အင်န်ဂျီအို ဥပဒေကို ဆန့်ကျင်ဆန္ဒပြသူ ၆ ဦးကို ကမ္ဘောဒီးယားရဲ ဖမ်းဆီး

အင်န်ဂျီအို ဥပဒေကို ဆန့်ကျင်ဆန္ဒပြသူ ၆ ဦးကို ကမ္ဘောဒီးယားရဲ ဖမ်းဆီး
ကမ္ဘောဒီးယား အမျိုးသားလွှတ်တော် အဆောက်အအုံရှေ့ အကျဉ်းသားဝတ်စုံဝတ်ထားသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ထိန်းသိမ်းစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

အာဏာပိုင်များနှင့် လူ့အခွင့်အရေး အုပ်စုတစ်စု၏ ပြောကြားချက်အရ မကြာသေးမီက အစိုးရမဟုတ်သည့် အဖွဲ့အစည်း အင်န်ဂျီအိုများကို ထိန်းကွပ်သည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းမှုကို ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြသူ ၆ ဦးကို ကမ္ဘောဒီးယား အာဏာပိုင်များ က ဇူလိုင် ၂၆ ရက်က ခဏတာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

ဖနွမ်ပင်မြို့တော် ပါလီမန် အဆောက်အအုံရှေ့တွင် စုရုံးဆန္ဒပြသည့် ဒါဇင်ပေါင်းများစွာအနက် အမျိုးသား ၅ ယောက်နှင့် အမျိုးသမီး ၁ ယောက်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းပင် ဖြစ်သည်။

အဆိုပါ ဥပဒေက ဆင်းရဲမွဲတေလွန်းလှသည့် ကမ္ဘောဒီးယားနိုင်ငံတွင် အင်န်ဂျီအိုများ၏ အလုပ်လုပ်နိုင်စွမ်းကို ဟန့်တား နှောင့်ယှက်လိမ့်မည် ဖြစ်သည်ဟု ဝေဖန်သုံးသပ်သူများက ပြောကြားသည်။

အေအက်ဖ်ပီ ဓာတ်ပုံဆရာ၏ ပြောကြားချက်အရ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅ ဦးမှာ ထောင် ဝတ်စုံများ ဝတ်ဆင်ထားပြီး ခြေထောက်များကိုလည်း သံခြေကျင်း ခတ်ထားသည်ဟု ဆိုသည်။

အဓိကရုဏ်းနှိမ်နင်းရေး ရဲများက အခြားဆန္ဒပြသူများကိုလည်း ပါလီမန် အဆောက်အအုံမှ ဝေးရာသို့ ခြောက်လှန့် မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။

“ဥပဒေကို ဆန့်ကျင်ကြောင်း သူတို့ရဲ့ ထင်မြင်ချက်ကို ဖော်ပြဖို့ စုရုံးဆန္ဒပြနေစဉ်အတွင်းမှာ လူ ၆ ယောက် အဖမ်းခံခဲ့ရတယ်” ဟု ဒေသတွင်း လူ့အခွင့်အရေးအုပ်စု လီကာဒို (Licadho) မှ အမ် ဆမ်အတ်က အေအက်ဖ်ပီကို ပြောကြားသည်။

သို့ရာတွင် ဥပဒေပြင်ပ လုပ်ရပ်မှန်သမျှကို မလုပ်ရန်နှင့် နိုင်ငံသားကောင်းများအဖြစ် နေထိုင် ရန် ခံဝန်ကတိဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများကို တရားမစွဲဆိုဘဲ ပြန်လွှတ်ပေးလိုက်သည်ဟု ဆို သည်။

ဖနွမ်ပင်မြို့တော်ခန်းမ ပြောခွင့်ရပုဂ္ဂိုလ် လောင်း ဒီမန်ချီက ဖမ်းဆီးမှုသတင်းမှာ မှန်ကန် ကြောင်း အတည်ပြုပေးခဲ့ပြီး ထို ၆ ယောက်အုပ်စုကို ၎င်းတို့၏ လှုပ်ရှားမှုများမှာ မသင့်လျော်ဘဲ ဥပဒေကလည်း ခွင့်မပြုသောကြောင့် ရဲက ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်ကြောင်း ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အင်န်ဂျီအို ၅,၀၀၀ ခန့်ရှိနေပြီး အထူးသဖြင့် ဆင်းရဲသား လူများစု အတွက် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ သဘောထား တင်းမာသူ ဝန်ကြီးချုပ် ဟွန်ဆန်က တွန်းအားပေးသည့် ဥပဒေသစ်ကို လူ့အခွင့်အရေးအုပ်စုများ၊ အနောက်အုပ်စုမှ သံတမန်များနှင့် ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ဝေဖန်နေသည်။

ယခုလအစောပိုင်းက အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဥပဒေသစ်အရ ပြည်တွင်းနှင့် နိုင်ငံတကာ အင်န်ဂျီအိုများ အားလုံးမှာ ၎င်းတို့၏ လှုပ်ရှားမှုများနှင့် ဘဏ္ဍာရေး အခြေအနေများကို အစိုးရထံ အစီရင်ခံ ရမည်ဖြစ်သည်။ အကယ်၍ လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ငွေတပ်ခြင်း၊ တရားစွဲခြင်း၊ ပိတ်ပင်ခြင်းနှင့် အခြားရာဇဝတ်မှု ပြစ်ဒဏ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အပြင် အင်န်ဂျီအိုများ၏ လုပ်ရပ်များမှာ လူထု၏ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးပါက (သို့မဟုတ်) ကမ္ဘောဒီးယား လူ့ဘောင်၏ လုံခြုံရေး၊ စည်းလုံးရေးနှင့် ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာများကို အန္တရာယ်ပြုလာခဲ့ပါက အဆိုပါ အင်န်ဂျီအိုများကို ဖျက်သိမ်းပစ်နိုင်မည်ဖြစ်သည်။

အဓိက အတိုက်အခံပါတီက သပိတ်မှောက်ပြီး ဆန့်ကျင်ကြောင်း ပြောဆိုချက်များ ထွက်ပေါ်နေသည့် ကြားကပင် ဥပဒေကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ဥပဒေကို ပြဋ္ဌာန်းရန် နောက်ဆုံးအဆင့်အဖြစ် ဘုရင်က လက်မှတ်ထိုးရန်သာ ကျန်ရှိသော်လည်း ယင်းမှာ လုပ်ရိုးလုပ်စဉ် တစ်ခုသာ ဖြစ်သည်။

ကမ္ဘာ့သက်တမ်းအကြာဆုံး အုပ်စိုးသူ ခေါင်းဆောင်များအနက် တစ်ယောက် အပါအဝင် ဖြစ် သည့် ဟွန်ဆန်မှာ ပြီးခဲ့သည့် ဇန်နဝါရီလက အာဏာသက်တမ်း နှစ်ပေါင်း ၃၀ ပြည့်သွားခဲ့ပြီ ဖြစ်ပြီး သဘော ထားကွဲလွဲသူများကို နှိပ်ကွပ်သည့်အတွက် တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုကို တစ်လျှောက်လုံး ခံလာရသူပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required