ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း ၂၉ နှစ်မြောက်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပထမအကြိမ်ပြန်လည်ကျင်းပ

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း ၂၉ နှစ်မြောက်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပထမအကြိမ်ပြန်လည်ကျင်းပ

စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့်ကိုစိုးနိုင်ကျဆုံးခြင်း ၂၉ နှစ်မြောက်အခမ်းအနားကို ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ယနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသည် ကိုဖုန်းမော်နှင့်ကိုစိုးနိုင် ကျဆုံးခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပထမဆုံး ကျင်းပခွင့်ရခြင်းဖြစ်ပြီး ကိုဖုန်းမော်၊ကိုစိုးနိုင်၊ကိုစိန်အေး၊ကိုအောင်မွန်အပါအဝင် ၈၈ အရေးအခင်းတွင် ကျဆုံး ခဲ့သည့် ကျောင်းသားများအတွက် အမျှဝေ၊ အလေးပြုခြင်း အစီအစဉ်များလည်း ပါဝင်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်း လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် မတ်လ ၁၃ ရက်နေ့ ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ကျောင်းသားဟောင်းများ၊ ကိုဖုန်းမော် နှင့် ကိုစိုးနိုင်တို့၏ မိသားစုဝင်များက အမှတ်တရစကား ပြောကြားခဲ့သည််။

NLD အစိုးရလက်ထက်တွင် ယခုနေရာ၌ ပထမဆုံးကျင်းပခွင့်ရသည့်အတွက် ကျေနပ်ဂုဏ်ယူမိသည်ဟု ပွဲစီစဉ်သူ ဦးစိုးမြင့်(ရန်ကုန်နည်းပညာတက္ကသိုလ် ကထိက-ငြိမ်း)က ပြောသည်။ ထို့အပြင် ကျောင်းသားများသည် ခေတ်အဆက်ဆက် မတရားမှုကို မြင်လျှင် ငြိမ်နေကြမည်မဟုတ်ဟု သူကဆက်ပြောသည််။

"ကျောင်းသားဆိုတာမျိုးက မဟုတ်တာကိုတွေ့ရင် မခံဘူး။ သူတို့စိတ်ထဲမှာ မတရားဘူး၊ မဟုတ်ဘူးလို့ သိနေရင် ငြိမ်မခံတတ်ဘူး။ ဆိုတော့ တော်လှန်ရေးဆိုတာမျိုး သူတို့မျက်စိရှေ့မှာ မတရားဘူးမြင်တာနဲ့ ချက်ချင်းကန့်ကွက်မှာမျိုးပဲ" ဟု ပွဲစီစဉ်သူ ဦးစိုးမြင့်(ရန်ကုန်နည်း ပညာတက္ကသိုလ် ကထိက-ငြိမ်း)က ပြောသည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့လို နိုင်ငံအတွက် စတေးခံရတာမျိုးတွေ မလိုချင်တော့ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်ကျော်ဆင့်ကပြောသည်။

"တိုင်းပြည်မှာ ဒီမိုကရေစီစနစ် စစ်စစ်ရဖို့ကတော့ အဓိကပေါ့။ ဒီလိုမျိုးပုဂ္ဂိုလ်တွေ ဒီလိုစတေးရတာမျိုးတွေလည်း မလိုချင်တော့ဘူး။ တိုင်းပြည်မှာ ဒီလိုထူးချွန်တဲ့ပုဂ္ဂိုလ်တွေ အဆုံးရှံုး မခံချင်တော့ဘူး" ဟု ရန်ကုန်နည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်ကျော်ဆင့်ကပြောသည်။

 

မတ်လ ၁၃ ရက်နေ့ ဖြစ်စဉ်တွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး အသက်မသေခဲ့သည့် ကျောင်းသားဟောင်း ဦးမြင့်ဦးကလည်း

"သေနတ်နဲ့ ပစ်ခံရတဲ့အကြောင်းတရားက အဲဒီတုန်းက မဆလအစိုးရက စက်မှုတက္ကသိုလ်ကျောင်းသားတွေကို လူဆိုးတွေလို့ ခံယူထားတယ်။ ၁၉၈၇ တုန်းက ငွေစက္ကူတွေ တရားမဝင် ကြေငြာလိုက်တယ်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလမှာပဲ စက်မှုတက္ကသိုလ် ကျောင်းသားတွေက ညတွင်းချင်း အရေးဆိုတယ်။ ရန်ကုန်တက္ကသိုလ် ကလည်း စက်မှုတက္ကသိုလ်နဲ့ ပူးပေါင်းဖို့စီစဉ်တော့ အစိုးရကသိသွားပြီး ကျွန်တော်တို့ကျောင်းတွေကို ညတွင်းချင်း ပိတ်လိုက်တယ်။ ဒါက အကြောင်းအရင်းတစ်ခုပေါ့။ သူတို့စိတ်ထဲမှာ အဲဒီကတည်းက ကျွန်တော် တို့ကို လူဆိုးတွေလို့ သတ်မှတ်ထားတာ။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ဒီပြသနာထပ်ဖြစ်တာပေါ့။" ဟု ပြောပြသည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၂၉ နှစ်မြောက်အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးပါတီများကလည်း သဝဏ်လွှာများပေးပို့ခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာတွင် "ကိုဖုန်းမော်၊ ကိုစိုးနိုင် နှင့်တကွ နိုင်ငံအတွက် အလင်းပြခဲ့တဲ့ လူငယ်များအားလုံးကို ကမ္ဘာတည်သ၍ ကျွန်မတို့ မမေ့မလျော့ မှန်ကန်တဲ့လုပ်ဆောင်မှုအားတွေနဲ့ ဂုဏ်ပြုကြပါစို့ " ဟု တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required