မ.ဘ.သ (ဗဟို) မှ ဒေါက်တာအရှင်တေဇနိယနှင့် အင်တာဗျူး

မ.ဘ.သ (ဗဟို) မှ ဒေါက်တာအရှင်တေဇနိယနှင့် အင်တာဗျူး
 

ဦးကိုနီကို လုပ်ကြံသူများကို ဆရာတော်ဦးဝီရသူမှ ကျေးဇူးတင်ကြောင်းပြောကြားချက်နှင့် ပတ်သက်ပြီး မ.ဘ.သ (ဗဟို) မှ ဒေါက်တာအရှင်တေဇနိယ နှင့် မဇ္ဈိမတီဗီမှ မတ်လ ၆ ရက်နေ့က   တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

၁။ ဦးဝီရသူ ပြောကြားချက် မ.ဘ.သ သဘောထား မဟုတ်။

ဦးဇင်းတို့အနေနဲ့ကေတော့ ဦးဇင်းတို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မ.ဘ.သ) (ဗဟို) ရဲ့ သဘောထားအနေနဲ့ ဦးကိုနီသေဆုံးပြီးတဲ့ နောက်ရက်မှာပဲ ကြေညာချက်ကို ထုတ်ပြီးသားဖြစ်ပါတယ်။ ဦးကိုနီအပါအဝင် မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့သော မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို မဘသအနေနဲ့ ရှုံ့ချတယ်။ ကျန်ရစ်တဲ့ မိသားစုတွေကိုလည်းပဲ ထပ်တူထပ်မျှဝမ်းနည်းတယ်၊ စာနာတယ်ဆိုတဲ့အကြောင်းကို ဦးဇင်းတို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်။ ဒါဟာ မ.ဘ.သ ရဲ့ သဘောထားမှတ်ချက် အစစ်ပဲဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ပြောကြားချက်ဟာ (မ.ဘ.သ)ရဲ့ ပြောကြားချက်မဟုတ်ပါဘူး။ ဆရာတော်ဦးဝီရသူ ကိုယ်တိုင်လည်း ရှင်းလင်းထားပြီးသား ဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်သည် မ.ဘ.သ ရဲ့ ကိုယ်စားပြုသော ပြောကြားချက် မဟုတ်ပါဘူး။ သူတစ်ဦးတစ်ယောက်တည်း တစ်ပါးတည်းရဲ့ သူ့ရဲ့ခံယူချက် သူ့ရဲ့ရပ်တည်ချက် သူ့ရဲ့ယုံကြည်ချက်နဲ့ ပြောကြားတဲ့ စကားသာဖြစ်ပါတယ်။ (မ.ဘ.သ)ရဲ့သဘောထားကတော့ ကြေညာချက်ထဲမှာ ဦးကိုနီအပါအဝင် တခြားသော အကြမ်းဖက်လုပ်ရပ်ဟူသမျှကို ဆန့်ကျင်တဲ့အကြောင်း (မ.ဘ.သ)ရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

၂။ အခြေခံဥပဒေမပြင်ရန် သတိပေးခဲ့ခြင်း ရှိ/မရှိ။

မ.ဘ.သ သည် အခြေခံဥပဒေပြင်မည့် ပုဂ္ဂိုလ်တွေကို၊ ဖျက်မယ့်ပုဂ္ဂိုလ်တွေကို သတိပေးတယ်ဆိုတဲ့ သတင်းကိုလည်း ဦးဇင်းတို့တွေ့ရပါတယ်။ ဖတ်ရပါတယ်။ ဦးဇင်းတို့က မ.ဘ.သ (ဗဟို) ရုံးမှာ နေတာဖြစ်တဲ့အတွက် မ.ဘ.သ အနေနဲ့ ဒါတွေပြောတယ်ဆိုတာ ဦးဇင်းတို့တောင်မသိဘူး။

၃။ အမျိုးသားရေး အစွန်းရောက်တွေက ဦးကိုနီကို လုပ်ကြံသည်ဆိုခြင်းကို လက်မခံသေး။

ဦးဇင်းတို့အနေနဲ့ကတော့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကို သေချာကျကျနန ရှင်းရှင်းလင်းလင်း မသိရသေးဘဲနဲ့ကတော့ ဒီအတိုင်းဖြစ်တယ် မှန်တယ်ဆိုပြီးတော့ မပြောလိုဘူး။ ကောက်ချက်ချလို့မရသေးဘူး။ ဘာမှကိုတိတိကျကျ ဦးဇင်းတို့အနေနဲ့ မသိရသေးဘူး။ အကုန်လုံး ဒီဖြစ်စဉ်တစ်ခုလုံးကို တိတိကျကျ မှန်မှန်ကန်ကန်သိပြီးမှသာလျှင် ပြောလို့ရမယ်။ အစွန်းရောက်ဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ ကိုယ့်လူမျိုးကို သိပ်ချစ်လွန်းသွားပြီ၊ ကိုယ့်လူမျိုးအတွက် တခြားသူတွေကို ဒုက္ခပေးသွားပြီဆိုရင်လည်း ဒါကအစွန်းရောက်ပဲ။ ထို့အတူပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ချစ်သင့်သလောက်ကို မချစ်ဘဲနဲ့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ချနင်းပြီးတော့ တစ်ခြားဘာသာ တစ်ခြားလူမျိုးတွေအတွက်ချည်းပဲ လုပ်နေမယ်ဆိုရင် တစ်နည်းအားဖြင့် မျိုးချစ်စိတ်ဓါတ်တွေ သေဆုံးနေမယ်ဆိုရင်လည်းပဲ ဒါဟာအစွန်းရောက်တာပဲ။ သိပ်ချစ်လွန်းပြီး အစွန်းရောက်သလို သိပ်မုန်းလွန်းပြီးလို့ ချစ်သင့်သလောက်မချစ်ဘဲနဲ့ တစ်ခြားဘက်ကို ပါသွားတာကလည်း အစွန်းရောက်ခြင်းပဲဖြစ်ပါတယ်။

၄။ ဘာသာရေးလုပ်ကြံမှုလား၊ နိုင်ငံရေးလုပ်ကြံမှုလား။

ဦးဇင်းတို့ မြန်မာနိုင်ငံသမိုင်းတစ်လျောက်မှာ ဘာသာရေးအရ သတ်ဖြတ်လုပ်ကြံတယ်ဆိုတာ ဘယ်တုန်းကမှမရှိဘူး။ ထို့အတူ ယခုလည်းပဲ ဘာသာရေးအရ လုပ်ကြံသတ်ဖြတ်တယ်ဆိုတာ ဦးဇင်း လုံးဝမယုံကြည်ပါဘူး။ လုံးဝမှ မယုံကြည်ပါဘူး။

၅။ အပြန်အလှန် အမုန်းစကားများအပေါ် ရှင်းလင်းချက်။

ဦးဇင်းတို့ (မ.ဘ.သ)အနေနဲ့ မျိုးစောင့်ဥပဒေအောင်ပွဲတုန်းကလည်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူပဲ အကြိမ်ကြိမ်လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်။ (မ.ဘ.သ) လိုဂို တွေနဲ့ ၊ ပါတီအရ ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေလုံးဝမလုပ်ဖို့ (မ.ဘ.သ)ကို မေတ္တာရပ်ခံထားတယ်။ (မ.ဘ.သ) လိုဂိုတွေနဲ့ သာသနာ့အလံတော် လိုဂိုတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ပါတီအရ တိုက်ခိုက်တာသည် (မ.ဘ.သ)ရဲ့ မူဝါဒလည်းမဟုတ်သလို (မ.ဘ.သ)နဲ့ လုံးဝမသက်ဆိုင်ဘူး။ ဦးဇင်းတို့ အွန်လိုင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြောနေတာတွေဟာ များသောအားဖြင့် တမင်သက်သက် တစ်ဖက်နဲ့တစ်ဖက် သွေးကွဲအောင် လုပ်နေတာလို့ ဦးဇင်းတို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် တစ်ချို့က (မ.ဘ.သ)နဲ့ပတ်သက်ပြီးတော့ သတင်းအတုတွေပေါ့လေ။ ဟိုး လွန်ခဲ့တဲ့နှစ်နှစ်လောက်က မန္တလေးမှာ မစိုးရိမ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူတဲ့အခါမှာ ရဲကားနဲ့ လမ်းရှင်းတဲ့ဆရာတော်တွေပုံကို အသုံးပြုပြီးတော့ (မ.ဘ.သ)က အစိုးရနဲ့ပေါင်းပြီးတော့ အကြမ်းဖက်တွေ လုပ်နေတယ်၊ ဒီလိုတောင်ဖြစ်နေတယ်။ ရဲကားပေါ်မှာတောင် ဒီလိုတွေလုပ်နေတယ် ဆိုတာမျိုးတွေရှိနေတယ်။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်လောက်ကပါပဲ။ ရွှေတိဂုံဘုရားနှစ် ၂၅၀၀ သာသနာ ၂၅၀၀ ပြည့်ပွဲမှာ သံဃာတော်တွေ ပန်းခြံထဲမှာ ပြည်သူ့ရင်ပြင်မှာ ဆွမ်းဆန်စိမ်းလောင်းတဲ့ ပုံတွေကိုယူပြီးတော့ (မ.ဘ.သ)က ကိုယ်တော်တွေက အတွဲတွေ လိုက်ဖမ်းတယ်၊ တည်းခိုခန်းတွေမှာ လိုက်ဖမ်းတယ်ဆိုတာမျိုးတွေ အတုတွေလည်း အများကြီးဖြစ်ပေါ်ခဲ့တယ်။ နောက် ဂဋ္ဌုန်ဦးစောကိုလည်းပဲ (မ.ဘ.သ)ကနေပြီးတော့ အမျိုးသားသူရဲကောင်းနေ့အဖြစ် သတ်မှတ်မယ် စသည်အားဖြင့် (မ.ဘ.သ)ကို သက်သက်မဲ့ အမုန်းပွားစေမယ့် လူတွေအထင်အမြင်လွဲမှားစေမယ့် အကြည်ညိုပျက်စေမယ့် သွေးကွဲစေမယ့် သတင်းအတုတွေနဲ့လည်း အများကြီးလုပ်နေတာရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိနေတဲ့ ၁၃၅မျိုးသော တိုင်းရင်းသားတွေကို မေတ္တာရပ်ခံချင်တာက ဒီစကားတွေသည် လက်ရှိဘယ်ကထွက်သလဲ။ ဘာကြောင့်ထွက်သလဲ။ ဒီသတင်းသည် အမှန်ဖြစ်နိုင်သလား အမှားဖြစ်နိုင်သလား။ ကျကျနန ဝေဖန်ဆန်းစစ်စေချင်ပါတယ်။

၆။ အမုန်းစကားတွေကို ဘယ်လိုဖြေရှင်းလဲ။

နံပါတ်တစ်က ပညာပေးသောနည်းနဲ့ ဖြေရှင်းပါတယ်။ အမှန်အတိုင်း ကောင်းကောင်းမွန်မွန် ဖြေရှင်းတာရှိသလို ဦးဇင်းတို့ဘက်က ရှင်းပြတာကို လုံးဝမျက်စိမှိတ်ပြီးတော့မှ တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို သိပ်ပြီးတော့ ဖြေရှင်းလို့မရတော့ဘူး။ သိပ်ပြီးတော့ ကန်းလွန်းနေပြီ။ အရမ်းလွန်နေပြီဆိုရင် မေတ္တာတရားနဲ့ သည်းခံပြီးတော့၊ ဥပက္ခာပြုပြီးတော့ ဖြေရှင်းတာတွေလည်းရှိပါတယ်။

၇။ မ.ဘ.သ နှင့် ပရဟိတ

ဦးဇင်းတို့တတွေ မြန်မာနိုင်ငံမှာ ဖြစ်တဲ့ ရေဘေး၊ မီးဘေး တွေကဲ့သို့သော သဘာဝ ဘေးအန္တာရယ်တွေ ကျရောက်တဲ့အခါမှာ မူဆလင်တွေဖြစ်လို့ မလှူဘူးဟေ့၊ အဲ့တာမျိုးမရှိဘူး။ ဒီရပ်ကွက်မှာ မီးလောင်တယ်ဟေ့၊ ဒီမြို့မှာမီးလောင်တယ်ဟေ့ဆိုရင် တစ်မြို့လုံးစာ လှူတာဖြစ်ပါတယ်။ ရေကြီးရင်လည်း တစ်မြို့လုံး မူဆလင်ကော ၊ ဟိန္ဒူကော မြန်မာကော ၊ ခရစ်ယာန်ကော ၊ အစ္စလာမ်ကော အကုန်လုံး ဦးပဇင်းတို့တတွေ လှူတာဖြစ်ပါတယ်။ ထို့အတူပဲ မူဆလင်တွေက ဦးပဇင်းတို့ဆီမှာ အကူအညီလာတောင်းတဲ့ အမှုတွေ တချို့ကိစ္စတွေ ရှိပါတယ်။ ဒါကိုလည်းပဲ ဦးပဇင်းတို့ဘက်က တတ်နိုင်သမျှ မြန်မာနဲ့မခြား အကုန်လုံးကို အကူအညီပေးနေပါတယ်။

၈။ တွေ့ဆုံဆွေးနွေးရန် ဘာသာခြားအဖွဲ့များကို ကြိုဆို။

လက်ခံပါတယ်။ ဝမ်းသာအားရ ဦးဇင်းတို့တတွေ လက်ခံပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သံသယတွေဖြစ်နေတဲ့အခါမှာ တွေ့ဆုံညှိနှိုင်းပြီးတော့  မင်းတို့ဘက်ကတော့ ဒါမလုပ်နဲ့ ငါတို့ဘက်ကတော့ ဒါမလုပ်နဲ့ ဒီလိုလေးညှိနှိုင်းမယ်ဆိုရင်၊ စေတနာမှန်မယ်၊ မြန်မာနိုင်ငံပေါ်မှာ မြန်မာစိတ်ထားရှိမယ်ဆိုရင် မူဆလင်ကော ခရစ်ယာန်ကော၊ ဟိန္ဒူကော၊ တခြားဘယ်ပုဂ္ဂိုလ်တွေမဆို ဦးဇင်းတို့က ကြိုဆိုလျက်ပါပဲ။ တခြားသောနိုင်ငံတွေက အဖွဲ့အစည်းတွေတောင်မှ ဦးဇင်းတို့တတွေ နွေးနွေးထွေးထွေးနဲ့ ရှင်းပြလိုက်တဲ့အခါမှာ သူတို့တွေ သဘောပေါက် နားလည်သွားတာရှိပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်တွေကိုလည်း သူတို့ဘက်ကို သူတို့ထိန်း ကိုယ့်ဘက်ကို ကိုယ်ထိန်းပြီဆို မြန်မာနိုင်ငံရဲ့ အကျိုးအတွက် ဘယ်အဖွဲ့အစည်း ဘယ်လူမျိုး ဘယ်ဘာသာဝင်မဆို ရိုးရိုးသားသားနဲ့လာမယ်ဆိုရင် ဦးဇင်းတို့ဘက်က ဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုနေပါတယ်။

၉။ မ.ဘ.သ မူဝါဒနှင့်ရင်ကြားစေ့ရေး

(မ.ဘ.သ) အနေနဲ့ မူဝါဒရှိပြီးသားပါ။ (မ.ဘ.သ) သည် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့  လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို မဖြစ်ပေါ်အောင် အသိပညာပေး စည်းရုံးတယ်ဆိုတဲ့ မူဝါဒရှိပါတယ်။ ဦးပဇင်းတို့တတွေ ဒီတိုင်းပဲသွားနေပါတယ်။ တချို့သတင်းတွေက ထွက်ပေါ်တဲ့အခါမှာ မကောင်းတဲ့ဟာတွေ ဟူသမျှ (မ.ဘ.သ)က လုပ်တယ်ဆိုပြီးတော့ အွန်လိုင်းတွေမှာ တင်တာတွေ တွေ့ရပါတယ်။ ဒါကို အစ္စလာမ်တွေဘက်က တင်တယ်ဆိုရင်လည်း ကိုယ့်ဘက်ကိုယ် ထိမ်းစေချင်ပါတယ်။ ဦးပဇင်းတို့ဘက်ကလည်း ကြေညာချက်တောင်မှ ထုတ်ပြီး ထိမ်းထားပြီးဖြစ်တယ်။ ဒီမဟုတ်မဟတ် လုပ်ကြံသတင်းတွေ ဖန်တီးခြင်းသည် တစ်ဘက်နဲ့တစ်ဘက် ညီညွတ်မျှတ အေးချမ်းဖို့အတွက် မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ဒါကိုနှစ်ဘက်လုံးအနေနဲ့ထိမ်းစေချင်ပါတယ်။

၁၀။ ဝေဖန်မှုနဲ့သည်းခံမှု

ဦးပဇင်းတို့ရဲ့ လုပ်ငန်းသည် နိုင်ငံရေး အာဏာရဖို့မဟုတ်ပါဘူး။ ပါဝါရဖို့မဟုတ်ဘူး၊ ငွေကြေးတစုံတရာ ရဖို့မဟုတ်တဲ့အတွက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ကိုယ့်သာသနာတော်ကြီး ပြန့်ပွားဖို့လုပ်တဲ့အတွက် ကိုယ့်ရဲ့ခံယူချက် ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနေတာ။ သူတို့တွေဘယ်လိုပဲပြောပါစေ။ အချိန်တန်ရင် အမြင်မှန်ရပါလိမ့်မယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင်မှပဲ ကောသံပြည်ကိုကြွတော့ ဘုရင့်ရဲ့ မိဘုရားကိုယ်တိုင်က  မြတ်စွာဘုရားကိုမကြည်ညိုတော့ အရက်သမားတွေကို ပိုက်ဆံပေးပြီး အရက်တိုက်ပြီးတော့   မြတ်စွာဘုရားနဲ့နောက်ပါသံယာတော်တွေကို ဆဲဆိုခိုင်းတဲ့ သာဓကတွေ အများကြီးရှိတယ်။ မြတ်စွာဘုရာလို လောကအတွက်လုပ်ဆောင်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ အပြောအဆိုမလွတ်ဘူးဆိုရင် ငါတို့တွေ ဘယ်လွတ်လိမ့်မလဲ။ ငါတို့လုပ်တာသည် အမျိုးဘာသာသာသနာအတွက်၊  လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကြည်ညိုနေမယ်၊ ကိုယ့်ရဲ့ရည်မှန်းချက် လုပ်ငန်းလေးအတိုင်းပဲ လုပ်ဆောင်နေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဦးပဇင်းတို့တတွေ အားလုံးကို အပြစ်မယူ ဗွေမယူ စိတ်ထဲမှာမထားဘဲနဲ့ မေတ္တာတရားနဲ့အညီ ဥပက္ခာပြုပြီးတော့ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်တွေ ဖြစ်တဲ့အတွက် ဘုရားရဲ့တရားတော်နဲ့အညီ နှလုံးသွင်းပြီးတော့ ဘာသာ၊ သာသနာလုပ်ငန်းတွေ ရှေ့ဆက်ပြီးတော့ လုပ်နေတာဖြစ်ပါတယ်။

၁၁။ မ.ဘ.သ ကိုယ်ပိုင်အထက်တန်းကျောင်း

ဦးပဇင်းတို့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေဖွင့်ပြီးတော့ အားလုံးသော ပုဂ္ဂိုလ်တွေအတွက်  အေးချမ်းသာယာဖို့ အစွန်းရောက်စိတ်ဓါတ်တွေ မရှိဖို့ သင်ကြားပေးနေတာတွေ ၊ ဟောပြောနေတာတွေ ၊ လုပ်ဆောင်နေတာတွေ အများကြီးရှိပါတယ်။ ဝင်ခွင့်အောင်မယ်ဆိုရင် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်သူမဆို တက်လို့ရပါတယ်။ သို့သော် ဒီကျောင်းကိုတက်မယ်ဆိုရင်တော့ ဒီကျောင်းရဲ့ စည်းကမ်းကိုတော့ လိုက်နာရမှာပေါ့။  မြန်မာနိုင်ငံမှာနေမယ့် ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံအလံကို အလေးပြုရမယ်ဆိုရင် ဒါ အလေးပြုရမှာပဲ။ ဘယ်နိုင်ငံမှာ ဘယ်ရွာ ဘယ်မှာမဆို ဒီအတိုင်းပါပဲ။ သူ့နိုင်ငံမှာ နေမယ်ဆိုရင် သူ့နိုင်ငံက စည်းကမ်းကို လိုက်နာရမှာပဲ။ ကြိုက်သလို လွတ်လပ်စွာမိမိရဲ့ယုံကြည်ချက်အတိုင်း ကိုးကွယ်ခွင့် ပူဇော်ခွင့် အပြည့်အဝ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly