ချယ်လ်ဆီးနှင့်ပွဲတွင် အရန်အသင်းနှင့် ကစားမည်မဟုတ်ကြောင်း မန်ယူနည်းပြမော်ရင်ဟို ပြောကြား

ချယ်လ်ဆီးနှင့်ပွဲတွင် အရန်အသင်းနှင့် ကစားမည်မဟုတ်ကြောင်း မန်ယူနည်းပြမော်ရင်ဟို ပြောကြား

မတ် ၁၀၊ အင်္ဂလန် ။         ။ မန်ယူနည်းပြမော်ရင်ဟိုက လာမည့်ချယ်လ်ဆီးနှင့် အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် အရန်အသင်းနှင့်ကစားမည်မဟုတ်ဘဲ အကောင်းဆုံးကစားသမားစာရင်းဖြင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ရုရှကလပ်ရော့စ်တော့ဗ်အသင်းနှင့်အဝေးကွင်းတွင် သွားရောက်ကစားခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင် တစ်ဂိုးစီသရေကျခဲ့သည်။ ထို့နောက် လာမည့် တနင်္လာနေ့တွင် ချယ်လ်ဆီးနှင့် အက်ဖ်အေဖလားကွာတားပွဲစဉ်ကစားရမည်ဖြစ်ပြီး သုံးရက်အကြာ၌ ရော့စ်တော့ဗ်နှင့် ယူရိုပါလိဂ်ဒုတိယအကျော့ထပ်မံကစားရမည် ဖြစ်သည်။

ထိုကဲ့သို့ ပွဲစဉ်များ ကျပ်တည်းနေသော်လည်း မော်ရင်ဟိုက ချယ်လ်ဆီးနှင့်ပွဲကို အကောင်းဆုံး ကစားသမားစာရင်းနှင့် ကစားမည်ဟု ဆိုသည်။

‘လာမယ့် တနင်္လာနေ့ပွဲကို နီကီဘတ်ရဲ့အသင်း(အရန်အသင်း)နဲ့သွားရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ မန်ယူအသင်းက အသင်းကြီးတစ်သင်းပါ။ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံလည်း ဖြစ်ပါတယ်။ တနင်္လာနေ့မှာ ပွဲကစားရမှာက ချယ်လ်ဆီးရဲ့ အမှားမဟုတ်ပါဘူး။ ချယ်လ်ဆီးနဲ့ပွဲပြီးရင် ရော့စ်တော့ဗ်နဲ့ပြန်ကစားရဦးမှာ ဖြစ်လို့ ကစားသမားအပြောင်းအလဲတော့ ရှိနိုင်ပါတယ်။ နီကီဘတ်ရဲ့အသင်းနဲ့တော့ စတမ်းဖို့ဒ်ဘရစ်ချ်ကို သွားမှာ မဟုတ်ပါဘူး’ ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

မန်ယူအသင်းမှာ ယခုနှစ်တွင် ကွန်မြူနတီဒိုင်းနှင့်လိဂ်ဖလားတို့ကို ရရှိထားပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေနှင့်ယူရိုပါလိဂ်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်ရလျက်ရှိသည်။ မန်ယူအသင်းအနေဖြင့် ရနိုင်သမျှဆုဖလားများကို ရယူလိုသည်ဟု မော်ရင်ဟိုက ဆိုထားသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required