နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ်အကြွေးတစ်ခု

နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ်အကြွေးတစ်ခု

မကြာသေးခင်က ရန်ကုန်မြို့တွင်ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ချီးကျူးဂုဏ်ပြုပွဲ အခမ်းအနားကျင်းပသွားတာ တွေ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး နှစ်ယောက်လုံးကို ချီးကျူးစကားများ ပြောကြားသွားသည်။ ကျန်ရစ်သူ မိသားစုနှစ်စုအနေဖြင့် မိမိတို့မိသားစုဝင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းပူဆွေးနေကြမည်မှာ မှန်သော်လည်း တစ်ဖက်က ယခုလို တစ်တိုင်းတစ်ပြည်လုံးက မိမိတို့ကို နှုတ်အားဖြင့်တင်မက ငွေအား၊ လူအားဖြင့်ပါ ဝိုင်းဝန်းဖေးမ ကူညီကြသည်ကို မြင်ရသဖြင့် ဖြေသာမည်၊ မိမိတို့ ချစ်ခင်ရသည့် သွားလေသူ နှစ်ဦးအတွက် ဝမ်းမြောက်ဂုဏ်ယူကြလိမ့်မည်၊ စိတ်ဒဏ်ရာများလည်း နက်နက်မကျန်ရစ်နိုင်ဟု ယုံကြည်ပါသည်။

သို့ရာတွင် ကျွန်တော်တို့ မေ့နေခဲ့ကြသော မမေ့အပ်သောကိစ္စတစ်ခု ရှိပါသေးသည်။ ဦးကိုနီနှင့် ကိုနေဝင်းတို့လောက် လူသိမများ၊ ဟိုးလေးတကျော်မဖြစ်ဘဲ လူမသိသူမသိ   ပေးဆပ်ခဲ့ကြသူ   တွေအတွက်လည်း စာနာကြောင်း၊ လေးစားဂုဏ်ယူကြောင်း၊ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖ ဖြစ်သည်။ ၁၉၆၂ အာဏာသိမ်းသည်မှစကာ ၂ဝ၁ဝနောက်ပိုင်း မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ကာ တွန်းတင်ပေးခဲ့ကြသူ အပေါင်းဒုနှင့်ဒေး ရှိခဲ့သည်။ ထိုသူတို့သည် မည်သည့်အကျိုးစီးပွားကိုမျှ မျှော်ကိုး၍မဟုတ်ဘဲ အမှန်တရားကို ချစ်မြတ်နိုးစိတ်၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လောကပါလတရားများ ထွန်းကားရေးတို့ကို လိုလားသော စိတ်တစ်ခုတည်းဖြင့် ကျရာနေရာမှ ဝင်ရောက်ကာ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။

၁၉၆၂ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အကြား နှစ် ၅ဝကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဒုက္ခရောက်သူ၊ ဘဝပျက်ခဲ့သူတွေ တစ်ပုံတစ်ပင်ရှိသည်။ လမ်းပေါ်ထွက် ဆန္ဒပြ၍   ထောင်ကျခံ၊   ညှဉ်းပန်းနှိပ်စက်ခံ၊ နောက်ဆုံး အသက်အသေခံခဲ့ရသူတို့သာလျှင် စနစ်ဆိုး၏ဒဏ်ကို ခံစားခဲ့ရသည် မဟုတ်။ နိုင်ငံရေး လုပ်မိသူတို့၏ နီးစပ် ပတ်သက်သည့် မိသားစုဝင်၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းများလည်း တစ်နွယ်ငင် တစ်စင်ပါ ခံစားခဲ့ကြရသည်။ လက်နက်ကိုင် တောခိုသွားကြသူတို့၏ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများလည်း အမျိုးမျိုးဒုက္ခပေးခံခဲ့ရသည်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်၏ ဖခင်သည် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းခံခဲ့ပြီးနောက် သူတို့မိသားစု ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြသည်။ တစ်ချိန်က နိုင်ငံရေးလုပ်ဖော်လုပ်ဖက်များကလည်း သတင်းမမေး၊ အားပေးနှစ်သိမ့်မှု မရှိခဲ့ကြဟု ဆိုသည်။

ဖခင်ဖြစ်သူ အဖမ်းခံရသည့်နောက် အိမ်မှာမိန်းမတွေချည်း ကျန်ရစ်ခဲ့သည်။ အိမ်ရှင်က အိမ်လခတိုးတောင်းတာ ခံရသည်။ မိခင်ဖြစ်သူမှာအစိုးရဝန်ထမ်းဖြစ်ရာ နောက်ဆုံးရမယ်ရှာပြီး အလုပ်ဖြုတ်ခံရသည်။ အပြင်မှာ စာပြစားဖို့ လုပ်တာကိုပင် ထောက်လှမ်းရေးက စာမသင်နိုင်အောင ်အမျိုးမျိုးလိုက်နှောင့်ယှက်သည်။ ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြင့် ဖြတ်သန်းရသည်။ စာအုပ်များကို အဟောင်းတန်းတွင် ရောင်းစားရသည်အထိ ဖြစ်သည်။ နိုင်ငံရေးသမားမိသားစုဆိုလျှင် ပတ်ဝန်းကျင်က မဆက်ဆံချင်ကြ။ ကူကွယ်ရာမဲ့ဘဝ ရောက်ရသလိုရှိခဲ့သည်။ အမေနှင့်သမီးတွေချည်း ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့ရသည်။

ကျွန်တော့်မိတ်ဆွေလို ခါးသီးသည့် အတွေ့အကြုံများကို ခံစားခဲ့ရသူပေါင်း မြန်မာနိုင်ငံတွင် ထောင်သောင်းသိန်း ဂဏန်းမျှ ရှိနိုင်သည်။ ထိုခံစားခဲ့ရသူများမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စုဆောင်းပြုစုထားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း/သစ် စာရင်းဝင်နေသူ ဦးရေထက် ပိုသည်။ ထောက်လှမ်းရေးက ညကြီးအချိန် မတော် တံခါးလာခေါက်ပြီး “မေးစရာရှိလို့ လိုက်ခဲ့ပါဦး”ဟုခေါ်သွားကာ ကံကောင်းစွာဖြင့် ပြန်လွှတ်ခံခဲ့ရဖူးသူအားလုံး၊ ထိုသူတို့နှင့် ပတ်သက်ပြီး ထိခိုက်ခံစားခဲ့ရသူအားလုံး၊ ၁၉၈၈၊ ၂ဝဝ၇ စသည့် အရေးအခင်းတို့တွင် လမ်းပေါ်ထွက် ဆန္ဒပြ၍ဖြစ်စေ၊ ဘေးကရပ်ကြည့်ရာမှဖြစ်စေ ကျည်သင့်ကာ ကွယ်လွန်ခဲ့သူများအားလုံး၊ ရိုက်နှက် ဖမ်းဆီးခံရသူအားလုံး၊ လိင်ပိုင်းအစော်ကားခံခဲ့ရသူ အားလုံးစသည်ဖြင့် အာဏာရှင်စနစ်ဆိုး၏ ရိုက်ချက်ကို အဖျားအနားပင်ဖြစ်စေ ထိမှန်ခဲ့ကြသူအားလုံးကို ဆိုလိုသည်။ ကျွန်တော်ငယ်ငယ်က နေခဲ့သည့် ရပ်ကွက်ထဲတွင် ၉/၁၁ တိုက်ခိုက်မှုပြီး ကာလလောက်က ဖြစ်မည်၊ ကျောချင်းကပ်လမ်းက မွတ်စလင်ကောင်လေးတစ်ယောက်ကို ထောက်လှမ်းရေးက အယ်လ်ကိုင်ဒါနှင့် ပတ်သက်သည် ဟု သံသယဖြင့် ဖမ်းဆီးသွားခဲ့ရာ စစ်မေးရင်း လက်လွန်သွားခဲ့သည်။ ထောက်လှမ်းရေးက ထိုကောင်လေး၏ မိသားစုဝင်များအား သည်ကိစ္စမ ပေါက်ကြားစေရန်နှင့် နာရေးကို တိုးတိုးတိတ်တိတ်လုပ်ရန်သာ လာသတိပေးခဲ့သည်ဟု နောက်ပိုင်း ပြန်ကြားရသည်။ ထိုသို့သော အညတရပေါင်းများစွာ ရှိသည်။ သူတို့အတွက် သို့မဟုတ် သူတို့၏ ကျန်ရစ်သူအသိုင်းအဝိုင်းအတွက်လည်း ထည့်စဉ်းစားဖို့လိုသည်။

ခေတ်ဆိုးစနစ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများအနက် အဆိုးရွားဆုံးက ဥမမည် စာမမြောက် ကလေးငယ်များ ဖြစ်သည်။ ကိုယ်အားကိုးသည့် မိဘ၊ ဆွေမျိုး၊ စသည်တို့ ဒုက္ခရောက်၊ အသက်ဆုံးသည်ကို မြင်ရရာမှ သွေးပျက်ကာ တစ်သက်လုံး စိတ်ရောဂါရသွားသည့် ကလေးငယ်များက ဘဝမှာ အနစ်နာဆုံးဖြစ်သည်။ လူကြီးဆိုသည်က ကိုယ်ယုံကြည်ရာကို လုပ်ခြင်းဖြစ်၍ ဘာပဲဖြစ်လာဖြစ်လာ ဖြေသာနိုင်သေးသည်။ စိတ်ကြံ့ခိုင် နိုင်သေးသည်။ ကလေးဆိုသည်ကတော့ နုနယ်စဉ်မှာ စိတ်ထဲကို ဒဏ်ရာနက်နက် ဝင်သွားခဲ့လျှင် တစ်သက်လုံး နာလန်ထူမည် မဟုတ်တော့။ သူတို့၏ ပညာရေး၊ ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေး အားလုံးထိခိုက် နစ်နာသွားတော့မည်။ တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသများမှာ ဆိုလည်းသည်အတိုင်း။ မိမိရှေ့မှာလူတွေ ရုပ်ပျက်ဆင်းပျက်သေကြ၊ ရွာတွေ မီးရှို့ခံရတာကို မြင်ရ၊ ကိုယ့်ရှေ့မှာ သူများကို ကျူးလွန်တာဖြစ်စေ၊ ကိုယ့်ကိုကျူးလွန်တာဖြစ်စေ ခံစားရပြီဆိုလျှင် ထိုကလေးငယ်များသည် တစ်သက်လုံး ပုံမှန်ဘဝမှာ နေသွားဖို့ မဖြစ်နိုင်တော့။ စောစောက ပြောခဲ့သည့် ကျွန်တော့် မိတ်ဆွေဆိုလျှင် တစ်သက်လုံး အမုန်းတရားဖြင့် ကြီးပြင်းလာခဲ့ရသည်ဟု ဆိုသည်။ ဒုက္ခရောက်နေသည့် အချိန် ရုပ်ဝတ္ထု အကူအညီထက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမ ှုမရခဲ့ခြင်းက အမုန်းတရားကို မီးတောက်စေသည့် အဓိက အကြောင်းအရင်း ဖြစ်မည်ထင်သည်။ ဆိုလိုသည်မှာ ထိခိုက်နစ်နာခဲ့သူများအတွက် စစ်အစိုးရ အဆက်ဆက်သာလျှင် တရားခံမဟုတ်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်များ ကိုယ်တိုင်လည်း တာဝန်ရှိသည်။ ပြည်သူများအကြားတွင် ဘယာဂတိ အစိုးမိုးမခံဘဲ မတရားမှုကို ငုံ့မခံစိတ်၊ နစ်နာသူအပေါ် အားပေးဖေး ကူချင်စိတ်များ ထိုစဉ်က ကိန်းအောင်းခဲ့လျှင် ကျွန်တော့်မိတ်ဆွေသည် အစိုးရဆိုးကြောင့် ဖခင်ထောင်ကျနေရဦးတော့၊ မိသားစုဝင်များသည်လောက် ဒုက္ခမရောက်နိုင်၊ အမုန်းတရားများလည်း သည်မျှမပွားစည်းနိုင်ဟု သုံးသပ်မိသည်။ခုတော့ အစိုးရကတင်မက ပတ်ဝန်းကျင်ကပါ ရေနစ်သူ ဝါးကူထိုးသလို ဖြစ်သည်ဟု သူ့ဖြစ်ရပ်ကို ကြည့်၍ ခံစားရသည်။

ကျွန်တော်ညွှန်ပြလိုသည့်အချက်မှာ ထိုသို့သော ထိခိုက်ခံစားခဲ့ရသူများအတွက် နိုင်ငံတော်က မည်သို့သော အစီအစဉ်ဖြင့် ပြန်လည်ကုစားပေးမည်နည်းဆိုသည့် အချက်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူများအတွက် ပုံမှန်အချိန် တစ်ခုရောက်တိုင်း ကူညီစောင့်ရှောက်ပေးမည့် အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် စသည် ယနေ့ ပေါ်ထွက်လာကြပြီ ဖြစ်သည်။

သို့သော်လည်း အပေါ်တွင် ပြောခဲ့သလို စိတ်ဒဏ်ရာဖြင့် ကြီးပြင်းခဲ့ရသူများအတွက် ရုပ်ပိုင်းမဟုတ်သည့် မည်သို့သော ပြန်လည်ထူထောင်ရေး အစီအစဉ်ကို လုပ်ဆောင်မည်ကို နိုင်ငံတော်အနေဖြင့်၊ အထူးသဖြင့် လက်ရှိအစိုးရအနေဖြင့် စဉ်းစားထားသည်ကို သိရှိလိုသည်။ ဒါက စနစ်အကူးအပြောင်းကို ဖြတ်သန်းနေရသည့် နိုင်ငံတိုင်းအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာမှာတော့ Transitional Justice “အသွင်ကူးပြောင်းကာလ တရားမျှတမှု”ဟုခေါ်ကြသည်။

ဒီမိုကရေစီနိုင်ငံထူထောင်မည်ဆိုပါက မဖြစ်မနေဆောင်ရွက်ရမည့် တရားမျှတမှု ရှာဖွေသည့်လုပ်ငန်း ဖြစ်သည်။ ‘အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး’ခေါင်းစဉ်ဖြင့် အတိတ်ကို ပြည်ဖုံးကားချခြင်း၊ သင်ပုန်းချေခြင်း၊ ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်ခြင်းနှင့် မသက်ဆိုင်သော သီးခြားလုပ်ငန်းစဉ် ဖြစ်သည်။ သာဓက ပြရလျှင် အတိတ်က အစိုးရအဆက်ဆက်၏ မှားယွင်းခဲ့သည့် အပြစ်များကို အတိအလင်း ဖွင့်ဟဝန်ခံခြင်း၊ (ဦးကိုနီနှင့် ကိုနေဝင်းမိသားစုများအား လုပ်ပေးသလို) နစ်နာခဲ့သူများအား ပြန်လည်ကြည့်ရှု စောင်မခြင်း၊ တစ်ချိန်ကနာမည်ပျက်စာရင်းသွင်းခံခဲ့ရသူများအား လူဆိုးမဟုတ်ကြောင်း ပြန်လည် ကြေညာပေးခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင် စွန့်လွှတ်အနစ်နာခံခဲ့ရသူ အားလုံးတို့အတွက် အထိမ်းအမှတ်တစ်ခုခု (ပြတိုက်၊ ကျောက်တိုင်၊ ပန်းခြံစသည်) ပြုလုပ်ပေးခြင်း၊ ထိုသူတို့အတွက် ရည်စူး၍ နေ့တစ်နေ့ကို အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပေးခြင်း၊ စိတ်ဒဏ်ရာဖြင့် ကြီးပြင်းခဲ့ကြရသူများအတွက် နှစ်သိမ့်ဆွေးနွေးမှု၊ နွေးထွေးမှုများ ပြန်လည်ပေးခြင်းစသည်တို့ ပါဝင်သည်။

အသွင်ကူးပြောင်းကာလ တရားမျှတမှုသည် ဒဏ်ရာဒဏ်ချက်များကို သက်သာပျောက်ကင်းစေရန် နိုင်ငံတော် အစီအစဉ်ဖြင့် ကုစားပေးခြင်းဖြစ်သည်။ ထိုဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းအောင် အရင်မလုပ်ဘဲ စနစ် အကူးအပြောင်းကိုသာ ပုံဖော်မည်ဆိုပါလျှင် စစ်မှန်သော တရားမျှတမှု ထွန်းကားသည့် လူ့ဘောင်ကို တည်ဆောက်နိုင်မည် မဟုတ်ပါ။ နောင်တစ်ချိန်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ပြည်သူအများ တောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တစ်ခု ဖြစ်လာသော်လည်း ကြားကာလတွင် အသွင် ကူးပြောင်းကာလ တရားမျှတမှုကို မဖော်ဆောင်ထားမိပါက သွေးပြည်ပုပ်တို့ကို ဖောက်ချကာ ဆေးမထည့်ဘဲ အပေါ်က အရေပြားထပ်ပိုးပြီး မိတ်ကပ်လိမ်းသည်နှင့် တူပါလိမ့်မည်။

တိုင်းပြည်ကသာ တည်ငြိမ်သွားပြီး စီးပွားရေးကောင်းချင် ကောင်းလာမည်ဖြစ်သော်လည်း ခေတ်ဆိုးကို ဖြတ်သန်းခဲ့ရသည့် နိုင်ငံသားများ၏ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတို့ကိုတော့ မြင်ရမည် မဟုတ်ပါ။

ဆရာကြီးရွှေဥဒေါင်းစကားဖြင့် ပြောရလျှင် စိတ်တွင် ဆူးများတစ်ချောင်းပြီးတစ်ချောင်း ပေါက်နေသော လူများ မြန်မာနိုင်ငံတွင် အများအပြား ကျန်ရှိနေပါသေးသည်။ ဦးကိုနီနှင့်ကိုနေဝင်းတို့ကို မမေ့သကဲ့သို့ ထိုလူအများကိုလည်း မမေ့အပ်ဘ ဲလက်တွဲခေါ်ဖို့၊ ဂရုစိုက်ဖို့ နိုင်ငံတော် (အစိုးရနှင့်ပြည်သူ) တွင် အကြွေးကျန်နေပါသည်။     ။

(ဝေယံဘုန်းသည် Myanmar Now ၏ အယ်ဒီတာတစ်ဦး ဖြစ်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly