ဒီမိုကရေစီ အရေးတော်ပုံအစ ဖုန်းမော် နှင့် စိုးနိုင် ကျဆုံးခြင်း ၂၀၁၇ အမှတ်တရ

ဒီမိုကရေစီ အရေးတော်ပုံအစ ဖုန်းမော် နှင့် စိုးနိုင် ကျဆုံးခြင်း ၂၀၁၇ အမှတ်တရ

မတ်လ ၁၃ ရက်နေ့ဟာ မြန်မာ့နိုင်ငံရေး တဆစ်ချိုးပြောင်းလဲခဲ့တဲ့ သမိုင်းဖြစ်စဉ်မှာ အရေးပါခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ၈၈ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာခဲ့တဲ့ သမိုင်းဖြစ်စဉ်ရဲ့ အစမှာ လုံထိမ်းတွေရဲ့ ပစ်ခတ်မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ဟာ သေနတ်ဒဏ်ရာ(၃)ချက်နဲ့ ကျဆုံးခဲ့ရပြီး ၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင်ဟာလည်း ရန်ကုန်ဆေးရုံကြီးမှာ သေနတ်ဒဏ်ရာနဲ ့ကျဆုံးခဲ့ရပါတယ်။

ကျောင်းသားနဲ့ အရပ်သားပြဿနာတက်တဲ့အမှုမှာ မဆလအစိုးရက စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲဝင်ပြီး မကျေနပ်တဲ့ကျောင်းသားတွေကို  သေနတ်နဲ့ ပစ်ခတ်ဖြေရှင်းခဲ့တာပါ။

အဲဒီနောက်မှာတော့ ကျောင်းသားတွေတင်မကတော့ဘဲ စီးပွားရေး ချွတ်ခြံုကျတဲ့ဒဏ်ကို မခံနိုင်တော့တဲ့ ပြည်သူတွေနဲ့ တစ်ပါတီစနစ်ကို ရွံမုန်းကြတဲ့ ပြည်သူတွေဟာ လမ်းပေါ် ထွက်ခဲ့ကြပါတယ်။ ဒီမိုကရေစီရရှိရေး လူ့အခွင့်အရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။ သမိုင်းဝင် ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတော့တယ်။ အဲဒါကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ၈၈ ဒီမိုကရေစီအရေးတော်ပုံရဲ့ မြစ်ဖျားခံရာ မတ်လ (၁၃)ရက်နေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် တရားဝင် သတ်မှတ်ပေးဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။ မဇ္စျိမ အနေနဲ့ လွန်ခဲ့တဲ့ (၂၉)နှစ်က ဒီကနေ့ရဲ့ သမိုင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

ကိုဖုန်းမော်တို့ ၊ ကိုစိုးနိုင်တို့နဲ့ ခေတ်ပြိုင် စက်မှုတက္ကသိုလ်ကျောင်းသား ကိုခင်မောင်လွင် (ခေါ်) ကိုကြက်တော ကတော့ ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ စနက်တံဖြစ်တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“မီးသတ်ကားရောက်လာတယ်။ မီးသတ်ကားရောက်လာပြီးတော့ ကျောင်းသားတွေကို ရေနဲ့ပက်တာပေါ့။ ပထမအဆင့် ရေနဲ့ပက်လည်း ကျောင်းသားတွေက မဖြံုဘူး။ ကျောင်းသားတွေက ဒေါသက ထွက်နေတဲ့အခါကျတော့ အော်ဟစ်ဆဲဆိုပြီးတော့ သူတို့ကို ခဲနဲ့ပစ်တာပေါ့။ ပစ်တော့ နောက်ဆုံး အဲဒီလို ဖြစ်နေတဲ့ အချိန်တစ်ခုမှာ သူတို့က ဒီကျောင်းသားအုပ်ကြီးကို ဘာမပြော ညာမပြောနဲ့ သေနတ်နဲ့စပစ်တယ်။ သေနတ်နဲ့ပစ်တော့ ကျောင်းသားတွေက မထင်လိုက်ဘူး။ သေနတ်နဲ့ မပစ်ခင်မှာ မျက်ရည်ယိုဗုံး ပစ်သေးတယ်နဲ့ တူတယ်။ အဲဒါနဲ့  မျက်ရည်ယိုဗုံးပစ်တာနဲ့ သေနတ်ပစ်တာက အချိန်က တဆက်တစပ်တည်းလောက်ပဲ။ ဆိုတော့ မျက်ရည်ယိုဗုံးပစ်ပြီး အကြာကြီးနေမှ သေနတ်နဲ့ ပစ်တာမဟုတ်ဘူး။ မျက်ရည်ယိုဗုံးပစ်ပြီးရော follow up ပစ်တာက သေနတ်နဲ့ ပစ်တဲ့ ဥစ္စာ လိုက်လာတာ။ အဲတော့ ပစ်ကြခတ်ကြ နဲ့ ကျောင်းသားတွေ ပြေးကြတာပေါ့။ ပြေးရင်းနဲ့ အဲဒီမှာ ကိုယ်တို့ သိတာ ကျောင်းသား သုံးယောက် ဒဏ်ရာရသွားတာ။ ပထမဆုံးကတော့ ကိုဖုန်းမော်။ သီးခြားစီပေါ့။ တနေရာစီ ပြန့်ကျဲနေရာကနေ ကိုဖုန်းမော် ထိတယ်။ ထိပြီး နောက်တစ်ခါ ကိုစိုးနိုင်ဆိုတာ ထိတယ်။ ကိုမြင့်ဦးဆိုတာ ထိတယ်။ သုံးယောက်ထိတယ်။ ကိုဖုန်းမော်ကတော့ အဲဒီနေ့ကတည်းက အခြေအနေ မကောင်းဘူး။ ထိတဲ့ ဒဏ်ရာက ဆီးစပ်ကို ထိတာဆိုတော့ တော်တော်လေးကို မထနိုင် မလျှောက်နိုင်ဖြစ်တဲ့ အတွက်ကြောင့် ကျောင်းက ကွင်းပြင်ထဲကနေပြီးတော့ ကျောင်းသားတွေ ဆရာတွေက နေပြီးတော့ ဆွဲပြီးတော့ Main Building ကြီးအောက်ကို ခေါ်သွားတယ်။” လို့ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ကိုခင်မောင်လွင်(ခေါ်) ကိုကြက်တော ကပြောပါတယ်။

ဒီလိုနဲ ့ ကိုဖုန်းမော်တယောက် ကျဆုံးခဲ့ရပါတယ်။ အဲဒီနောက် ..  ကိုဖုန်းမော်ရဲ့ အသုဘကရော ဘယ်လိုဖြစ်ခဲ့ရပါသလဲ။ ဒီမိုကရေစီ သမိုင်းထဲမှာတော့     

မဏ္ဍပ်မထိုးရ

                                လူမစုရ

                                စားမြိန်ထုပ်မထည့်ရ

                                ရေအိုးမခွဲရ

မနက်စောစော လူမသိအောင်ချခဲ ့ရတဲ ့ အသုဘ 

ဖုန်းမော်ရေ ... အမျှ အမျှ အမျှ … ။

ဆိုတဲ့ ကဗျာတစ်ပုဒ်ပေါ်ပေါက်လာခဲ့ရပါတယ်။ 

ကိုဖုန်းမော်အလောင်းရှိရာကို သူ့ရဲ့မိသားစုဝင်တွေရောက်ရှိသွားတဲ့အချိန်မှာတော့ အစ်မတွေလက်ထဲကို ရောက်ရှိလာတဲ့ အရာလေးတစ်ခုရှိပါတယ်။ အဲဒီဟာလေးကတော့ ကိုဖုန်းမော်သေဆုံးခဲ့ရတဲ့ အဓိက သက်သေအကြောင်းအရာတစ်ခု ဖြစ်လာပါတော့တယ်။

“မောင်ဖုန်းမော် ဆုံးတဲ့အချိန်၊ အသုဘချတဲ့အချိန်တုန်းက ရေခဲတိုက်ကို သွားတဲအချိန်တုန်းက အစ်ကိုက ဆင်းကြည့်ရတယ်လေ။ နောက်ဆုံးအကြိမ် ဆင်းလိုက်တဲ့အချိန်မှာ ဆရာဝန်ကနေပြီးတော့ ကျည်ဆံလေးနှစ်တောင့် ထုတ်ပေးလိုက်တယ်။ မောင်ဖုန်းမော် ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့ ကျည်ဆံလေးနှစ်တောင့်ပါ ဆိုပြီး ထုတ်ပေးခဲ့တာပေါ့။ သေတမ်းစာရွက်မှာ ရေးထားတဲ့စာကတော့ ဆူးချွန်နှစ်ချက်နှင့် သေသည်ဆိုပြီး ရေးထားတယ်။ ဆူးချွန်တို့မည်သည် သေနတ်မဟုတ်ပါဘူး။ သေနတ်ဟာ သေနတ်ပါ။ ဆူးချွန်ဟာ ဆူးချွန်ပါ။ ဒါပေမယ့် သေတမ်းစာမှာတော့ ဆူးချွန်။ ဒဏ်ရာကတော့ သုံးချက်နဲ့သေတာပေါ့။ ရင်ညွန့်ရယ်၊ ဆီးစပ်ရယ်၊ ပေါင်မှာရယ်။ ဒါပေမယ့် ကျည်ဆံ ထုတ်ပေးတာတော့ ရင်ဘတ်ထဲက ထွက်ခဲ့တဲ့ ကျည်ဆံနှစ်တောင့်ကို ထုတ်ပေးတယ်။ သေနတ်ဒဏ်ရာ သုံးချက်နဲ့သေတာ။” လို့ ကိုဖုန်းမော်ရဲ့ အစ်မဖြစ်သူ မမာမာဝင်းက ပြောပါတယ်။

ကိုဖုန်းမော်အပါအဝင် ကျောင်းသားတချို့အကြမ်းဖက်ဖြိုခွင်းခံရအပီးမှာတော့ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းကြီး အခြေအနေ ဘယ်လိုရှိခဲ့ပါသလဲ။ ဒီမိုကရေစီ အရေးတော်ပုံကြီး ဘယ်လိုစတင်ခဲ့တာပါလဲ။

“ကိုယ်တို့ ဘယ်သူ ဘယ်တော့ပဲဖြစ်ဖြစ် ကျောင်းတက်ရင် ဒီ Main Building ကြီးကို ဖြတ်ရတယ်။ Main Building ကြီး ဖြတ်တဲ့အခါကျတော့ အဲဒီမှာ ရုတ်တရက် ဘာသွားတွေ့ရသလဲဆိုတော့ ခုနောက်ပိုင်းမှာတော့ တွေ့ရမှာပေါ့။ ကြယ်ပုံကြီးနဲ့ အဲဒီထဲမှာ သွေးအိုင်ကြီးတစ်ခုပေါ့။ ဒီကျောင်းရဲ့ ဆင်ဝင်အောက်တည့်တည့်မှာ စွပ်ကျယ်လေးတစ်ထည်၊ ဂျပန်ဖိနပ်တစ်ဖက် နဲ့ သွေးတွေနဲ့ ကျည်ဆံခွံလေးတစ်ခုလား နှစ်ခုလား ဒီလိုလေးတွေ ရှိတယ်ပေါ့နော်။ ရှိပြီး တွေ့တဲ့အခါမှာ စိတ်ထဲမှာ တမျိုးလေးဖြစ်သွားတယ်။ သွေးတွေနဲ့ ဒီဟာကြီးကလည်း လုပ်ထားတာ။ နောက် ကျောင်းထဲက ကျောင်းသားတွေက ညတွင်းချင်း ဒီဟာကြီးကို တည်ဆောက်လိုက်တာ။ ကြယ်ပုံကို အုတ်ခဲတွေနဲ့ လုပ်လိုက်တော့ အဲဒီ ကြယ်ပုံကြီး ဘေးမှာ ကျောင်းထဲကရတဲ့ ပန်းလေးတွေ၊ တရုတ်စကားပန်းတို့ ၊ ပုဏ္ဍရိပ်ပန်းတို့ ကျောင်းထဲမှာရတဲ့ ပန်းလေးတွေပေါ့။ အဲဒါတွေကို ချိုးပြီးတော့ ညတွင်းချင်း အဲဒါလေးတွေကို တင်၊ နောက် သူတို့မှာရှိတဲ့ အမွှေးတိုင်တွေကို ထွန်းထားတာပေါ့။ အဲဒီ အသုဘချပြီးတဲ့ နောက်ပိုင်းကနေစပြီးတော့ ခုနက မှတ်မှတ်ရရ ဖုန်းမော် အစ်မဆိုရင်လည်း ပြောလိမ့်မယ်။ သူတို့ရဲ့ ဒီ Death Certificate မှာ ရေးထားတာက သေနတ်ဒဏ်ရာနဲ့လို့ မရေးဘူး။ သူက ဆူးချွန်နဲ့ ထိုးမိတယ်လို့ ရေးတယ်။ ဆိုတော့ အဲဒီတုန်းက အဲဒီစာရွက်က အကိုတို့ကလည်း နားမလည်တော့ ဆေးကျောင်းက သူငယ်ချင်းတွေကို အကူအညီတောင်း၊ မေးကြည့်တော့မှ ဆူးချွန်နဲ့ ထိုးတာတယ်ဆိုတာ မဟုတ်ဘူးဆိုတာ ဝန်မခံသေးဘူး။ ဆူးချွန်နဲ့ ထိုးတယ်ပဲ။ အဲဒီတော့ ဒီဟာကြီးက မခံနိုင်ဘူးလေ။ ဆူးချွန်နဲ့ ထိုးတာတို့၊ ဓါးခုတ်တာတို့ကို လက်မခံတော့ အဲဒီမှာ ကိုယ်တို့က ဆက်ပြီး လှုပ်ရှားတာ။ လှုပ်ရှားတဲ့ အခါမှာလည်း အဲဒီအချိန်တုန်းက ဒီခေတ်လိုမျိုး အော်လို့ဟစ်လို့မရတဲ့ အခါမျိုးကတော့ထုံးစံအတိုင်း အကိုတို့လည်း လျှိူ့ဝှက်တွေပေါ့။ နီးစပ်ရာ သူငယ်ချင်းတွေ၊ ကိုယ်နဲ့ နီးစပ်ရာ တက်ကြွတဲ့သူတွေ ပေါင်းပြီးတော့ လှုပ်ရှားမှုလေးတွေ စတာပေါ့။ လှုပ်ရှားမှုတွေကလည်း အဲဒီတုန်းက တောက်လျှောက်ကို စတာ။” ဟု ကိုခင်မောင်လွင် (ခေါ်) ကိုကြက်တောက အဖြစ်အပျက်များကို ပြန်ပြောင်း အောက်မေ့ပြောပြသည်။

ကိုဖုန်းမော် မတရားသဖြင့် သေနတ်ဒဏ်ရာနဲ ့ သေဆုံးခဲ့အပြီး သူ ့ရဲ့မိသားစုဝင်တွေရဲ့ အခြေအနေကလည်း ခက်ခဲခဲ့ပါတယ်။ ကိုဖုန်းမော်တို ့ မောင်နှမတွေမှာ မိဘတွေ မရှိတော့ပါဘူး။ အစ်မကြီးတယောက်က မင်္ဂလာစျေးမှာ ကုန်စုံဆိုင်လေးဖွင့်ပြီး ရောင်းချနေပါတယ်။ အာဏာပိုင်တွေရဲ့ ဆက်ဆံမှုကရော ဘယ်လိုရှိခဲ့လဲ ဆိုတာ ကိုဖုန်းမော်ရဲ့ အစ်မ မမာမာဝင်းက

 “ကယ်မယ့်သူမရှိဘူး။ ဘယ်သူ့ အကူအညီတောင်းရမလဲ။ ကူညီမယ့်သူမရှိဘူး။ အစိုးရကိုယ်တိုင်က လုပ်နေရင် အစိုးရကို အကူအညီတောင်းလို့ ရပါ့မလား။ အုပ်ချုပ်တဲ့ သူတွေ လုပ်နေတယ်ဆိုရင် အုပ်ချုပ်တဲ့ လူတွေကို အကူအညီတောင်းလို့ ရပါ့မလား။ အကူအညီတောင်းလို့ မရဘူး။ အဲဒီလိုမျိုးတော့ ခံစားရတယ်။”

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာအရ သေဆုံးသွားသူရဲ့ ကျန်ရစ်သူ မိသားစုက နှစ်စဉ်ဆွမ်းသွပ်ကောင်းမှု ကုသိုလ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

“ဒါနကောင်းမှုလုပ်မယ်ဆိုပြီး သူ့အတွက် ရည်စူးပြီး လုပ်မှာတောင်မှ လွတ်လပ်ခွင့်မရှိခဲ့ပါဘူး။ ဘယ်လို လွတ်လပ်ခွင့်မရှိခဲ့လဲဆိုရင် တစ်ပတ်ပြည့်တို့ ၊ တစ်လပြည့်တို့ စသဖြင့်ပေါ့။ တစ်နှစ်ပြည့်တို့ နှစ်ပတ်လည်တို့ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တယ်ဆို ကမ္ဘာအေးကုန်းမြေမှာ လုပ်ခဲ့တယ်။ စစ်တပ်ကြီး တပ်ရင်းတစ်ရင်းလုံး ချပြီး စောင့်နေတာ။ ဒါနလုပ်တာလေ။ လက်နက်ပါပါ့မလား။ ကုသိုလ်ကောင်းမှုလုပ်တာလေ။ ဒါမျိုးတွေ ကြံုခဲ့ပါတယ်။” လို့ ကိုဖုန်းမော်ရဲ့ အစ်မဖြစ်သူ မမာမာဝင်းက ပြောပြခဲ့သည်။

ကိုဖုန်းမော်ဟာ  ငယ်စဉ်ထဲက အရွယ်နဲ ့မမျှအောင် လူမှုရေးလုပ်ငန်းများစွာမှာ အားတက်သရော ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ထားနဲ့ ရပ်တည်မှုကရော  ဘယ်လိုရှိခဲ့သလဲဆိုတာ ကိုဖုန်းမော်အစ်မ မမာမာဝင်းက

“ဖုန်းမော် အမြဲတမ်းပြောတဲ့ စကားတစ်ခွန်းရှိတယ်။ ဖုန်းမော် မင်းကိုလေ အစ်မလေ ဦးနေဝင်းဆီ သွားပြီး ပြောလိုက်မယ် သိလား။ ဦးနေဝင်းရှင့် ဦးနေဝင်းရဲ့ အလုပ်အကိုင်အားလုံး လုပ်ရမယ့် အလုပ်တွေအားလုံး မောင်ဖုန်းမော်ကို လွှဲပေးလိုက်ပါ။ အာဏာတော့ မလွှဲပေးနဲ့နော်။ သူ အာဏာမမက်ဘူး။ သူ အာဏာဆိုရင် တစ်စက်မှ မလိုချင်ဘူး။ အလုပ်ကို အရမ်းလုပ်ချင်တာ။ အလုပ်ကို သိပ်လိုချင်တယ်။ သူ အလုပ် လုပ်လိမ့်မယ်။ အဲဒီတော့ ငါ သူ့ဆီသွားရင် အသေခံပြီးသွားရမှာနော်။ သူ့ဆီ သွားဖို့ လွယ်လွယ်လုပ်လို့မရဘူး။ သူ့ရဲ့ အလုပ်အားလုံးကို မင်းလုပ်လို့ အဲဒီလိုပြောတော့ သူ ဘာပြန်ဖြေလဲ ဆိုတော့ အစ်မလို လူမျိုးရှိရင် တိုင်းပြည်ကြီးကတိုးတက်မှာ မဟုတ်ဘူးတဲ့။ ကျွန်တော်လို လူမျိုးရှိရင် တိုင်းပြည်ကြီးက တိုးတက်မှာတဲ့။ တိုင်းပြည်ကြီးကို အရမ်းတိုးတက်စေချင်တာ။ အရမ်း ချမ်းသာစေချင်တယ်။”

၁၉၈၈ ဆိုတဲ ့ အချိန်ကာလဟာ ခုချိန်မှာ၂၉ နှစ် တင်းတင်းရခဲ့ပြီ ဖြစ်ပေမယ့် ကိုဖုန်းမော်တို့ကို ချစ်ခင်သူတွေကတော့  အမြဲတမ်းသတိတရ ပွဲလေးတွေ လုပ်လေ့ရှိကြပါတယ်။ ကိုဖုန်းမော်တို့ကို မြန်မာနိုင်ငံက မမေ့သေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly