ကလေးလုပ်သားထက်ဝက်ကျော် အန္တရာယ်ရှိသော လုပ်ငန်းခွင်များအတွင်းမှာ လုပ်ကိုင်နေရ

ကလေးလုပ်သားထက်ဝက်ကျော် အန္တရာယ်ရှိသော လုပ်ငန်းခွင်များအတွင်းမှာ လုပ်ကိုင်နေရ

နေပြည်တော် ၊ မတ် ၊ ၁၃ ။         ။ မြန်မာနိုင်ငံတွင် ၂၀၁၄ စစ်တမ်းကောက်ချက်အရ ကလေးလုပ်သား ၁.၂ သန်းလောက်ရှိသည့်အနက်မှ တစ်ဝက်ကျော်သည် အန္တရာယ်ရှိသောလုပ်ခွင်များတွင် လုပ်ကိုင်နေရသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

“၁.၂ သန်းလောက်ရှိတာပေါ့နော်။ အဲ့ထဲကတစ်ဝက်ကျော်နီးပါးက အခုပြောတဲ့ သူတို့ပြောတဲ့အရဆိုရင် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေပေါ့နော် ။ အဲ့ဒါတွေမှာလုပ်နေရတယ်လို့၊ ဒါလေးကို ၀န်ကြီးဌာနက ဦးစီးတဲ့ အဖွဲ့ကပဲ ၂၀၁၄ က ကောက်ထားတဲ့စစ်တမ်းပါ။ ဒါလည်းဆက်ပြီးတော့မှ ကောက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

နေပြည်တော်ရှိ၊ သင်္ဂဟဟိုတယ်တွင် ကျင်းပြုလုပ်သည့် ကလေးလုပ်သားပပျောက်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေး ညှိုနှိုင်းဆွေးနွေးပွဲ မတ်လ ၁၃ ရက်နေ့က ပြောခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးပွဲကို မတ်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကလေးလုပ်သား စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍကဲ့သို့သော အခြားကဏ္ဍပေါင်းစုံတွင်လည်း ကလေးလုပ်သားလျော့ချနိုင်ရန်နှင့် ဘဝတိုးတက်စေရေးအတွက် ပညာသင်ကြားခွင့်များရရှိအောင် သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ညှိနှိုင်းသွားရေးပါ ဆွေးနွေးခဲ့ကြသည်။

“အဲ့ကဏ္ဍတွေမှာ တတ်နိုင်သမျှသက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ပေါင်းစပ်ပြီးတော့ ကလေးလုပ်သားတွေကို လျော့ချဖို့ဆိုတာထက် သူတို့ကို ပညာပေးသွားမယ်၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေကနေပြီးတော့ လျော့ချနိုင်အောင်လုပ်သွားမယ်။ သူတို့ရဲ့လုပ်ငန်းခွင်နဲ့ သူတို့ရဲ့ဘဝတိုးတက်ဖို့အတွက်ကို ပညာသင်ကြားရေးအခွင့်အလှမ်းတွေရအောင် ပညာရေးဝန်ကြီးဌာန နဲ့ ညှိနှိုင်းထားတယ် ဒါတွေ လုပ်သွားဖို့ဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။

အဆိုပါကလေးသူငယ်များ လျှော့ချနိုင်ရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး တွေ့ရှိသည့်နေရာဒေသတွင် INGO များ အဖွဲ့အစည်းများသို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါ စစ်တမ်းမှာ ၂၀၁၄ ခုနှစ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ကောက််ယူထားခြင်းဖြစ်ပြီး စစ်တမ်းဆက်လက်ကောက်ယူနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly