ပန်ခမ်းအစည်အဝေးက ငြိမ်းချမ်းရေးကို ငြင်းဆိုသည့် အစည်းအဝေးမဟုတ်ဟု ၀အဖွဲ့ထုတ်ပြန်

ပန်ခမ်းအစည်အဝေးက ငြိမ်းချမ်းရေးကို ငြင်းဆိုသည့် အစည်းအဝေးမဟုတ်ဟု ၀အဖွဲ့ထုတ်ပြန်

ရန်ကုန်၊ မတ် ၁၀ ။                ။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြုလုပ်ခဲ့သည့် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အစည်းအဝေးသည် အစိုးရမှဖော်ဆောင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်ရန်သာ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးကို ငြင်းဆိုသည့်အစည်းအဝေးမဟုတ်ဟု ဝ အဖွဲ့ (UWSA) က မတ်လ ၁၀ရက်က ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာဖြင့် မတ်လ ၄ရက်က ထုတ်ပြန်ခဲ့ပြီး ယနေ့ ၁၀ရက်နေ့တွင် မြန်မာဘာသာဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၎င်းတို့၏ ဝ ဒေသ ပန်ခမ်းတွင် ကျင်းပခဲ့သည့် အစည်းအဝေးကို တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ တရားဝင် စစ်ရေးမဟာမိတ်ဖွဲ့စည်းခြင်း၊ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုခြင်းကို ဖျက်ဆီးပြီးငြိမ်းချမ်းရေးကိုငြင်းဆိုသည့် အစည်းအဝေးဟု ထင်မြင်နေကြကြောင်း နှင့် ထိုသို့ ထင်မြင်နေခြင်းမှာ မဟုတ်မှန်ကြောင်း   ပြန်လည်ရှင်းလင်းထားသည်။

အဆိုပါ UWSA ၏ထုတ်ပြန်ချက်နှင့်ပက်သက်ပြီး အစည်းအဝေးတတ်ရောက်ခဲ့သည့် တအောင်း/ပလောင် အဖွဲ့ (TNLA) အတွင်းရေးမှူး မိုင်ဘုန်းကျော်က “အစည်းအဝေးမှာပြောတဲ့ အခြေအနေကတော့ NCA က အလုပ်မဖြစ်နိုင်ဘူး။
ဒါကသမင်သပ်သပ်အချိန်ဆွဲနေတယ်။ NCA ထဲကမှာက လက်နက်ဖျက်သိမ်းရမယ်ဆိုတဲ့ကိစ္စတွေ နောက်ပြီး တပ်ချုပ်ရဲ့ငြိမ်းချမ်းရေးမူတွေရှိတယ်။ အဲ့ဒါကြောင့် အလုပ်မဖြစ်နိုင်ဘူး အဲ့ဒါကိုပဲ ညှိနှိုင်းနေမယ်ဆိုရင် တပ်မတော်ဘက်ကလည်း မလျော့နိုင်တော့အလုပ်ဖြစ်မယ့်နည်းလမ်းကဘာလဲ၊ လက်တွေ့တိုက်ပွဲတွေရပ်အောင်လုပ်ဖို့က ဘယ်လိုရှိမလဲ။ အဲ့လိုနည်းလမ်းတွေရှာဖို့ဖြစ်ပါတယ်" ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များမှ စစ်ရေးမဟာမိတ်ဖွဲ့ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်ထောင်စုအစိုးရနှင့် မြန်မာ့တပ်မတော်ကို ဆန့်ကျင်တော်လှန်မည်ဆိုသည့် ပြောဆိုမှုများသည် အစည်းအဝေးတတ်ရောက်ကြသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ စကားမဟုတ်ကြောင်း ဝ အဖွဲ့မှ မတ် ၄ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်နှင့် ပက်သက်ပြီး UWSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းအား မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “ဒီသဘောထားကို ကျွန်တော်တို့လည်း ပြောပိုင်ခွင့်မရှိဘူး။ ဌာနချုပ်ကနေ ဒီတိုင်းထုတ်ပြန်ပါဆိုလို့ထုတ်တာပဲရှိတယ်" ဟုပြောဆိုသည်။

တအာင်း/ ပလောင် အဖွဲ့ (TNLA)အတွင်းရေးမှူး  မိုင်းဘုန်းကျော်က ၎င်းတို့အနေဖြင့် NCA ကို လက်မခံခြင်းသာဖြစ်ကြောင်း နှင့် ငြိမ်းချမ်းရေးအတွက် ပန်ခမ်းအစည်းအဝေးမမှ ဖွဲ့စည်းလိုက်သည့် “နိုင်ငံရေးဆွေးနွေးမှုကော်မတီ" မှ ဆွေးနွေးအဖြေရှာသွားမည်ကြောင်းပြောဆိုသည်။

“ကျွန်တော်တို့က NCA ကိုငြင်းတယ်။ NCA ကို လက်မခံနိုင်ဘူးပြောတယ်။ ၂၁ရာဟုပင်လုံကလည်း အချိန်ဆွဲနေတယ်။ အဖြေထွက်ဖို့ ခက်တဲ့ဟာလို့ ကျွန်တော်တို့ပြောတဲ့အတွက်ကြောင့် တခြားနည်းလမ်းကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့အဖွဲ့ ဖွဲ့ပြီးတော့မှ မြန်မာအစိုးရကိုယ်စားလှယ်နဲ့တွေ့ဖို့ရှိတယ်။ တိုက်ပွဲတွေဘယ်လိုရပ်အောင်လုပ်ကြမလဲ။   နိုင်ငံရေးနည်းလမ်းတွေ ဘယ်လိုရှင်းလင်းဆွေးနွေးကြမလဲဆိုတော့ သဘောတူထားတဲ့ဟာဖြစ်ပါတယ်။ ဆွေးနွေးမှုကော်မတီဖွဲ့ပြီးတော့မှ မြန်မာအစိုးရနဲ့တွေ့့မယ်။ ဒါနိုင်ငံရေးနည်းလမ်းအသစ် လက်တွေ့လည်းဖြစ်တယ် ပိုပြီးတော့မှလည်း ဒါက အလုပ်ဖြစ်နိုင်မယ် အဲ့လိုထင်ပါတယ်” ဟု မိုင်းဘုန်းကျော်က ဆက်လက်ရှင်းပြသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ပန်ခမ်းအစည်းအဝေးထုတ်ပြန်ချက်တွင် မြန်မာအစိုးရက သမိုင်းဝင် ပင်လုံစာချုပ်အား NCA စာချုပ်ဖြင့် အစားထိုးရန် ရည်ရွယ်ခြင်းကို လုံးဝလက်မခံကြောင်း၊ တရားမျှတမှုရှိသော အပစ်အခတ် ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန်၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကြီးကြပ်သူအဖြစ် ကြားဝင်ဆောင်ရွက်ပေးပါရန်၊ အစိုးရနှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့အကြား သဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ရေးတွန်းအားပေးရန် တောင်းဆိုထားသည်။

 ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်နေ့ထိ သုံးရက်ကြာပြုလုပ်ခဲ့သည့် ပန်ခမ်းအစည်းအဝေးကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(MNDAA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ၊ မြန်မာအမျိုသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(PSA/NDAA)၊ ရက္ခိုင့် တပ်မတော်(ULA/AA)တို့ ရ ဖွဲ့မှ ကိုယ်စားလှယ်များ ကိုယ်စားလှယ်ပေါင်း ၃၇ ဦး တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required