ပါကစ္စတန် နယ်စပ်အနီးရှိ အိန္ဒိယ ရဲစခန်းတစ်ခုကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက် လူ ၄ ဦး သေဆုံး

ပါကစ္စတန် နယ်စပ်အနီးရှိ အိန္ဒိယ ရဲစခန်းတစ်ခုကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက် လူ ၄ ဦး သေဆုံး
ပစ်ခတ်မှု ဖြစ်ပွားစဉ်နေရာယူနေသော အိန္ဒိယရဲတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-ရိုက်တာ

အိန္ဒိယပိုင် ပန်ဂျပ်ပြည်နယ်တွင် စစ်သွေးကြွဟု ယူဆရသူများက ဘတ်စ်ကားတစ်စင်းကို ပစ်ခတ်ပြီးနောက် ရဲစခန်းတစ်ခုကို တိုက်ခိုက်ခဲ့သည့်အတွက် လူ ၄ ယောက် သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၆ ဦးခန့် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်သူများမှာ အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသမှ လာရောက်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း အကြီးတန်းရဲအရာရှိ ဒင်ကာ ဂုပ္ပတက ပြောကြားသည်။ တိုက်ခိုက်သူများက ကားတစ်စင်း ကိုပြန်ပေးဆွဲပြီးနောက် ဘတ်စ်ကားဂိတ်တစ်ခုကို ပစ်ခတ်ကာ ထို့နောက်မှ နယ်စပ်မြို့ ဂါဒါစပါးရှိ ရဲစခန်းတစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ကြရာမှ ရဲများနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည် ဟု သတင်း များတွင် ဖော်ပြသည်။

နိုင်ငံပိုင် All India Radio ၏ ပြောကြားချက်အရ လက်နက်ကိုင် လူ ၅ ယောက်က ဘတ်စ် ကား တစ်စင်းကို ပစ်ခတ်ကြသောကြောင့် ခရီးသည်အချို့ ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

သေဆုံးသွားသည့် လူ ၄ ယောက်မှာ ရဲများဖြစ်သည်၊ ခရီးသည်များ ဖြစ်သည် ဆိုသည်မှာမူ ကွဲကွဲ ပြားပြား မသိရသေးပေ။ ထို့နောက် သူပုန်များက ဒင်နာနာဂါနယ်မြေအတွင်းရှိ ရဲစခန်းတစ်ခုအတွင်းသို့
မောင်းနှင် ဝင်ရောက်သွားကြသည်ဟု ဆိုသည်။

ဒင်နာနာဂါ မီးရထားဘူတာရုံ ရထားလမ်းများပေါ်တွင်လည်း ဗုံးများ ထောင်ထားသည်ကို တွေ့ရှိခဲ့သည်ဟု အိန္ဒိယ မီဒီယာက ပြောကြားသည်။ အခင်းဖြစ်ရာနေရာသို့ ရဲတပ်ဖွဲ့များကို စေလွှတ်ထားသည် ဟုလည်း ပြည်ထဲရေးဝန်ကြီး ရာနတ်ဆင်းက ပြောကြားသည်။ သူပုန်များ၏ အတိုက်ခိုက်ခံရသည့် ရဲစခန်းမှာ ပါကစ္စတန်နယ်စပ်နှင့် နီးစပ်ပြီး သူပုန်များမှာ စစ်တပ်ယူနီဖောင်းများ ကို ဝတ်ဆင်ထားကြ သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required