SD အဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရာတွင် အပစ်ရပ်စာချုပ်အတွက် အစိုးရနှင့် သဘောမတူသေးသည့် အချက်များကို ဆွေးနွေးဆဲ

SD အဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရာတွင် အပစ်ရပ်စာချုပ်အတွက် အစိုးရနှင့် သဘောမတူသေးသည့် အချက်များကို ဆွေးနွေးဆဲ
UPWC နှင့် SD အဖွဲ့တို့၏ တနိုင်ငံလုံးပစ်ခတ်တိုက်ခက်မှူရပ်စဲရေး စာချုပ်အတွက် ရှစ် ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၂၂ရက်က ရန်ကုန်မြို့ MPC တွင် ကျင်းပစဉ်။ - ဓာတ်ပုံ သက်ကို

အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏  ပထမနေ့ အစည်းအဝေး တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်မည့် အစိုးရနှင့် သဘောတူညီချက် မရသေးသည့် အချက်  သုံးချက်ကို ဆွေးနွေးနေရဆဲဟု SD အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ  ရန်ကုန်မြို့တွင်  SD အဖွဲ့နှင့်  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့၏ ဆွးနွေးချက်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းမှ သဘော တူညီမှု မရသေးသော အချက် ၃ ချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၂၇ ရက်က စတင် ဆွေးနွေးညှိနှိုင်းနေခြင်း ဖြစ်သည်။

ပဒိုနော်စီဖိုးရာစိန်က  “လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အချက်တချက်၊ လွတ်တော်မှာတင်သွင်းတဲ့ကိစ္စတခုရယ်တွေ၊ အသိသက်သေတွေ ဖြစ်တယ်။ အခု ကျွန်မတို့ တင်ပြပြီး တဖွဲ့ချင်းဆီရဲ့ ဆွေးနွေးတင်ပြ တာဘဲ ရှိတယ်။ မနက်ဖြန်မှာ အားလုံး ဆွေး နွေးပြီးတော့ သဘောတူညီမှု ရယူမှာ ဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။  

ဆွေးနွေးပွဲ ပထမနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ ဆွေးနွေးချက်များကို တင်ပြ၍ သဘောတူညီမှု မရသေးသော အချက် ၃ ကို တစ်ဖွဲ့ချင်းဆီ၏ သဘောထားအမြင်များ တင်ပြခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း၊ လွတ်တော်တင်သွင်း၍ အတည်ပြုချက် ရယူခြင်းနှင့် အသိသက်သေများ ပါဝင်လက် မှတ်ရေးထိုးရန် ဟူသော အချက် ၃ ချက်ကို ဆက်လက် ဆွေးနွေးရန် လိုအပ်နေသဖြင့် ဆွေးနွေးပွဲတွင် တစ်ဖွဲ့ချင်းဆီမှ သဘောထားများ တင်ပြခဲ့ပြီး ဖြစ်၍ ဇူလိုင် ၂၈ ရက်တွင်  ဆက်လက်ညှိနှိုင်းကြမည် ဖြစ်သည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများ အားလုံး ပါဝင်ရေး မူကိုလည်း တစ်ဖွဲ့ချင်း၏ သဘောထားများ တင်ပြခဲ့ပြီး အားလုံး ပါဝင်ရေး၊ မပါဝင်ရေးကို ဆက်လက် ဆွေးနွေး၍ ထိပ်သီး ခေါင်းဆောင်များ၏ သဘောထား အဆုံးအဖြတ်ကိုလည်း တစ်စုံတစ်ရာ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

အားလုံး ပါဝင်ရေး လက်မခံပါက နောက်ဆုံး ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) အပါအဝင် စုစုပေါင်း ၁၆ ဖွဲ့ လက်ခံနိုင်ရေး ဆက်လက် ညှိနှိုင်းမည်ဟု ရန်ကုန်ဆွေးနွေးပွဲတွင် အစိုးရဘက်ကလည်း ပြောဆိုမှုများ ရှိခဲ့သည်ဟု PSLF ဥက္ကဌ မိုင်အိုက်ဘုန်းက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ လောခီးလာညီလာခံ ဆုံးဖြတ်ချက်အတိုင်းတင်ပြတယ်။ အားလုံး စည်းလုံးညီညွတ်ရေးကို ဦးတည်ပြီးတော့ ဒီအတိုင်းဘဲ ဆက်လက် ရပ်တည်ဖို့ ကျနော်တို့ အဖွဲ့ရဲ့ သဘောထားလည်း ဖြစ်တယ်။ ဒီနေ့မှာ အဖွဲ့တွေကိုလည်း ရပ်တည်ဖို့ မေတ္တာရပ်ခံဆွေးနွေးခဲ့တယ်”ဟု   မဇ္ဈိမကို ပြောသည်။    

ရန်ကုန်ဆွေးနွေးချက်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားသော်လည်း အစိုးရဘက်ကမူ လက်မခံဘဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် ၁၄ ဖွဲ့ကိုသာ လက်မှတ်ရေးထိုးရန် တင်ပြထားသည်။

UPWC နှင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့သည် လာမည့် သြဂုတ်လ ပထမပတ်အတွင်း ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူညီထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags