ပခုက္ကူမြို့က အမျိုးသမီး သုဘရာဇာ ဒေါ်ကြည်ကြည်ဝင်း

15 March 2017
ပခုက္ကူမြို့က အမျိုးသမီး သုဘရာဇာ ဒေါ်ကြည်ကြည်ဝင်း

မြန်မာနိုင်ငံမှာက သုဘရာဇာဆိုတဲ့ အသုံးအနှုန်းကို မြန်မာ့လူ့အသိုင်းအဝိုင်းထဲမှာ အတိတ်နိမိတ် မကောင်းတဲ့လက္ခဏာ၊ မကောင်းတဲ့အရာ၊ စကားတွေကနေ ထည့်မပြောကောင်းတဲ့ အရာတွေလို့တောင် သတ်မှတ်မှုတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားတွေပဲ သုဘရာဇာလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့်လည်း မကွေးတိုင်း ပခုက္ကူမြို့က ဒေါ်ကြည်ကြည်ဝင်းကတော့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့်  သုဘရာဇာလုပ်ငန်းကို လုပ်ကိုင်လာတာ အခုဆို ၁၀ နှစ်တောင်ကျော်လာပါပြီ။ သူ့အနေနဲ့ ဘာ့ကြောင့် သုဘရာဇာလုပ်ငန်း လုပ်ကိုင်လာရတယ် သုဘရာဇာတစ်ယောက်ရဲ့  အမြင်အယူအဆတွွေကို အောက်ပါအတိုင်း ပြောဆိုသွားတာ တွေ့ကြရပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

အမျိုးသား ဆုံးသွားကတည်းက ဒီလုပ်ငန်းထဲကို ဝင်လိုက်တာ အလုပ်ကိုလည်း သူများတွေလုပ်တာလည်း အားမရဘူးပေါ့နော်။ အဲလိုတွေ အားမရတော့ သူများ လုပ်တာကိုင်တာ အားမရတော့ ကိုယ့်ဘာသာကိုယ် ဝင်လုပ် ကိုယ့်ဘာသာကိုယ်ပဲ ဒီလုပ်ငန်းကို လုပ်လိုက်တော့ စိတ်ဝင်စားတာလည်း ပါတာပေါ့။ ဒီလုပ်ငန်းက ဘာပဲဖြစ်ဖြစ် ကုသို်လ်လည်းရတယ်ပေါ့။

စပြီးတော့ လုပ်ခါစက ကျွန်မအမျိုးသားရှိစဉ်တုန်းက နည်းနည်း အခက်အခဲလေးတွေတော့ တွေ့တာပေါ့။ သူက ဒီမှာနေရတာကျတော့လည်း သူတစ်ယောက်တည်းလည်း မနေရဲဘူး။ နောက်ပြီးတော့ ကျွန်မတို့ မိသားစုကြတော့လည်း ဒီမှာ သူက ခေါ်ထားပေမယ့်လည်း လုပ်ငန်းအတိုင်းအတာတွေကျတော့ သူက ဒီလိုတွေ ထွက်လုပ်တာတွေလည်း မကြိုက်ဘူး။ အဲလိုမျိုး သူလုပ်တဲ့အခါမျိုးတွေ ကျမဝင်ပြီးတော့ ကူလုပ်တာတွေ သူက မကြိုက်ဘူး။ ကလေးတွေနဲ့ ဘာတွေနဲ့ဆိုတော့လည်း နည်းနည်း အခက်အခဲလေးတွေတော့ ရှိတာပေါ့။

မဇ္ဈိမ

ဝင်ငွေရရှိမှုမမှန်တဲ့ သူ့အဖို့ အခက်အခဲတွေကတော့ ကြီးမားပုံရပါတယ်။ သူ့မိသားစု အခြေအနေကို ဒေါ်ကြည်ကြည်ဝင်းက အခုလို ရှင်းပြပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

အဲဒီတုန်းက အခြေအနေကလည်း ဒီလောက်ကြီးတော့ မကြပ်တည်းဘူး။ ကလေးတွေပညာရေး အကြီးကောင်လေးနှစ်ယောက်ဆိုရင် ဒီလုပ်ငန်း သူ့အဖေဆုံးသွားတော့ ကျောင်းထွက်ပေးတယ်လေ။ သူ့အဖေမဆုံးခင်ကတော့ ကလေးတွေက ကျောင်းက ၅ ယောက်ပဲ ပြောပါတော့။ အဲဒီတုန်းက ၅ ယောက်ရှိခဲ့တာ၊ ခုတော့ ကျောင်းကိုလည်း အခက်အခ ဲလေးတွေ ရှိတဲ့အခါကျတော့ သိပ်ပြီးတော့ မထားနိုင်ဘူး။

မဇ္ဈိမ

အခြေအနေတွေ ကြပ်တည်းခက်ခဲပေမယ့်လည်း မိသားစုရဲ့ စားဝတ်နေရေး ခက်ခဲပေမယ့်လည်း သားသမီးတွေရဲ့ ပညာရေးကို ဆုံးခမ်းတိုင်အောင် ရောက်အောင်ပို့မယ့်သူလည်း ဖြစ်တယ်ဆိုတာနဲ့ မိသားစုကို ဦးဆောင်နေသူဖြစ်တယ်ဆိုတာကို သူပြောပြထားတဲ့စကားထဲမှာ တွေ့ကြရပါတယ်။  

ဒေါ်ကြည်ကြည်ဝင်း

အခု မိသားစုကတော့ ရ ယောက်ရှိတယ်။ သားအကြီးတွေကလည်း အိမ်ထောင်သည်တွေလို့သာပြောတာ ကျွန်မကပဲ ကျွေးရတယ်။ ကျွန်မကပဲ အကုန်ခံပြီးတော့ လုပ်ကိုင်ကျွေးရတယ်။ အပြင်ကိုလဲ ခွဲမထုတ်တော့ဘူး။ သူများဆီမှာလည်း ထည့်မလုပ်ခိုင်းဘူး။ လုပ်ငန်းတွေဘာတွေရှိလဲ သူတို့ နည်းနည်းပါးပါး ကူခိုင်းရတာပေါ့။ ကျောင်းတက်တဲ့သူကလည်း တက်ပေါ့။ အဲလိုမျိုး လုပ်ရတာပေါ့။ မိသားစု ရ ယောက်ရှိတာ ဒီမှာ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ကိုင်ရတာပေါ့။

မဇ္ဈိမ

သုဘရာဇာဆိုတဲ့ အလုပ်ကြောင့် ခင်ပွန်းဖြစ်သူရှိတဲ့အချိန်က ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက ရှောင်ဖယ်မှုတွေ ရှိနေပေမယ့် အခုချိန်မှာ မရှိတော့ဘူးလို့ သူက ဆိုပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

အရင် ကျွန်မအမျိုးသားတုန်းကတော့ သူတို့နဲ့တုန်းကတော့ ဘာပဲဖြစ်နေနေ လူတွေက ရွေးချင်ကြတယ်။ သာရေးနာရေးတွေ ဘာတွေလည်း သွားတော့သွားတယ် ဖိတ်တော့ မဖိတ်ဘူးပေါ့။ အခုကျတော့ လူမှုရေးလေးတွေ ဘာတွေ ရှိလာတယ်။ ဘယ်သူကမှမရွေးဘူး။ အတူတူပဲ။ ကုသိုလ်လုပ်တဲ့အခါပဲဖြစ်ဖြစ် သာရေးနာရေးပဲဖြစ်ဖြစ် ကျွန်တော်တို့ ဝိုင်းဝန်းပြီး လုပ်ပြီးတော့ အတူတူပဲ စားကြတာ။ ဟာ ဒါ သုဘရာဇာစားနေလို့ ဒီနေရာကနေ ရှောင်သွားပါမယ်ဆိုတဲ့သူ မရှိဘူး။ ဒီပခုက္ကူမှာတော့ အဲလိုတော့ မတွေ့ဘူး။

ကျွန်မရဲ့ဝင်ငွေကတော့ လုပ်ငန်းပေါ် မူတည်တယ်။ လုပ်ငန်းက သုံးခုရှိတယ်ဆိုရင် တစ်နေ့မှ ကျွန်မတို့က ကျင်းတစ်ကျင်းမှ ၂၅၀၀ ပဲရတယ်။ ဒါပေမယ့်လည်း အမြဲတမ်းရယ်လို့ လုပ်ငန်းက မရှိဘူး။ မီးသဂြိုလ်စက်မှာဆိုလို့ရှိရင်လည်း ကျွန်မတို့က လုပ်အားခက ၃၀၀၀ ပဲရတာ။ လူတစ်ယောက်ကို ရွေ့လိုက်လို့ရှိရင်ပေါ့။ အဲမှာ သူတို့က ၂ ယောက်ငှားခိုင်းတာဆိုတော့ ကျွန်မက ၂ ယောက်စာကို ၆၀၀၀ ပေါ့။ ကျွန်မ လုပ်ငန်းလုပ်လိုက်တယ်။ ဘယ်သူမှလည်း မခေါ်တော့ဘူး။

မဇ္စျိမ

သုဿာန်ထဲမှာ အလုပ်လုပ်ခြင်းဟာ သူများတကာရဲ့အဆင်မပြေမှုတွေကိုက အဆင်ပြေစေချင်တဲ့ဆန္ဒနဲ့ လုပ်ငန်းအပေါ် လေးစားလို့ လုပ်နေခြင်းဖြစ်ကြောင်းကိုလည်း ဒေါ်ကြည်ကြည်ဝင်းက နိဂုံးချုပ်အနေနဲ့ ရှင်းပြသွားပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

ကျွန်မ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ မသေမချင်းလုပ်မယ်လို့တော့ စဉ်းစားထားတယ်။ လုပ်ငန်းကို ကိုယ်က သဂြိုလ်တဲ့အခါမျိုးမှာ အမျိုးမျိုးတွေ တချို့က သူတို့က ဘယ်လိုခေါ်မလဲ နာရေးနဲ့လာတာဆိုတော့လေ  အပူနဲ့လာတာမျိုးကို အခက်မသင့်လို့ အဆင်မပြေမှာမျိုးတွေပေါ့နော်။ ဆင်မပြေမှာမျိုးတွေ အခက်အခဲတွေနဲ့ ဒီလိုမျိုး လာတဲ့အခါမျိုး ကိုယ်ရှိနေတဲ့အခါကျတော့ လုပ်ငန်းအပေါ်ကိုလည်း လေးစားတဲ့အပိုင်း ပါတာပေါ့။ လုပ်ငန်းကို လေးစားတဲ့အပိုင်းပါတာ ကိုယ်ရတာ မရတာအသာထား လုပ်ငန်းအဆင်ပြေသွားရင် ကိုယ်က စိတ်ချမ်းသာတယ်လေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly