နိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည့် ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၃)

နိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည့် ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၃)

မေး - ဦးကိုကိုကြီးလည်း အကျဉ်းထောင်ထဲမှာ နှစ်တော်တော်ကြာနေခဲ့ရတာဆိုတော့ ဦးကိုကိုကြီးတို့ အကျဉ်းထောင်ထဲမှာ နေခဲ့တဲ့အချိန်မှာပဲ ဖုန်းတွေပေါ်လာတယ်။ လူငယ်တွေဆို တက်တူးထိုးလာတယ်။ အစရှိသဖြင့် တချို့တွေဆိုရင် အရင်တုန်းကတော့ ဦးကိုကိုကြီးတို့ ခေတ်က လက်ဘက်ရည်ဆိုင်ကို သွားထိုင်ကြတယ်ပေါ့နော်။ အခုဆိုရင် ဂိမ်းဆိုင်တွေသွားကြပြီ ဆိုတာမျိုး။ ဒါမျိုးပြောင်းလဲလာတယ် ဆိုတော့ ဒီ နည်းနည်းလေး လစ်ဟာနေတယ်လို့ ကျွန်တော်တော့ထင်တယ်။ အဲဒီတော့ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ ပါတီအနေနဲ့ စဉ်းစားထားတာ ဘာတွေများရှိနိုင်မလဲ။

ဖြေ - ကျွန်တော်တို့ ကိုယ်တိုင်လည်း (၈၈) မတိုင်ခင်ကထဲက အပြောင်းအလဲတွေ ကြံုခဲ့ရတာပဲ။ ကျွန်တော်တို့ (၈၈) အရေးတော်ပုံတုန်းကဆိုရင် ဂျင်းဘောင်းဘီ ဝတ်တာတို့၊ ရေဘင် မျက်မှန်တို့နဲ့ နိုင်ငံခြားစီးကရက်တို့ကအစ ပြောရရင်တော့ နည်းနည်းမျက်စိစပါးမွှေးစူးတဲ့ အဖြစ်မျိုး ဖြစ်ခဲ့တာပေါ့။ ဒီဟာက သဘာဝပဲလို့ ကျွန်တော်မြင်တယ်။ အထူးသဖြင့် Globalization မှာ ကူးလူးဆက်ဆံမှု များလာတာနဲ့အမျှ ဒီယဉ်ကျေးမှုဆိုင်ရာ ဝတ်စားဆင်ယင်မှုဆိုင်ရာတွေ ကျွန်တော်တို့ဆီကို ဝင်လာတာတွေ ရှိမှာပါ။ အဲဒီနေရာမှာ ကျွန်တော်တို့က ဘာတွေကို ထိန်းသိမ်းမလဲ၊ ဘာတွေကို ငြင်းပယ်မလဲဆိုတာက အဲဒါက အရေးကြီးတယ်လို့ထင်တယ်။ ဆိုတော့ မြန်မာလို့ ဖြစ်နေတာကိုယ်၌က ကိုယ့်ရဲ့သီးခြား အမှတ်အသားသရုပ်ရှိလို့ နိုင်ငံတကာ မိသားစုထဲမှာ မြန်မာဆိုတာ ဖြစ်နေတာ။ ကိုယ့်ရဲ့ အမှတ်အသားသရုပ်ကို ထိန်းသိမ်းဖို့ကိုတော့ လူငယ်တွေကို ကျွန်တော်တို့က တဖက်က ဆွေးနွေးဖို့ လိုမယ်။ နောက်တစ်ခုကတော့ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ နည်းပညာတို့၊ တခြား ကျွန်တော်တို့ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေက အစ အဲဒါတွေကျတော့ ကျွန်တော်တို့က ကိုယ့်နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချဖို့ လိုတယ်။ အဲဒီတော့ ဝတ်စားဆင်ယင်မှုကိစ္စမှာကတော့ လျှပ်ပေါ်လော်လီတဲ့ သိပ်ပြီး ရုပ်ပျက်ဆင်းပျက်တဲ့ ကိစ္စမျိုးကလွဲလို့ ခေတ်အလိုက် ဖက်ရှင်တွေပြောင်းလာတာကတော့ ကျွန်တော်တို့ သဘာဝပဲရှိနေတာပဲ။ အဲဒီတော့ အထူးသဖြင့်ကတော့ လူငယ်တွေနဲ့ပတ်သက်လို့ သူတို့ ဘယ်လိုစဉ်းစားလဲ။ ဘာ ရုပ်ရှင်တွေကြည့်သလဲ၊ ဘာ စာအုပ်တွေ ဖတ်သလဲဆိုတာတွေကိုလည်း ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မျက်ခြေမပြတ်ဖို့ လိုတယ်။ ကျွန်တော် ထောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ဆိုရင် ကျွန်မဖိုးဖိုး ရင့်ဆက်ရာဗင် ဆိုပြီးတော့ ရင့်ဆက်ရာဗင်ရဲ့ မြေးမလေးက ရေးတဲ့ဟာ။ သူတို့ စနေ၊ တနင်္ဂနွေမှာ သူငယ်ချင်းတွေကို အဖိုးက တမင်တကာ အိမ်မှာ လာခေါ်ပြီးတော့ ဆော့ခိုင်းတယ်၊ ကစားခိုင်းတယ်။ ပြီးတော့ ဖိုးဖိုး ရင့်ဆက်ရာဗင်က သူ့ မြေးမလေးတွေ အသက်အရွယ်မှာ ဘာသီချင်းနားထောင်လဲ၊ ဘာရုပ်ရှင်ကြည့်သလဲ၊ ဘာစာအုပ်ကြိုက်သလဲ ဆိုတာတွေကို လေ့လာတယ်ဆိုတာတွေ အဲဒါလေးက သိပ်ချစ်ဖို့ ကောင်းတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က လူငယ်တွေနဲ့ ပတ်သက်ရင် နားလည်မှုရှိဖို့ဆိုတာက သူတို့ ဘာတွေနဲ့ ကြီးပြင်းနေသလဲ။ ဘာတွေဖတ်သလဲ၊ ဘာတွေနားထောင်သလဲ၊ ဘာတွေ ကြည့်သလဲ၊ ဘာတွေ တွေးသလဲ။ အဲဒါတွေကို ကျွန်တော်တို့ မျက်ခြေမပြတ်အောင် လုပ်ဖို့လိုမယ်လို့ ကျွန်တော် အဲလိုမြင်ပါတယ်။

မေး - ဒီဟာနဲ့ ဆက်စပ်ပြီးတော့ပေါ့။ ကျွန်တော်တို့ နိုင်ငံတစ်ခုလို့ ပြောလို့ရှိရင် မေ့ထားလို့မရတာက အမျိုးသမီးတွေပေါ့။ ဒီ Gender Issue နဲ့ ပတ်သက်ပြီးတော့ရော ဘာတွေများစဉ်းစားထားတာရှိလဲ။ ဒီ ပါတီမူဝါဒမှာ ချိတ်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ပြောပါဦး။

ဖြေ - ကျွန်တော်တို့ကလေ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ သူများနိုင်ငံတွေမှာ ခွဲခြားဆက်ဆံတယ်။ နေရာမပေးဘူးဆိုတာမျိုးတောင် မရှိဘူးလို့ ကျွန်တော်မြင်တယ်။ ဆိုတော့ တစ်ခုပဲ။ အမျိုးသမီးတွေကို Enpower လုပ်ဖို့လိုတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာဆိုရင် အမျိုးသမီး နည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝအရကိုယ်၌က အန္တရာယ်ရှိတယ်။ နိုင်ငံရေးလုပ်ရင် အဖမ်းခံရတယ်။ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတော့ ဝင်လာတဲ့ မိန်းကလေးဆိုတဲ့ဟာက တော်တော် ထက်ထက်မြတ်မြတ် စွန့်စွန့်စားစား မိန်းကလေးမျိုးပဲ လာတော့ အရေအတွက်ကိုက ယောကျာ်းလေးထက်စာရင် နညး်တယ်။ သို့သော် အရည်အချင်းချင်းတူရင် အမျိုးသမီးက ပိုပြီးတော့ ပရိသတ်အာရုံစိုက်မှု၊ စွဲဆောင်မှုရှိတော့ သူတို့က ယောကျာ်းလေးထက်တောင် အရည်အချင်းတူရင် ပိုပြီးတော့တောင် သာတယ်။ အခွင့်အလမ်းပိုရတယ်လို့ ကျွန်တော်ကတော့ အဲလိုမြင်တယ်။ အဓိက,က အမျိုးသမီးတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ အရည်အချင်း၊ သူတို့ရဲ့ စွမ်းဆောင်မှုပေါ့။ အဲဒါတွေ မြင့်တက်လာအောင် ဆောင်ရွက်နိုင်တာနဲ့အမျှ အမျိုးသမီးပါဝင်မှုကလည်း မြင့်တက်လာမယ်လို့ အဲလိုမြင်ပါတယ်။

မေး - ပါတီရဲ့ မူဝါဒကိုပဲ ဆက်ပြီးတော့ မေးပါရစေ။ ပါတီရဲ့ မူဝါဒကို အတိုချုပ်ပြောရမယ်ဆိုရင် ဘာများဖြစ်မလဲ။

ဖြေ - အခြေခံအကျဆုံး ယေဘုယျအကျဆုံး ဆိုပေမယ့် အရေးကြီးဆုံးပါပဲ။ ကျွန်တော်တို့က Pro People ပေါ့။ ပြည်သူလူထုကို မျက်နှာမူတဲ့၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှူတဲ့ အခြေခံမူ အပေါ်မှာ ရပ်တည်သွားမယ်။ အဲဒီဟာရဲ့ နောက်ဆက်တွဲက အများကြီးကျယ်ပြန့်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ အခွန်အကောက်ကစပြီးတော့ အားလုံးဟာ ပြည်သူလူထုရဲ့ စီးပွားကို ရှေးရှူရမယ်ဆိုတဲ့ မူကနေ ဖြာထွက်သွားမှာ ဖြစ်တယ်။ အသေးစိတ် မူဝါဒတွေကတော့ ကျွန်တော်တို့ ပါတီ ဖွဲ့စည်းတဲ့အခါ ထုတ်ပြန်တဲ့ မူဝါဒတွေရှိမယ်။ လက်တွေ့ဆောင်ရွက်ခွင့်ရတဲ့ အခါမှာ Issue by Issue အသေးစိတ် ထုတ်ပြန်ရမယ့် ကြေညာရမယ့် မူဝါဒတွေရှိမယ်။

မေး - ကျေးဇူးတင်ပါတယ်။ အဲဒီတော့ ဘာများဖြည့်ပြောစရာရှိဦးမလဲ မသိဘူးခင်ဗျ။

ဖြေ - ကျွန်တော်တို့က ၈ လေးလုံး ကြွေးကြော်သံဖြစ်တဲ့ ဒီမိုကရေစီ ရရှိရေး ဆိုတာဟာ အင်မတန် ကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဆိုတာ ဗဟုဝါဒ ထွန်းကားအောင် လုပ်ရတာ။ နောက်တစ်ခုက ဗဟုဝါဒ ထွန်းကားမှလည်းပဲ အပြန်အလှန် ထိန်းညှိတဲ့ စနစ်တစ်ရပ်ပေါ်လာမှာ။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက်လာတာဟာ အခုလောလောဆယ် ပထမအဆင့်က အရင်စနစ်ဟောင်းကို ဖယ်ချလိုက်တဲ့ တွန်းချလိုက်တဲ့ အဆင့်တစ်ဆင့်ပဲ။ ဒါ အတိုင်းအတာတစ်ခုထိ ကျွန်တော်တို့ ရောက်လာခဲ့ပြီ။ နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့က လူထုက ပါတီတွေ A B C D E  အစရှိသဖြင့် ရှိတဲ့အထဲကမှ ဘယ်သူ့ကို ပိုကြိုက်လို့ ရွေးချယ်လဲဆိုတာ နောက်ထပ် နိုင်ငံရေးယဉ်ကျေးမှု အဆင့်တစ်ခုထိ ကျွန်တော်တို့က ဆက်ပြီးတော့ ကြိုးစားကြဖို့ လိုပါတယ်။ အခုကတော့ များသောအားဖြင့်က Protest Vote လို့ ခေါ်တာပေါ့။ တဖက်ကို ဆန့်ကျင်ကြောင်း တဖက်ကိုု ထောက်ခံပြီး ပြသတယ်ဆိုတဲ့ အခြေအနေမျိုး ကနေပြီးတော့ နောက်တဆင့်မှာက Prefer Vote ပေါ့။ အားလုံးထဲမှာမှ ဘယ်သူ့ကို မုန်းလို့ မကြိုက်လို့ ငြင်းပယ်တာမဟုတ်ဘူး။ သူ့မှာလည်း ကောင်းတာလေးတွေရှိတယ်။ သူ့မှာလည်း ကောင်းတာလေးတွေရှိတယ်။ အဲဒီထဲမှာမှ ဘယ်သူ့ကိုတော့ ပိုပြီးတော့ ကြိုက်လို့ ၊ မျှော်လင့်လို့ ဒီသက်တမ်းအတွက် ဒီ ၅နှစ်စာအတွက် ရွေးချယ်တယ်ဆိုတဲ့ ယဉ်ကျေးမှုဖြစ်လာအောင် ကျွန်တော်တို့က ဆက်ပြီးတော့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဆရာကြီး ဒဂုံတာရာရဲ့  အဆိုအမိန့်ကိုပဲ ပြောရရင် “မုန်းသူမရှိ၊ ချစ်သူသာရှိ” ဆိုတဲ့ အားလုံးကို မိတ်ဖက်ဆက်ဆံရေး ပိုမိုပြီးတော့ ကျယ်ပြန့်လာဖို့အတွက်ကို ဦးတည်ချက်ထားပြီး ဆောင်ရွက်သွားမှာပါ။

မဇ္စျိမ ရုပ်မြင်သံကြားကို ကြည့်ရှု့အားပေးနေကြတဲ့ မဇ္စျိမ ပရိသတ်များအားလုံးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ဦးကိုုကိုကြီးနဲ့   တွေ့ဆုံမေးမြန်းခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျာ။ နောက်များကိုလည်း ဒီထက်ကောင်းတဲ့ အစီအစဉ်တွေ ဆက်လက်ပြီးတော့ တင်ဆက်ပေးပါဦးမယ်။   ကျေးဇူးတင်ပါတယ်ခင်ဗျ။

အင်တာဗျူးပထမပိုင်းအား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် http://်-http://www.mizzimaburmese.com/article/24320  

 အင်တာဗျူးဒုတိယပိုင်းအား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် -http://http://www.mizzimaburmese.com/article/24376          

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly