပါတယ်"ဟု မဝင်းမာက ပြောသည်။

ဦးမျိုးဝင်း (အငြိမ်းစားဝန်ထမ်း)

"ဆူးလေကနေ အလုံကို ဘယ်လောက်မှဝေးတာမဟုတ်ဘူး။ ဟိုတုန်းက ၁၉၉စီးသွားရင် တစ်ရာပဲပေးရတယ်။ အခုက ဆူးလေကနေ ပန်းခြံကို တစ်ခါ တစ်ဆင့် စီးနေရတယ်။ ပန်းခြံကနေ အလုံကိုဘယ်လောက်မှ ဝေးတော့တာမဟုတ်ဘူး။ နောက်တစ်ဆင့်ထပ်စီးရတယ်။ နှစ်ဆင့်စီးနေရတယ်။ မိုးတွင်းကျရင်ဘယ်လိုလုပ်မလဲ။ တစ်ကားနဲ့တစ်ကား ပြေးတက်နေရတယ်။ နှစ်ဆင့်၊ သုံးဆင့်စီးရတဲ့သူတွေဆို စိုရွှဲသွားမယ်။ ကားပေါ်မှာလည်း အစိုတွေနဲ့ပဲ ဖြစ်မှာဘဲ။ ဦးလေး အနေနဲ့ကတော့ သိပ်သဘောမကျဘူး။ စောင့်ကြည့်နေတုန်းပါ" ဟု ပြောသည်။

မောင်ချစ်ဖူး (ကျောင်းသား)

"ဘယ်ကိစ္စမဆိုတော့ အခက်အခဲတော့ ရှိတာပဲ။ ဒါပေမယ့် အခုက အချိန်လည်းနည်းနည်းကြာလာပြီဆိုတော့ နည်းနည်းအဆင်ပြေလာပါပြီ။ အရင်လိုမဟုတ်တော့ဘူးပေါ့။ ပြောင်းလဲလာပါပြီ။ တစ်ချို့ဟာတွေကတော့ ချောင်ပြီးတော့ တစ်ချို့တွေကတော့ ကြပ်နေတုန်းပါဘဲ။ အချိိန်ယူပြီးတော့ လုပ်ရမှာပဲ" ဟုပြောသည်။

မမေသူရှိန် (ဝန်ထမ်း)

"ထူးခြားတာကတော့ သိပ်မတွေ့ဘူး။ ကားကတော့ကြပ်တယ်။ အရင်လို တစ်လမ်းတည်းမဟုတ်တော့ဘဲနဲ့လေ လမ်းက အနည်းဆုံးနှစ်ခါလောက် ပြန်ပြောင်းစီးရတယ်။ အဆင်မပြေဘူး။ ဖြစ်စေချင်တာကတော့ ကိုယ်ဘယ်နေရာဘဲသွားသွား ခါတိုင်းလို တစ်ဆင့်တည်း ပေါ့နော် အဲ့လိုမျိုးလေး ရောက်စေချင်တယ်။ ရုံးဆင်းရုံးတက်ချိန်အရမ်းကြပ်တဲ့အတွက် မိန်းကလေးတွေအတွက် အဆင်မပြေဘူး။ ကားတွေပိုတိုးလာမယ်ဆိုရင် အဆင်ပြေမယ်"ဟု ပြောသည်။

“ကျွန်တော်တို့က သုံးလတစ်ကြိမ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အခုကျွန်တော်တို့ရဲ့ ဒုတိယလှုပ်ရှားမှုကတော့ ကားတွေအားလုံးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒီ အဆင့်မြှင့်တင်ဆောင်ရွက်တဲ့နေရာမှာ ကားအသစ်တွေဝယ်ယူပြီး ကုမ္ပဏီတွေကနေ စနစ်တကျပြေးဆွဲနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၂၉ရက်နေ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly