စတုတ္ထမြောက် ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင် ပြည်တွင်းကုမ္ပဏီများ လျှောက်ထားနိုင်

စတုတ္ထမြောက် ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင် ပြည်တွင်းကုမ္ပဏီများ လျှောက်ထားနိုင်

ဇူလိုင် ၂၈ ရက် ။       ။ နိုင်ငံခြားကုမ္ပဏီတစ်ခုခုနှင့် ဖက်စပ်လုပ်ကိုင်မည့် စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင် ရယူနိုင်ရေးအတွက် ပြည်တွင်းကုမ္ပဏီများအား အဆိုပြုလွှာများ ဖိတ်ခေါ်ထားသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးမြင့်မားစေရန်၊ မြို့ပြနှင့် ကျေးလက်တို့တွင် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေးတို့အတွက် ရည်ရွယ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက် အစိုးရသတင်းစာ၌ ဖော်ပြသည်။

စတုတ္တလိုင်စင်ခွင့်ပြုပေးရန် ပထမအဆင့်အနေဖြင့် လိုင်စင်ရယူသုံးစွဲနိုင်မည့် အထူးလုပ်ငန်းကုမ္ပဏီ (Special Purpose Vehicle) တစ်ခု ဖွဲ့စည်းရာတွင် ပါဝင်ရန် စိတ်ဝင်စားသော အမျိုးသားအများပိုင် ကုမ္ပဏီများမှ အဆိုပြုလွှာများကို ခေါ်နေခြင်းဖြစ်သည်။

အထူးလုပ်ငန်းကုမ္ပဏီ ဖွဲ့စည်းပြီးသည့်အချိန်တွင် စတုတ္တလိုင်စင်ချမှတ်ရန် သဘောတူစာချွန်လွှာ ရေးထိုးနိုင်မည်ဖြစ်ပြီး မိတ်ဖက်နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်ကော်ပိုရေးရှင်းတစ်ခု ဖွဲ့စည်းရမည်ဖြစ်သည်။

ထို့နောက်မှ သတ်မှတ်ထားသော အခွန်အခပေးချေရမည်ဖြစ်ပြီး လိုင်စင်အား လွှဲပြောင်းရရှိမည်ဖြစ်သည်။ ယင်းလိုင်စင်သည် 'ကနဦး ၁၅ နှစ် သက်တမ်းရှိမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မူလလိုင်စင် သက်တမ်းအတိုင်း ထပ်မံသက်တမ်းတိုးနိုင်မည်' ဟု ဖိတ်ကြားစာ၌ ဖော်ပြထားသည်။

အဆိုပြုလျှောက်ထားသူများ လိုက်နာရန် ချမှတ်ထားသည့် စည်းမျဉ်း ၈ ခု၌ ကုမ္ပဏီ၏ အရင်းအနှီးမတည်ငွေမှာ အနည်းဆုံး မြန်မာကျပ်ငွေ ၃ ဘီလီယံ ထည့်ဝင်ပြီးဖြစ်၍ ကုမ္ပဏီ၏ငွေကြေး စွမ်းဆောင်ရည် ကိုဖော်ပြမည့် နှစ်ချုပ် စာရင်းစစ် အစီရင်ခံစာ (သို့မဟုတ်) အခြားဘဏ်စာရင်း အထောက်အထားများ ပြသနိုင်ရမည်ဟု ပါရှိသည်။

ပြည်တွင်း၌ ဆက်သွယ်ရေးကဏ္ဍဝန်ဆောင်မှုကဏ္ဍတွင် နော်ဝေနိုင်ငံမှ တယ်လီနောကုမ္ပဏီနှင့် ကာတာ မှ အော်ရီဒူးကုမ္ပဏီများ၊ အစိုးရပိုင် MPT တို့ရှိနှင့်ပြီးဖြစ်သည်။

စတုတ္တမြောက်လုပ်ငန်းလိုင်စင်အတွက် သြဂုတ် ၂၄ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly