ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းအပေါ် မော်လမြိုင်၌ လူသောင်းချီကန့်ကွက်ဆန္ဒပြရန် စီစဉ်

ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းအပေါ် မော်လမြိုင်၌ လူသောင်းချီကန့်ကွက်ဆန္ဒပြရန် စီစဉ်

ရန်ကုန် ၊ မတ် ၁၅ ။            ။ ယခင် သံလွင်တံတား(ချောင်းဆုံ) ဟု အမည်ပေးထားခြင်းကို ယမန်နေ့က ပြည်သူ့လွှတ်တော်၌ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပြောင်းလဲအမည်ပေးရန် တိုက်တွန်းကြောင်း အဆိုအောင်မြင်ခဲ့ခြင်းကြောင်း အဆိုပါကိစ္စကို မော်လမြိုင်တွင် လူဦးရေ တစ်သောင်းနည်းပါးခန့် ကန့်ကွက်ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြသည်။

"လွှတ်တော်ကနေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ ဆုံးဖြတ်တာ မတရားဘူးလို့ မြင်တယ်။ အဲ့ဒါကြောင့် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်တာ၊ တော်တော်တဖက်သတ်ဆန်တယ်၊ လွှတ်တော်က တိုင်းရင်းသားတွေအပေါ် ဖိနှိပ်သလိုဖြစ်နေတယ်၊ တရားမျှတမှုမရှိဘူး" ဟု သံလွင်တံတား(ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒဖော်ထုတ်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးဝရဝံသ က မဇ္စျိမသို့ မိန့်သည်။

ဆန္ဒဖော်ထုတ်ပွဲတွင် လူဦးရေ တစ်သောင်းနည်းပါးခန့် ပါ၀င်မည်ဟု ခန့်မှန်းထားပြီး အဖွဲ့အစည်းအစုံအလင်ဖြင့် လာမည့် မတ်လ ၁၉ ရက်နေ့ တနင်္ဂနွေနေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါတံတားအမည်ပေးရေးကိစ္စသည် ဖေဖော်ဝါရီလအတွင်းမှာ ကတည်းက ဝေဖန်သံများ ထွက်ပေါ်လာနေခြင်းဖြစ်ကာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက သူ့၏ နှုတ်ထွက်မှုတွင် တံတားအမည်ပေးရေးကိစ္စလည်း အပါအဝင် ဖြစ်နေသည်ဟု ပြောဆိုထားသည်။

တိုင်းရင်းသားရေးရာလူမျိုးများ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၏ သမီးဖြစ်သူ ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် မိကွန်ချမ်းက ပေ ၅၀၀၀ကျော် ရှည်လျားသည့် အဆိုပါတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည် သတ်မှတ်ပေးရန် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် လွှတ်တော်သို့ အဆိုတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က လွှတ်တော်၌ ဆွေးနွေးခဲ့ပြီး ထောက်ခံ ၂၁၇မဲ၊ ကန့်ကွက် ၄၃မဲနှင့် ကြားနေ ၁၁၆မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required