ပြည်ထောင်စုသားတွေ

ပြည်ထောင်စုသားတွေ
စက်တင်ဘာလ ၃၁ ရက်က နေပြည်တော် MICC 2 ခန်းမတွင် ပြုလုပ်ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲမြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

NLD အစိုးရအာဏာရလာတာ တစ်နှစ်တောင် ပြည့်တော့မှာပါလား။ ပြောင်းလဲချိန်တန်လို့ ပြောင်းလဲသွားတာတွေထဲမှာ မောင်မှန်လည်းပါသပေါ့။ တစ်ခြားတော့ဟုတ်ပါဘူး၊ အရင်က မောင်မှန် စာရေးတဲ့အခါ လွတ်လွတ်လပ်လပ်ရှိတယ်လို့ ခံစားရတယ်။ ဒီနောက်ပိုင်းမယ် အဲဒီလိုမခံစားရတော့ဘူး။ မလွတ်မလပ်ခံစားလာရတယ်။ ဒီလိုဆိုလိုက်လို့ ပြည်ခိုင်ဖြိုးလက်ထက်မှာ စာပေလွတ်လပ်ခွင့် အပြည့်ရှိပြီး NLD လက်ထက်ကျမှ လျော့ကျသွားတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အတူတူလောက်ပါပဲ။ အယ်ဒီတာတွေကြောင့်ချည်း သက်သက်လည်းမဟုတ်ပါဘူး၊ (နည်းနည်းတော့ပါ ပါတယ် ၊ ဒီဘက်ပိုင်းမှာ မောင်မှန်စာမူပြန်ပြန်လဲပေးရတဲ့နှုန်း သိသိသာသာ မြင့်မားလာပါတယ်။ ဒီအတွက် အယ်ဒီတာတွေမှာလည်း  ခိုင်လုံတဲ့အကြောင်းပြချက် ရှိပါတယ်။ မောင်မှန် နားလည်ပါတယ်) ။ ဒါဆိုဘာကြောင့် ဒီလိုဖြစ်ရသလဲ ။

မောင်မှန်ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ပါတယ်။ တစ်ယောက်တည်း ဖြစ်နေတာပါ၊ တစ်ကိုယ်တော်ပါ၊ စစ်အာဏာရှင်တွေကလည်း မရှိတော့ဘူးလိုလို၊ ခွင့်လွှတ်ပဲပေးရမှာလိုလိုဆိုတော့ သိပ်ရေးလို့မဖြစ်ဘူး။ သူတို့ကို ကိုယ်စားပြုတဲ့ ၂၀၀၈ အခြေံခံဥပဒေ ဆန့်ကျင်ရေးကျပြန်တော့လည်း ဒိဋ္ဌဓမ္မ အကျိုးပေးပုံကို မောင်မှန် မျက်ဝါးထင်ထင် တွေ့မြင်ထားလေတော့ ကျွတ်ကျဲပြီး ဘွတ်အဲပဲ လှိမ့်အော်နေရတယ်၊ မရေးဝံ့ဘူး၊ သတ်မယ်ဖြတ်မယ် တကဲကဲ တဖြဲဖြဲ လုပ်နေလေတော့ တိတ်တိတ်နေ ထောင်တန်တာ မဟုတ်တော့ဘူး။ အသက်ပါ တန်နေပြီ။ NLD အစိုးရရဲ့ အမြီးအမောက်မတည့်ပုံလေးများ ရေးမလား စဉ်းစားပြန်တော့ ဒီမိုကရေစီ ဆန့်ကျင်ရေးသမား၊ စစ်အာဏာရှင် ထောက်ခံရေးသမားဆိုပြီး ၀ိုင်းတံဆိပ်ကပ်ကြမှာ  စိုးရိမ်မိပြန်ရော ၊ ကဲ ဒီတော့ ဘာသွားရေးမလဲ။ (စာပေစီစစ်ရေးခေတ်က ဆရာမောင်သစ်ကြီးတောင် မောင်မှန်လောက် ရေးကွက်ရှားမယ် မထင်ဘူး။ ) ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ မောင်မှန် စာဟာ အမျိုးသားပြန်လည်ရင်ကြားစေရေးကို မထိခိုက်စေရ၊ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေရ ၊ ထုတ်ဝေသူ အယ်ဒီတာများကို မထိခိုက်စေရဆိုတဲ့ မူသုံးချက်အောက်မှာ အခိုင်အမာ ရပ်တည်နေကြောင်းပါခင်ဗျား။

သို့ကလို အချီးနိဒါန်းပျိုးပြီး သကာလ မူသုံးချက်နဲ့ လွတ်လွတ်လပ်လပ် ကင်းကင်းရှင်းရှင်း ရှိမယ်ထင်တဲ့ အကြောင်းချင်းရာလေးကို ရေးကြည့်ချင်ပါတယ်။ ၃.၃.၁၇ နေ့ထုတ်   နိုင်ငံပိုင် ကြေးမုံသတင်းစာထဲမှာ ဆောင်းပါးရှင် မောင်ဌေးဦး (စိန်ဂျွန်း) ရဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို ဖျက်ဆီးသလို ဖြစ်နေသောစိတ်ဓါတ်များ   ရှောင်ရှားဆိုတဲ့ ဆောင်းပါးကို   မောင်မှန်ဖတ်ရပါတယ်။ ဆောင်းပါးပါစာသား အချို့ကိုကောက်နှုတ် တင်ပြလိုပါတယ်၊ "မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည် ပြည်ထောင်စု၏ကျေးဇူးရှင်များ ဖြစ်သကဲ့သို့ တိုင်းရင်းသားအသီးသီး၏ ခေါင်းဆောင်ကြီင်္းများလည်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ခေါင်းဆောင်တစ်ဦးကို မခန့်လေးစား စော်ကားခြင်းသည် သက်ဆိုင်ရာတိုင်းရင်းသား လူမျိုးများကို စော်ကားခြင်းဖြစ်သောကြောင့် ပြည်ထောင်စုသားအားလုံး၏ စိတ်နှလုံးကို ထိခိုက်ပျက်ပြားစေနိုင်ပါသည်။ …………..ထို့ကြောင့် ပြည်ထောင်စုခေါင်းဆောင် တစ်ယောက်၏ အမည်ကို အလိုမရှိဟု ဆိုခြင်းသည် ပြည်ထောင်စုကို အလိုမရှိဟု ဆိုခြင်းသာ ဖြစ်ပါသည်၊" တဲ့။

ရည်ရွယ်ပစ်ခွင်းတာကတော့ ချောင်းဆုံတံတား အရေးအခင်းကို ထင်ပါရဲ့။ စွဲချက်တွေကလည်း ပြင်းလှချည့်။ (ဒို့တာဝန်အရေး သုံးပါမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး ဆိုတာကိုတောင် ထိခိုက်နေတဲ့သဘောမှာ ရှိပါတယ်၊) ဆောင်းပါးရှင်ဆိုခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးတွေဟာ   ကျေးဇူးရှင်ကြီးတွေ   ပြည်ထောင်စုခေါင်းဆောင်ကြီးတွေ   ဆိုတာကို မောင်မှန်အလေးအနက် ထောက်ခံပါတယ်။ မြန်မာလူမျိုးဖြစ်တဲ့ မောင်မှန်ဟာ ပြည်ထောင်စု ခေါင်းဆောင်ကြီးတွေရဲ့အမည်ကိုတော့ သိပ်မသိဘူးခင်ဗျ၊ ခုတော့ သိအောင်ကြိုးစား ရတော့မယ်၊ သူတို့အကြောင်းတွေကို ရှာဖွေလေ့လာမှတ်သားရတော့မယ်၊ အသိအမှတ်ပြုရတော့မယ်၊ ဒါမှလည်း မောင်မှန်ဟာ ပြည်ထောင်စုသားပီသတော့မှာပေါ။ ဟုတ်ဖူးလား။

ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည်မပေးဖို့ ကန်ု့ကွက်နေသူတွေကို ပြည်ထောင်စုကို ဆန့်ကျင်သူတွေဆိုတာလောက်အထိ စွဲချက်တင်တာကတော့ ပြန်လည်စဉ်းစား သုံးသပ် သင့်ပါတယ်။ ဒီတံတားပြဿနာ စ ပေါ်ပေါ်ချင်းလောက်မှာ မွန်ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက '' ကျနော် ပြောချင်တာက တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ဒီအချိန်မှာ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပိုပြီးခိုင်မြဲအောင် အားထုတ်ကြိုးစားနေတဲ့ကာလ သက်ဆိုင်ရာအစိုးရအဖွဲ့အနေနဲ့ ဒီအခြေအနေမျိုးမှာ ဒီလိုလုပ်ရပ်နဲ့ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ဆိုလိုတာက ဒီအချိန်မှာ သူ့အချိန်နဲ့သူနဲ့၊ သူ့ဒေသနဲ့ ကိုက်ညီတဲ့ဟာကိုပေးလိုက် အများလက်ခံနိုင်တဲ့ဟာမျိုး ရွေးချယ်သင့်တယ်လို့ ကျနော်ယူဆတယ် " ဆိုပြီး ပြောခဲ့ပါတယ်။ သူပြောတာ သဘာဝကျတယ်လို့   မောင်မှန်မြင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့လည်း သူက "ကျနော် ဒီစကားကိုပြောရတာ ဗိုလ်ချုပ်အောင်ဆန်းကို  မလေးစားတော့ မဟုတ်ဘူး။ အသိအမှတ်မပြုတာ မဟုတ်ဘူး။ အမျိုးသားခေါင်းဆောင်အနေနဲ့ သတ်မှတ်တယ်။ အသိအမှတ်ပြုတယ်။ သို့သော် ဒီအချိန်မှာလုပ်ရမှာက ဗိုလ်ချုပ်အောင်ဆန်းကို ရိုသေတယ်၊ လေးစားတယ်၊ အသိအမှတ်ပြုတယ်ဆိုရင် သူလျှောက်တဲ့လမ်း သူအသိအမှတ်ပြုတဲ့ ပုံစံမျိုးသွားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ "

ဒါလည်းငြင်းစရာ မရှိပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်ကြည်ညိုလေးစားတာက သပ်သပ်၊ တံတားအမည်က သပ်သပ်၊ တစ်ပြည်လုံးက တံတားတွေကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပဲ မှည့်ခေါ်ခိုင်းရင်သင့်တော် ၊ မသင့်တော် နည်းနည်းတွေးခေါ်ကြည့်ရုံနဲ့တင် အဖြေပေါ်လာပါတယ်။ ဒါဟာ ပြည်ထောင်စုစိတ်ဓာတ် မဟုတ်ပါဘူး။ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို အထောက်အကူ မဖြစ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းအမည် ပေးသင့်၊ မပေးသင့် ငြင်းခုံဆွေးနွေးခွင့် ရှိပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုကို အလိုမရှိသူလို့ သုံးနှုန်းလိုက်တာတော့ ဆောင်းပါးရှင် ရေးခဲ့သလိုပဲ ပြည်ထောင်စုသား အားလုံးရဲံ စိတ်နှလုံးကို ထိခိုက်ပျက်ပြားစေပါတယ်။ ဒီအတိုင်းဆိုရင် လူမျိုးကြီးဝါဒ ကင်းစင်ပပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုဟာ အလှမ်းဝေးနေဦးမှာပါခင်ဗျာ။

မောင်မှန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly