တိုင်းနှင့်ပြည်နယ် ၁၀ မြို့နယ်တွင် သွေးတိုးဆီးချိုရောဂါ အခမဲ့စစ်ဆေးကုသမည်

တိုင်းနှင့်ပြည်နယ် ၁၀ မြို့နယ်တွင် သွေးတိုးဆီးချိုရောဂါ အခမဲ့စစ်ဆေးကုသမည်

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော် နှင့် မွန်ပြည်နယ် အစရှိသည့် ဒေသကြီးများမှ မြို့နယ် ၁၀မြို့နယ်တွင် သွေးတိုးနှင့် ဆီးချိုရောဂါများကို ယနေ့( မတ်လ ၁၄ ရက်) မှ စတင်ပြီး အခမဲ့စစ်ဆေး ကုသပေးနေကြောင်း သိရသည်။

ထိုသို့ ကုသပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Novo Nordisk အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မတ်လ ၁၃ ရက်နေ့က Chatrium Hotel တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

မတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များတွင် အမခဲ့ကုသသွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“တိုင်းနဲ့ပြည်နယ် ငါးခု။ ကျွန်တော်တို့လောလောဆယ် ရည်ရွယ်ထားတာ ရန်ကုန်ရယ်၊ မန္တလေးရယ်၊ နေပြည်တော်ရယ်၊ မွန်ပြည်နယ်ရယ်၊ ပဲခူးတိုင်းရယ်၊ အဲဒီ (၅) နေရာက မြို့နယ် (၁၀) မြို့နယ်ကို ကျွန်တော်တို့ရွေးတယ်။ ရန်ကုန်က လှိုင်သာယာရယ်၊ ရွှေပြည်သာရယ် ထင်တယ်။ အဲဒီနှစ်ခုကိုရွေးထားတယ်။ ရွေးပြီးရင် အဲဒီမှာတာဝန်ကျနေတဲ့ သားဖွား ဆရာမတွေက ရွာတွေအထိဆင်းမယ်။ ပြီးရင်ဆေးခန်းတွေ ဖွင့်မယ်၊ ဆေးခန်းတွေမှာ အလကားကုလို့ရတယ်။ အသက်လေးဆယ်ကျော်တဲ့သူတိုင်း အလကား လာရောက်စစ်ဆေးခွင့် ရှိတယ်။ သွေးတိုးနဲ့ ဆီးချိုအဓိက တွေ့ရင်ကုပေးမယ်။ လိုရင် လွှဲပေးမယ်” ဟု ဆီးချိုနှင့် ဟော်မုန်းရောဂါ အထူးကုဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာကိုကိုက ပြောသည်။

Novo Nordisk အနေဖြင့် ကလေးငယ်များတွင် ဖြစ်ပွားသည့် ဆီးချိုရောဂါအတွက် သီးသန့် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

“တစ်က ဘယ်လိုလုပ်မလဲဆိုတော့ ကလေးဆေးရုံမှာရှိတဲ့ အထူးကုဆရာဝန်ကြီးတွေကို သူတို့နဲ့ကျွန်တော်တို့ အမြင်ချင်းဖလှယ်မယ်။ Training တွေပေးမယ်။ သူတို့က သူများနိုင်ငံတွေမှာ လုပ်ထားတာ အများကြီးပဲ ။အဲဒီက အတွေ့အကြံုတွေ ယူလာမယ်။ Training တွေပေးမယ် တစ်။ နံပါတ်နှစ်က ရန်ကုန်ကလေးဆေးရုံကြီးနဲ့ မန္တလေးကလေးဆေးရုံကြီးမှာ ရှိတဲ့ ဆေးခန်းကို သူကအဆင့်မြှင့်ပေးမယ်။ လိုအပ်တဲ့ပစ္စည်းတွေ သူတို့အကုန်ထောက်ပံ့မယ်။ နံပါတ်သုံး ကြေညာမယ်။ အမျိုးအစားတစ်က ကလေးတွေအကုန်လုံး သူတို့ဆီလာပြီး Enroll လုပ်လို့ရတယ်။ အဲဒီမှာ Treatment တွေအလကားပေးမယ်။ အင်ဆူလင်တွေ အလကားပေးမယ်။ ဖောက်စစ်တဲ့စက်တွေ အလကားပေးမယ်။ ပြီးရင် ကလေးတွေအကုန်လုံးနဲ့ ကလေးမိဘတွေ အကုန်လုံးကို ဘယ်လိုနေထိုင် စားသောက်ရမယ် အကုန်သင်ပေးမယ်”ဟု ဒေါက်တာကိုကိုက ဆက်ပြောသည်။

Novo Nordisk သည် နှစ်ပေါင်း ၉၀ကျော် ဆီးချိုရောဂါစောင့်ရှောက်မှုနှင့် ပတ်သက်၍ ဦးဆောင်နေသည့် ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါဖြစ်နေသူပေါင်း ၂ သန်းကျော်ရှိပြီး ၈ မိနစ်တွင် တစ်ယောက်နှုန်း သေဆုံးနေသည်ဟု အရှေ့တောင်အာရှ ဆီးချိုရောဂါဆိုင်ရာ  မှတ်တမ်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required