တိုက်ကြီးမြို့ငလျင် လူ သေဆုံးမှု မရှိ

တိုက်ကြီးမြို့ငလျင် လူ သေဆုံးမှု မရှိ
ဓာတ်ပုံ-ဦတင်မောင်ထွန်း ဖေ့ဘုတ်

ရန်ကုန် ၊ မတ် ၁၄ ။          ။ ယမန့်နေ့ည ၈ နာရီ ၅၀ မိနစ်ဝန်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး (၅.၈) အဆင့်ရှိသည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများရှိခဲ့သော်လည်း လူသေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ ငလျင်ကြောင့် လူ ၂၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် တိုက်ကြီးမြို့နယ်အတွင်း၌ ထိခိုက်ပျက်စီးမှုများ ရှိနေခဲ့ပေမယ့် သေဆုံးသည့် လူဦးရေ လက်ရှိအချိန်အထိ မရှိသေးကြောင်း ၊ထိခိုက်ပျက်ဆီးမှုများကို စစ်ဆေးနေကြောင်း တိုက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်းက မဇ္စျိမသို့ အတည်ပြုပြောကြားသည်။

"စာရင်းဇယားတော့ ဘာမှ အတိအကျမရသေးဘူး၊ ရဲလိုင်းခန်းမှာ နည်းနည်းပြိုကျသွားတယ်။ မြို့နယ်ထွေအုပ်ရုံးက မျက်နှာကျက် တစ်ချို့ ပြုတ်ကျတယ်၊ အပြည့်အစုံတော့ မသိသေးဘူး၊ စာရင်းယူနေတယ်" ဟု ဦးလွင်စိုးမင်းက ပြောသည်။

ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်ပြီး တိုက်ကြီးမြို့နယ်တွင် အောင်ချမ်းသာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ၊ မဟာစည်ပုညရံသီဘုရားကြီးကျောင်း မုခ်ဦးပြိုကျ၊ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်း မုခ်ဦးပြိုကျ၊ ရှမ်းကျောင်းကြီး စေတီထီးတော်စောင်းသွား၊ တိုက်ကြီးမြို့ဗလီ ရေစင် ပြုတ်ကျ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မျက်နှာကျက်ပြိုကျ၊ ရဲတပ်ဖွဲ့လိုင်းခန်း ပြိုကျ၊ ဥပဒေရုံးဝန်ထမ်းနေအိမ်ပြိုကျ၊ နေအိမ်အချို့အနည်းငယ်ပျက်စီးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ကြီးမြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များလည်း လာရောက်ကြည့်ရှုစစ်ဆေးနေကြောင်း ဦးလွင်စိုးမင်း၏ ပြောဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required