အိုဘားမား အီသီယိုပီးယားတွင် လူသားတို့၏ ဘိုးဘေး လူစီနှင့်တွေ့ဆုံ

အိုဘားမား အီသီယိုပီးယားတွင် လူသားတို့၏ ဘိုးဘေး လူစီနှင့်တွေ့ဆုံ

အဒစ်ဘာဘာ၊ ဇူလိုင်-၂၈ ။       ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့ဘိုးဘေးများ၏ တိုက်ကြီးနှင့် ဆက်သွယ်ရန် အာဖရိကသို့ ရောက်ရှိလာခဲ့သည်။ တနင်္လာနေ့က အိုဘိုးမားမှာ လုံးဝခြားနားသည့်အမျိုးအစား ဘိုးဘေးတစ်ဦးဖြစ်သည့် အီသီယိုပီးယားတွင် ရှာဖွေတွေ့ရှိခဲ့သော နှစ်ပေါင်း ၃ဒသမ၂သန်း ကြာမြင့်ခဲ့ပြီဖြစ်သည့် ပရိုင်းမိတ်အရိုးစုတစ်စိတ်တစ်ပိုင်း လူစီကို ကြည့်ရှုခဲ့သည်။

အိုဘားမားက အရိုးများကို ကြည့်လျှက် ‘အံ့သြစရာပဲ’ဟု ပြောသည်။ အရိုးများကို အိုဘားမားကြည့်ရှုနိုင်ရန်အတွက် သူ ညစာစားပွဲတက်ရောက်နေရာ အမျိုးသားနန်းတော်သို့ ပြတိုက်မှ ယူဆောင်လာခဲ့ခြင်း ပင်ဖြစ်သည်။

ဤတန်ဖိုးကြီးမားလှသည့် အရိုးစုအစိတ်အပိုင်းများကို ပြတိုက်မှ လုံခြုံရေးထူထပ်တင်းကျပ်စွာဖြင့် သယ်ထုတ်လာခဲ့ရသည်ဟု သိပ္ပံပညာရှင်များက သတင်းထောက်များကို ပြောကြားခဲ့သည်။

သိပ္ပံပညာရှင်များကိုသာ ထိကိုင်ခွင့်ပြုသည့် အရိုးများကို မစ္စတာအိုဘားမားအား ထိစမ်းကြည့်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ဆိုသည်။

‘အီသီယိုပီးယားကို လူသားမျိုးနွယ်ရဲ့ မွေးဖွားရာနေရာအဖြစ် ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ အသက်အကြီးဆုံးဘိုးဘေးကြီး လူစီကို တွေ့ခဲ့တာပါ’ဟု မစ္စတာအိုဘားမားက ညစာစားပွဲနှောင်းပိုင်းတွင် ဧည့်သည်များအား ပြောကြားခဲ့သည်။

 ‘ကျွန်တော်တို့ရဲ့ ဘိုးဘေးကို တွေ့တဲ့အခါ အီသီယိုပီးယန်းတွေ၊ အမေရိကန်တွေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့လူအားလုံးဟာ မိသားစုအမျိုးအနွယ်ကွင်းဆက်တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေပဲဆိုတာ သတိရစေ ပါတယ်’’ဟု မစ္စတာအိုဘားမားက ပြောကြားခဲ့သည်။

အရိုးစုအကြောင်းပြောနေရင်းမှပင် နိုင်ငံရေးက ကြားဖောက်ဝင်လာရာ မစ္စတာအိုဘားမားအား အရိုးစုများကို ပြသသည့်သိပ္ပံပညာရှင်တစ်ယောက်က ကာလကြာမြင့်စွာကပင် မစ္စတာအိုဘားမားမှာ အမေရိကန်နိုင်ငံတွင် မွေးဖွားခြင်းမဟုတ်ကြောင်း ပြောဆိုလာခဲ့သည့် ဘီလျံနာသူဌေး ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ် ထရန့်အကြောင်းကို ပြောလာသည်။

‘အခုဒီမှာရှိနေတဲ့ လူတိုင်း ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားပေါင်း သန်း၇၀၀၀ဟာ လူစီရဲ့မိသားစုကွင်းဆက်တစ်ခုတည်းက ဆင်းသက်လာခဲ့ကြတာပါ’ဟု အဆိုပါ သိပ္ပံပညာရှင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required