One Championship

အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌ ပြောတဲ့ မြန်မာ့စီးပွားရေး ဦးမော့လာစေမယ့် နည်းလမ်းများ

.

အာရှဖွံဖြိုးရေးဘဏ် ADB အနေနှင့် ၂၀၁၃ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထောက်ပံ့ အကူအညီပေးရေး စီမံကိန်းများကို စတင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်သည့် နေရာတွင် နိုင်ငံ၏ မိတ်ဘက် မဟာဗျူဟာ ကြားဖြတ် အစီအစဉ်အရ နှစ်ပိုင်းအလိုက် အကူအညီပေးနေခြင်းဖြစ်သည်။

ထို့ကြောင့် ယခု ၂၀၁၇ ခုနှစ်ကနေ၍ ADB ၏ ကြားဖြတ်အကူအညီပေးရေး အစီအစဉ်သစ်ကို စတင်သွားဖို့လည်း ရှိနေရာ ယင်းအစီအစဉ်အသစ်ကို အကောင်အထည်ဖော်ရန် ADB ရဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Mr.Stephen P.Groff သည်မတ်လ ၆ ရက်နေ့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပြင် ဆိုင်ရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးများနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ADBနှင့် မြန်မာနိုင်ငံတို့ကြား ရှေ့ဆက်ဖော်ဆောင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှုရလာဒ်များနှင့် ADB ၏ မြန်မာပြည်တွင် ထပ်တိုးလုပ်ဆောင်မည့် စီမံကိန်းများ အကြောင်းကို မဇ္ဈိမသတင်းဌာန၏ စီးပွားရေးအကြီးတန်းသတင်းထောက် ကိုအောင်သူရက ADB ဒုတိယဥက္ကဌ Mr.StephenP.Groff ကို တွေ့ဆုံမေးမြန်းထားသည်။

မဇ္ဈိမ။  ။ ဒီနေ့ဒီအချိန် မြန်မာပြည်ကိုလာရောက်ရတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်

စတီဖင်။  ။ ခင်ဗျားရဲ့ အစီအစဉ်မှာ ပါဝင်ရတာ ကျေးဇူးတင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်မနေ့က နေပြည်တော်မှာ နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့   တွေဆုံခဲ့ပြီးတော့ တိုင်းပြည်ရဲ့ မိတ်ဘက် မဟာဗျူဟာ အစီအစဉ်အတွက် အချောသတ် ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီလအကုန်မှာတော့ ခွင့်ပြုချက် ရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာအစိုးရနဲ့ ADB အကြား ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ပြည်သူလူထုကို ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့နဲ့ စီးပွားရေး တိုးတက်မှုတွေကနေ အကျိုးကျေးဇူး ရရှိစေမှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ ခင်ဗျားအနေနဲ့ နိုင်ငံတော်သမ္မတနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့နေရာမှာ နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊  ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေအတွက် ပါဝင်တယ်လို့ သိရတယ်။ အဲဒီအပေါ်မှာ နှစ်ဦးသား သဘောတူညီချက်က ဘာတွေလဲ ADB ဘက်က ဘယ်လိုကတိတွေ ပေးခဲ့တယ်ဆိုတာ ပြောပြပေးပါလား။

စတီဖင်။  ။ ဦးစားပေးကဏ္ဍတွေအတွက် လုံးဝကို ညိနှိုင်းပြီးပါပြီ။ ဒီဆွေးနွေးမှုတွေဟာ တိုင်းပြည်ဖွံ့ဖြိုးဖို့ အခြေခံကျတဲ့ မဏ္ဍိုင်ကြီး ၃ ခုအပေါ်မှာ ဦးတည်ထားပါတယ်။ အဲဒီ ၃ ခုကတော့ အခွင့်အလမ်းများ ဖန်တီးခြင်း၊ လူသား အရင်းအမြစ်များ ခိုင်မာစေဖို့ တိုင်းပြည်အတွင်း အဆက်အသွယ်လမ်းကြောင်းများ ပွင့်လင်းစေခြင်းနဲ့ ခေတ်နဲ့အညီ စီးပွားရေးစနစ်များ ဖြစ်ပေါ်စေဖို့အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို တိုးမြှင့်ခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒီဟာတွေအပေါ်မှာလည်း သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေဆီကလည်း အပြောင်းအလဲမရှိတဲ့ သတင်းစကားတွေ ရရှိခဲ့ပါတယ်။ အမှန်ဆိုရင်လည်း သူတို့အနေနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အခြေခံအဆောက်အဦး တည်ဆောက်ရေးအပိုင်းနဲ့ လျှပ်စစ်မီး ရရှိရေးတို့ကို လုပ်ဆောင်ဖို့ သိပ်ကိုစိတ်ပါလက်ပါရှိတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း တိုင်းပြည်အတွင်းမှာရှိတဲ့ လူများစွာအတွက် စိတ်ချရတဲ့ လျှပ်စစ်မီးရရှိစေဖို့ အခြေခံအဆောက်အဦး တည်ဆောက်ရေး အပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံသွားပြီး သေချာအောင် လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေက စီးပွားရေးတိုးတက်ဖို့အတွက် လိုအပ်ချက်ဖြစ်နေတဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေးအပိုင်းကို ကူညီပေးမှာဖြစ်သလို ကျေးလက်နေ ပြည်သူတွေအတွက် အခွင့်အလမ်းနဲ့ ၀င်ငွေတိုးတက်မှုအပေါ်မှာ စိန်ခေါ်စရာ ဖြစ်နေတာတွေကို တိုးတက်စေမှာ ဖြစ်ပါတယ်။

မဇ္ဈိမ။  ။ခင်ဗျားရဲ့ တွစ်တာအကြောင်းပြောရအောင်၊ နိုင်ငံတော်သမ္မ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီးခင်ဗျားရဲ့ တွစ်တာအကောင့်မှာ တွေ့ဆုံမှုတွေဟာ သိပ်ကိုကောင်းတယ်၊ အရေးပါတယ်ဆိုပြီး အကောင်းမြင်ရေးသားထားတာ တွေ့တယ်ဗျ။ ဘာကြောင့် အဲဒီလိုအကောင်းမြင်မှုတွေ ရှိရတာလဲ

စတီဖင်။  ။ကျွန်တော်တို့ကသိပ်ကိုအကောင်းမြင်ထားတယ်၊ ဒီနိုင်ငံနဲ့လည်း သိပ်ကိုကောင်းတဲ့ ဆက်ဆံရေးရှိတယ်၊ ကျွန်တော်တို့ဆိုရင်လည်း စိန်ခေါ်စရာတွေ ရင်ဆိုင်နေရပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဆောင်နေတဲ့ ဒီနိုင်ငံမှာအလုပ်တွေ ပြန်လုပ်နေတဲ့ အချိန်ကာလကလည်း ၄-၅ နှစ်လောက်ရှိပါပြီ။ ADB လို အဖွဲ့အစည်းတွေကလည်း ဘယ်လိုအစိုးရရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကူညီပေးရမလဲဆိုတာ သိရှိထားပါတယ်။

လက်ရှိအစိုးရအဖွဲ့မှာလည်း စိန်ခေါ်မှုတွေအတွက် စိတ်နှစ်မြှုပ်ပြီး ကောင်းကောင်း နားလည်သဘောပေါက်ထားတဲ့ လူတွေ ရှိနေပါတယ်။ သူတို့ဟာ ADB လိုဘဏ္ဍာရေး အထောက်အပံ့တွေ ပေးနိုင်မယ့် မိတ်ဘက်အဖွဲ့အစည်းတွေကို စီးပွားရေး တိုးတက်မှုအတွက် အလားအလာရှိတဲ့ ဦးစားပေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံခွင့်တွေ ပြုပေးသလို တစ်တိုင်းပြည် လုံးမှာရှိတဲ့ စိန်ခေါ်စရာတွေကို ဆက်ပြီးဖြေရှင်းဖို့ အရေးတကြီး လုပ်ဆောင်နေပါတယ်။

မဇ္ဈိမ။  ။ မြန်မာအနေနဲ့ ၂၀၁၀ ခုနှစ်မတိုင်ခင်ကဆို ညံဖျင်းတဲ့စီးပွားရေး စီမံခန့်ခွဲမှုတွေကြောင့် ရာစုနှစ် တစ်ဝက်လောက် အခြေအနေဆိုးတွေကို ခံစားခဲ့ရပြီးပြီ။ ဒီအတွက် အခုအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်အပေါ်မှာ ဘယ်လိုစိန်ခေါ်စရာတွေ ရှိနေမလဲ

စတီဖင်။  ။ ဒီနိုင်ငံမှာ စိန်ခေါ်စရာအများကြီးကို ရင်ဆိုင်နေရတယ်ဆိုတာ မှန်ပါတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေး တိုးတက်ဖို့အတွက် ကြီးမားတဲ့ အလားအလာရှိနေပါတယ်။ မြန်မာပိုင်ဆိုင်ထားတဲ့ ပထ၀ီအနေအထားအရ စီးပွားရေး တိုးတက်မှုကောင်းတဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ အရှေ့အာရှ စတဲ့ နိုင်ငံတွေရဲ့ အလယ်မှာရှိနေတာပါ။ နိုင်ငံ့ရဲ့ လူဦးရေဟာ ဆိုရင်လည်းငယ်ရွယ်တဲ့ အနေအထားမှာရှိနေပြီး ဘေးကအခြားနိုင်ငံတွေဟာ ကြီးရင့်တဲ့ လူဦးရေတွေ ရှိနေတာပါ။ သဘာဝသံယံဇာတ အရင်းအမြစ်ဘက်ကပဲ ကြည့်ကြည့် တိုးတက်မှု အလားအလာတွေ ရှိသလို လယ်ယာစိုက်ပျိုးရေး ကဏ္ဍဘက်လည်း ထုတ်လုပ်မှုမြင့်မားအောင် လုပ်နိုင်သလို အိမ်နီးချင်း တိုင်းပြည်တွေကို တင်ပို့နိုင်အောင် တိုးမြှင့်သွားလို့ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ အဲဒီလို အခွင့်အလမ်း အများကြီး ရှိနေတာကြောင့် စနစ်တကျရှိပြီး ကောင်းမွန်တဲ့ စီးပွားရေးမူဝါဒတွေ ရှိမယ်ဆိုရင် ဒီအခွင့်အလမ်းတွေရဲ့ သော့ချက်ကို ဖွင့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဒါကိုလွှမ်းခြုံ လုပ်ကိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မဇ္ဈိမ။  ။ADB ရဲ့ တွက်ချက်မှုတွေအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း ကျော်လောက်ဟာ ဆိုးရွာတဲ့ ဆင်းရဲနွမ်းပါးမှုကို ခံစားနေရတယ်။ နောက်ပြီး စိုက်ပျိုးရေးကဏ္ဍနဲ့ ဆက်နွယ် လုပ်ကိုင်နေတာကလည်း နိုင်ငံရဲ့ လူအများစု ဖြစ်တယ်ဆိုတော့ မြန်မာအနေနဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဘယ်လိုအဆင့်မြှင့်လို့ ရနိုင်မလဲဆိုတာနဲ့ တန်ဘိုးမြှင့်ထုတ်ကုန်တွေကို စနစ်ထဲရောက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ပြောပြနိုင်မလား

စတီဖင်။  ။ ဒီဟာပတ်သက်တဲ့ အပိုင်းကတော့ ကျွန်တော်ပြောခဲ့တဲ့ အခြေခံ အဆောက်အဦးကဏ္ဍ ရင်းနှီးမြှုပ်နှံခြင်းပါပဲ။ ဘာကြောင့်လဲဆိုရင် ခင်ဗျားတို့ဆီမှာ လယ်ယာထွက်ကုန်လမ်းကြောင်းတွေ ပွင့်ဖို့ လမ်းပန်းဆက်သွယ်ရေးတွေ လိုအပ် နေသလို ခေတ်မီလယ်ယာအတွက် ရေသွင်းစိုက်ပျိုးရေးစနစ်တွေ ဖြစ်ပေါ်လာဖို့လည်း လိုအပ်နေပါတယ်။ ဒါ့အပြင် သိုလှောင်မှု နည်းစနစ်တွေ၊ ရိတ်သိမ်းခြွေလှေခြင်း နည်းပညာကိရိယာတွေနဲ့ အသီးအနှံတွေကို ပြုပြင် ပြင်ဆင် ထုပ်ပိုးခြင်း နည်းစနစ်နဲ့ ကိရိယာတွေကလည်း လိုအပ်နေပြန်တယ်။ ဒါတွေဟာ ထုတ်လုပ်မှုကို တိုးမြှင့်မှာဖြစ်ပြီး လယ်သမားတွေနဲ့ ကျေးလက်ဒေသနေ ပြည်သူလူထုကိုပိုက်ဆံပိုရအောင် လုပ်ပေးနိုင်မှာဖြစ်တယ်ဗျ။ ဒီငွေတွေနဲ့ သူတို့တွေက ပညာရေးမှာ ပိုသုံးနိုင်မယ်။ အဲဒိပိုက်ဆံတွေနဲ့ ကျန်းမာရေးကဏ္ဍနဲ့ ဈေးဝယ်တဲ့ နေရာတွေမှာသုံးနိုင်လိမ့်မယ်။ ဒါကြောင့် ဒါဟာအရေးကြီးတယ် ဆိုတာကို နားလည်သဘောပေါက်ရပါမယ့်။ ဆက်ပြီးတော့ လျှပ်စစ်မီးတွေကို ဖြန့်ချိပေးဖို့လည်း လိုအပ်နေပြန်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ခေတ်မီလယ်ယာစိုက်ပျိုးရေး စနစ်ကို သွားဖို့လည်း အထောက်အပံ့ ဖြစ်ပါတယ်။ နိုင်ငံစီးပွားရေးတိုးတက်မှုရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅၀ ရာခိုင်နှုန်းဟာ ကျေးလက်ကဏ္ဍအတွင်း ရှိနေတာပါ။ ဒါ့ကြောင့် ဒီကဏ္ဍကိုအမှန်တကယ် အာရုံစိုက် လုပ်ကိုင်ရပါမယ်။

မဇ္ဈိမ။  ။အစိုးရရဲ့ အရေးတကြီး ဦးစားပေးကဏ္ဍက ဘာဖြစ်မလဲဆိုရင် ခင်ဗျားဘာပြောချင်လဲ၊ အစိုးရအနေနဲ့ စိုက်ပျိုးရေး၊ အခြေခံ အဆောက်အဦးကဏ္ဍ၊ ပညာရေးနဲ့ အသက်မွေးမှုပညာရပ် စတာတွေမှာဘာကိုဥိးစားပေးသင့်သလဲ

စတီဖင်။  ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရေရှည်လမ်းကြောင်းအပေါ်မှာ တည်တံ့ဖို့ဆိုရင် ကျွန်တော်တို့ အာရုံထားမှာက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအပိုင်းပဲဖြစ်ပါတယ်။ ဒါဟာသိပ်ကိုအရေးပါနေပြီးတော့ အလုပ်အကိုင် အများကြီးကို ပေးထားနိုင်မှာပါ။ ဒုတိယတစ်ခုက ကျွမ်းကျင်လုပ်သားတွေကို အလယ်တန်း ပညာရေးအဆင့်၊ နည်းပညာ အသက်မွေး သင်တန်းကျောင်းတွေနဲ့ တက္ကသိုလ်အဆင့် ပညာရေးကနေ မွေးထုတ်ပေးဖို့ဖြစ်ပါတယ်။ ဒါဟာ လုပ်သားဈေးကွက် အတွက် အသုံးဝင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ လျှပ်စစ်မီး ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် လုံးဝကို အရေးပါပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့လည်း ထပ်တူညီ အရေးပါပါတယ်။ ဒါကြောင့် ဒီ ၃ ခုဟာအရေးကြီးပါတယ်။ ဒါတွေဟာအစိုးရရဲ့ ဦးတည်ချက်တွေ ဖြစ်ပြီးတော့ ဒီကဏ္ဍတွေအတွက် ကျွန်တော်တို့ကလည်း အထောက်အပံ့တွေ ပေးလျက်ရှိနေပါတယ်။

မဇ္ဈိမ။  ။ ဒီကဏ္ဍ တစ်ခုချင်းစီအတွက် အစိုးရကိုငွေကြေးဘယ်လောက် ထောက်ပံ့ပေးသွားမလဲ

စတီဖင်။  ။လောလောဆယ် ဆွေးနွေးနေဆဲဖြစ်ပြီးတော့ ကျွန်တော်တို့က ၃ နှစ်စီမံကိန်းအနေနဲ့ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ဒီ ၃ နှစ် အစီအစဉ်ကိုတော့ ADB ၀က်ဆိုဒ်မှာ ကြည့်လို့ရနိုင်မှာဖြစ်ပြီးတော့ အဲဒီမှာ စီမံကိန်းတစ်ခုချင်းစီရဲ့ အချက်အလက်တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။ တစ်ချို့ကိုတော့ တစ်နှစ် ပြီးမှ တစ်နှစ် လုပ်ကိုင်မှာဖြစ်ပြီး တစ်နှစ်တိုးတိုင်း ငွေကြေးပမာဏကလည်း ပိုများသွားမှာဖြစ်ပါတယ်။ ဆိုတော့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ရဲ့ ၀က်ဆိုဒ်မှာ ရှာကြည့်နိုင်မှာဖြစ်ပါတယ်။