မြို့တော်ရန်ကုန်မှ မြို့ပျက် ရန်ကုန်ဖြစ်ချင်ကြ သူများသို့ ပေးစာ

မြို့တော်ရန်ကုန်မှ မြို့ပျက် ရန်ကုန်ဖြစ်ချင်ကြ သူများသို့ ပေးစာ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်မှာနေတဲ့ ဒေါ်တင်မာခိုင် ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာ ရေးထားတဲ့ အကြောင်း အရာကတော့ ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ လမ်း၊ အိမ်နဲ့ တိုက်ခန်းတွေမှာ နေထိုင်ကြသူ အချို့ရဲ့ စည်းကမ်းမဲ့ ပြုမူဆောင်ရွက်မှုတွေကြောင့် ပြည်သူတွေ အဆင်မပြေ ဖြစ်ကြရ တာကို တာဝန်ရှိသူတွေ သိအောင်လို့ မဇ္ဈိမ စာဖတ်သူကဏ္ဍမှာ ဖော်ပြပေးဖို့ ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်ပြီး ရန်ကင်းမြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ အိုးအိမ်ဦးစီးဌာနက နေထိုင်ခွင့် ချထားပေးတဲ့ တိုက်ခန်းတစ်ခန်းမှာ နေထိုင် လာခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ စတင်နေထိုင်စဉ်က ရန်ကင်းမြို့နယ်ဟာ တိတ်ဆိတ် ငြိမ်သက် အေးချမ်းပြီး သန့်ရှင်းလို့ နေချင်စဖွယ် ဖြစ်ခဲ့ဖူးပါတယ်။

တိုက်တွေတည်ဆောက်ထားပုံက လေဝင်လေထွက်ကောင်းမွန်တဲ့အပြင် တိုက်ရှေ့မျက်နှာစာမှာ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်တွေရှိနေလို့ အလံတိုင်ထူပြီး နေ့ကြီးရက်ကြီးတွေမှာ အခမ်းအနားတွေ ပြုလုပ်နိုင် ခဲ့သလို ကလေးတွေအတွက် လည်း စိတ်တိုင်းကျ ကစားခွင့်ရတဲ့ အားကစားကွင်းသဖွယ် ဖြစ်ခဲ့ရပါတယ်လို့ ပြောပါတယ်။ ဝန်ထမ်း တွေ အားလပ်ချိန်မှာ တိုက်နောက်ဘက် မြေပိုတွေမှာ စားဟင်းသီးနှံတွေ စိုက်လို့ အိမ်စရိတ်ကိုလည်း တစ်ဘက်တစ်လမ်းက အထောက်အကူ ရခဲ့ပေမယ့် ၈၈ အရေးအခင်း နောက်ပိုင်းမှာတော့ တိုက်ခန်း နေသူတွေရဲ့ စိတ်ချမ်းသာမှုတွေဟာ ပျောက်ကွယ်ခဲ့ ရပါတယ်လို့ ရေးပါ တယ်။

မြေညီထပ်မှာ နေသူတွေက ရှေ့နောက်နဲ့ ဘေးတွေမှာ အဖီတွေ ထုတ်ပြီး တိုးချဲ့ ဆောက်လုပ် လာကြသလို မြက်ခင်းပြင်နေရာတွေမှာလည်း ဦးရာလူတွေက ဆိုင်တွေကို ဦးရာလူစနစ်နဲ့ ကြုံသလို ဝင်ပြီးဆောက်လုပ်လာကြတဲ့အတွက် အမြင်မတင့်တယ်တော့ဘဲ စည်းမဲ့ကမ်းမဲ့ လုပ်နေကြတာက ကြည့်ရှူလို့ မကောင်းအောင် ဈေးဆိုင်တွေ များပြားလာခဲ့ပါတယ်လို့ ပြောပါတယ်။

ဒီလိုပြုလုပ်လာကြတဲ့အတွက် ကလေးတွေအတွက် ကစားစရာနေရာ ပျောက်သွားသလို နေ့ကြီးရက်ကြီးတွေမှာ အခမ်းအနား ပြုလုပ်ဖို့အတွက် နေရာမရှိတော့ပါဘူး။ အဆိုးဆုံးကတော့ ဆိုင်တွေကို ဖြစ်သလို ဆောက်ထားကြလို့ ဈေးဆိုင်က စွန့်တဲ့အမှိုက်နဲ့ အညစ်အကြေးတွေကြောင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို ထိခိုက်ပါတယ်။ တိုက်ခန်းနေသူတွေရဲ့ ကားတွေ ရပ်စရာနေရာ မရှိလို့ လမ်းမကြီးပေါ်မှာပဲ အဆင်ပြေသလို ထားရတာကြောင့် လမ်းသွားလမ်းလာတွေအတွက် ယာဉ် တိုက်ခိုက်တဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေ မကြာခဏ ကြုံကြရတယ်လို့ ဆိုပါတယ်။

သူ သိထားတာကတော့ အိုးအိမ်ဦးစီးဌာနပိုင် တိုက်ခန်းတွေပဲဖြစ်ဖြစ် ရပ်ကွက်နဲ့ လမ်းတွေမှာ အိမ်နဲ့ နေသူတွေပဲဖြစ်ဖြစ်၊ တိုးချဲ့ပြင်ဆင်ဆောက်လုပ်တာတွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဥပဒေ တွေ ရှိပါတယ်။ ဒီလိုမျိုး ထင်သလို ဆောက်နေကြတာကို တားဆီးမယ့် ဥပဒေတွေက ပျောက်သွားပြီ လား။ မရှိတော့ဘူးလားဆိုတာ သူ သိချင်ပါတယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာ အိုးအိမ်နဲ့ စည်ပင် ဌာနတွေက အခွန်ကောက်တာကလွဲရင် ပြည်သူတွေအတွက် ထိထိရောက်ရောက် လုပ်ပေးတာ သူ မမြင်ဖူးသေးဘူးလို့ ဆိုပါတယ်။ ရန်ကင်းမြို့နယ်မှာတင် မဟုတ်ဘဲ ရန်ကုန်မြို့အနှံ့က အိုးအိမ် တိုက်ခန်း အိမ်ရာတွေမှာ စည်းကမ်းမဲ့ ဆောက်လုပ်နေကြတာကို တားဆီးမှု မရှိဘူးဆိုရင် နောက်ထပ် စည်းကမ်းမဲ့ ကျူးကျော်မှုတွေ များပြားလာပြီး ဘယ်လိုမှ ထိန်းသိမ်း မရတော့ဘဲ မြို့တော်ရန်ကုန်ဟာ မြို့ပျက်ရန်ကုန် ဖြစ်သွားမှာကို မလိုလားတဲ့ ပြည်သူတစ်ဦးအနေနဲ့ တာဝန်ရှိသူများကို စာရေးတင်ပြ လိုက်တာပါလို့ ရေးသားလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags