Mrs Myanmar နှင့် Ms Myanmar 2017 အလှမယ်ပြိုင်ပွဲအတွက် ဝိတ်ချနေသည့် သရုပ်ဆောင် မတူး

Mrs Myanmar နှင့် Ms Myanmar 2017 အလှမယ်ပြိုင်ပွဲအတွက် ဝိတ်ချနေသည့် သရုပ်ဆောင် မတူး

ရန်ကုန်၊ မတ် ၁၅ ။            ။ Miss Golden Land Myanmar မှ ကြီးမှူးကျင်းပမည့် အိမ်ထောင်ရှင် အမျိုးသမီးများနှင့် အပျိုကြီးများအတွက် ပြုလုပ်သည့် Mrs Myanmar နှင့် Ms Myanmar 2017 အလှမယ်ရွေးချယ်ပွဲကြီးတွင် အသက် ၆၂နှစ် ရှိပြီဖြစ်ပြီး သရုပ်ဆောင်တစ်ဦးဖြစ်သည့် သရုပ်ဆောင် မတူး လည်းဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

Mrs Myanmar နှင့် Ms Myanmar 2017 အလှမယ်ရွေးချယ်ပွဲကို အိမ်ထောင်ကျဖူးသူ (သို့မဟုတ်) လက်ရှိ အိမ်ထောင်ရှင် အမျိုးသမီးတိုင်း ပြိုင်ပွဲဝင်ဖို့ လျောက်ထားနိုင်ပြီး သားသမီး ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ ပြိုင်ပွဲဝင်နိုသလို အိမ်ထောင်မရှိသူများလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။

သရုပ်ဆောင် မတူးက “အန်တီက ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ ၂၀၁၃ကစပြီး မြန်မာနိုင်ငံမှာ Miss တွေပေါ်လာတော့ သဘောကျတယ်။ သူတို့လေးတွေကိုကြည့်ပြီး အတုယူနေရတယ်။ အခု အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် ပြိုင်ပွဲလေးပေါ်လာတော့ ဘယ်သူမှ မသိအောင် သွားလျှောက်လိုက်တာ။ ကိုယ်က ဒီပြိုင်ပွဲမှာ အသက်ကြီးဆုံးလည်း ဖြစ်တယ်။ အခုပြိုင်ပွဲအတွက် ဝိတ်ချတဲ့အနေနဲ့ အစာငတ်ခံနေရတယ်” ဟု ပြောသည်။

Mrs Myanmar နှင့် Ms Myanmar 2017 အလှမယ်ရွေးချယ်ပွဲ အတွက် ပြိုင်ပွဲဝင်ခွင့်လျောက်ထားသူ စုစုပေါင်း (၂၈၇၃)ဦးမှ အသင့်လျော်ဆုံး ဆန်ခါတင် (၄၀၀)ဦးခန့်ကို ရွေးချယ်ခဲ့သလို ထိပ်ဆုံးအဆင့်အဖြစ် လက်ရွေးစင် ၆၀ဦးခန့်ကို ထပ်မံ ရွေးချယ်ပြီး ဖြစ်သည်။

ထိုပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်များသည် မတ်လ ၁၇ရက်မှ စတင်ပြီး ပြိုင်ပွဲနှင့် ပတ်သက်သည့် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ချီးမြှင့်မည့် People's Choice ဆု အတွက်လည်း အွန်လိုင်းမဲပေးမှုများ စတင်နေပြီ ဖြစ်သည်။

အသက် ၃၅နှစ်နှင့်အောက် အိမ်ထောင်ရှင် အလှမယ်များအတွက်လည်း Junior Mrs Myanmar 2017 ပြိုင်ပွဲကို တစ်ပွဲသီးသန့် ကျင်းပပေးသွားမည်ဖြစ်ပြီး ဆန်ခါတင်အလှမယ် (၅၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ကာ အသက် ၃၅နှစ်နှင့်အောက် အိမ်ထောင်ရှင်အလှမယ် Junior Mrs Myanmar 2017 သရဖူဆုရှင်ကို ရွေးချယ်ပေးမည် ဖြစ်သည်။
 
Mrs Myanmar & Ms Myanmar 2017 ရွေးချယ်ပွဲတွင် အသက်အရွယ်အပိုင်းအခြားနှင့် အိမ်ထောင်ရှိ မရှိကို မူတည်ပြီး အနိုင်ရသရဖူဆုရှင်များရွေးချယ်မည် ဖြစ်သည်။ အသက် ၃၆ မှ ၄၄ထိ အိမ်ထောင်ရှင်မ - Mrs Myanmar ၊ အသက် ၄၅ နှင့် အထက် အိမ်ထောင်ရှင်မ - Classic Mrs Myanmar၊ အသက် ၃၅ နှစ်နှင့် အောက် Single or Single Mom or Divorced အမျိုးသမီး - Junior Ms Myanmar ၊ အသက် ၃၆ မှ ၄၄ ထိ Single or Single Mom or Divorced အမျိုးသမီး - Ms Myanmar၊ အသက် ၄၅ နှင့်အထက် - Classic Ms Myanmar သရဖူဆုရှင် အဖြစ် ရွေးချယ်ပေးမည် ဖြစ်သည်။

Mrs Myanmar & Ms Myanmar 2017 ပြိုင်ပွဲကို မတ်လ ၂၈ရက်တွင် Myanmar Convention Centre (MCC) ၌ ပြုလုပ်မည် ဖြစ်ပြီး မတ်လ ၂၉ရက်မှာတော့ Junior Mrs Myanmar 2017  ပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required