အတိတ်၏ သမိုင်းဒဏ်ချက်များတွင် ပိတ်လှောင်ခြင်းမှ ကင်းဝေးရန်

အတိတ်၏ သမိုင်းဒဏ်ချက်များတွင် ပိတ်လှောင်ခြင်းမှ ကင်းဝေးရန်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် လွန်ခဲ့သည့် ၁၃ ရက်နေ့က ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း ၂၉ နှစ်မြောက် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားအတွက် နိုင်ငံတော်၏ အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ရာမှာ နိုင်ငံအတွက် အလင်းပြခဲ့သူများကို တိုင်းပြည်က မမေ့အပ်ဘူး ဟု ပါရှိခဲ့ပါတယ်။

ဒီသဝဏ်လွှာထဲမှာ ထူးထူးခြားခြား မှတ်သားသင့်တဲ့အချက်ကတော့ ရှစ်လေးလုံးအရေးတော်အတွင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်နည်းတူ လူပုဂ္ဂိုလ်အများအပြား ကျဆုံးခဲ့ကြရသည်မှန်သော်ငြားလည်းပဲ ယင်းအတိတ်၏ ဒဏ်ရာဒဏ်ချက်များအတွင်း ပိတ်လှောင်မနေရစ်ကြပဲ သမိုင်းသင်္ခါန်းစာယူကာ ယင်းကဲ့သို့သော အဖြစ်ဆိုးများ ထပ်မံမကြံုရလေအောင် နည်းလမ်းရှာကြဖို့ကိုလည်း တိုက်တွန်းထားတဲ့အချက်ဟာ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။

လက်ရှိကာလရဲ့ နိုင်ငံရေးအနေအထားဟာ သာမာန်အားဖြင့်ကြည့်ရင် ဒါမှမဟုတ် အပေါ်ယံအားဖြင့် ကြည့်လျင် ပြဿနာတွေ တပုံတပင်နဲ့ လုံးခြာလိုက်နေတဲ့အချိန်လို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီလိုအနေအထားဟာ သာမန်ပြဿနာများသာ ဖြစ်ပါတယ်။ အဓိကကျတဲ့ ပြဿနာနဲ့ အခြေခံကျတဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ ကြည့်တတ်ကြမယ် ဆိုရင် အခြေခံပြဿနာနဲ့ အဓိကပြဿနာတွေကတော့ တရားအရ ရှေ့ဆက်သွားနေမြဲ သွားနေပြီဆိုတာ တွေ့ကြရမှာပါ။ ဥပမာ မိမိတို့နိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းဟာ ရှေ့ဆက်သွားနေမြဲသွားနေလျက်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ တခါတရံ အဖုအထစ်တချို့ တစ်စုံတရာအားဖြင့် အပြင်းအထန် ရှိလာရင်လည်း မိမိတို့တိုင်းပြည်ရဲ့အနာဂတ်ဟာ အာဏာရှင်စနစ်ဆီ ဦးမလှည့်တော့ဘဲ တရားအရ ပြည်သူအများစုကြီးရဲ့ ဆန္ဒအရ ဒီမိုကရေစီမုဒ်ဦးဆီကိုသာ ဦးတည်သွားနေမြဲ သွားနေတော့မှှာ ဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒါပေမယ့် လမ်းခုလတ်မှာ ကြန့်ကြာသွားစေတာမျိုး၊ ယာယီနောက်ပြန်ဆုတ်တာမျိုးနဲ့ အခက်အခဲ ကြီးစေတာမျိုးတွေကတော့လည်း ရှိပါလိမ့်မယ်။ ဒီလိုအခက်အခဲတွေဟာ ဒီမိုကရေစီ ဆန့်ကျင်ရေးသမားတွေရဲ့ ပယောဂကြောင့်ဖြစ်နိုင်သလို ကိုယ့်ဖါသာကို ဖန်တီးတဲ့ ပယောဂကြောင့်လည်း ဖြစ်နိုင်တာပါပဲ။ ဥပမာအားဖြင့်ပြောရရင် တချိန်က ကိုယ်ခံစားခဲ့ရသမျှ မကြေနိုင်မချမ်းနိုင်   ဒေါသရှေ့ထား အငြိုးအတေးကြီးစွာ သွေးကို သွေးနဲ့ ချေပရလိမ့်မယ်ဆိုတဲ့အမြင်နဲ့ နာကျည်းခံပြင်းစိတ်နဲ့ စိတ်လိုက်မာန်ပါ လက်စားချေလိုစိတ်၊ သူလုပ်သလို သူမှားသလို ကိုယ်ကလည်း လိုက်မှား၊ လိုက်လုပ် လိုက်တာမျိုးတွေ လက်တွေ့ကျင့်သုံးမိရင်တော့ မိမိတို့ရဲ့ ဒီမိုကရေစီသွားရာ လမ်းကြောင်းဟာ တစ်စုံတရာ နှောင့်နှေးစေနိုင်ပြန်ပါတယ်။

ဒီလို အတိတ်ကို သခန်းစာယူဖို့ကြိုးစားခြင်းထက် လက်စားချေ နာကျည်းစိတ်ကိုပဲ အခြေခံထား ပြုမူဆောင်ရွက်ခြင်းဟာ တကယ်တော့ အတိတ်ရဲ့ အကျဉ်းသားအဖြစ် ကျရောက်စေတဲ့ အခြေအနေများပဲဖြစ်ပါတယ်။ တကယ်တော့ မိမိတို့ဟာ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်များရဲ့ ပိတ်လှောင်ထားမှုက လွတ်အောင် ရုန်းထွက်ကြရမှာ အသေအချာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုချင်တဲ့ အတိတ်ရဲ့ကျေးကျွန် အဖြစ်မခံကြဖို့ဆိုတာကလည်း ဒါပါပဲ။

ဒါကြောင့်မို့ မိမိတို့အနေနဲ့ မိမိတို့မျှော်မှန်းတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ အလျင်အမြန်ရောက်ဖို့ဆိုလျင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောသလို အတိတ်ရဲ့ ဒဏ်ရာ ဒဏ်ချက်များရဲ့ ပိတ်လှောင်ထားမှုထဲက လွတ်မြောက်အောင် ရုန်းထွက်ကြပြီး အတိတ်ကဖြစ်ခဲ့တဲ့ အလားတူအဖြစ်အပျက်မျိုးတွေ နောက်ထပ် ဖြစ်မလာစေရေး နည်းလမ်းရှာတတ်ကြဖို့နဲ့ သင်ခန်းစာယူတတ်ကြဖို့သာ လွန်စွာအရေးကြီးကြောင်း တိုက်တွန်းလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly