စီးပွားရေးတိုးတက်မှု ၁၀ ရာခိုင်နှုန်းနဲ့အတူ မြန်မာအနေနဲ့ နောက်ထပ် ဗီယက်နမ်လိုမျိုး ဖြစ်လာနိုင်ဟု ဗြိတိန်သံအမတ်ကြီး ပြော

စီးပွားရေးတိုးတက်မှု ၁၀ ရာခိုင်နှုန်းနဲ့အတူ မြန်မာအနေနဲ့ နောက်ထပ် ဗီယက်နမ်လိုမျိုး ဖြစ်လာနိုင်ဟု ဗြိတိန်သံအမတ်ကြီး ပြော
ဓာတ်ပုံ-မင်းမင်း

မြန်မာအနေနဲ့ နောက်ထပ် ဗီယက်နမ် ဒါမှမဟုတ် ထိုင်းနိုင်ငံလိုမျိုး ဖြစ်လာနိုင်ပြီး စီးပွားရေး တိုးတက်မှုပိုင်းမှာလည်း အများဆုံး ၁၀ ရာခိုင်နှုန်းထိ ရှိနိုင်တယ်ဆိုပြီး ဗြိတိန်သံအမတ်ကြီးက   ပြောကြားသွားတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်းနိုင်ငံအနေနဲ့ ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်မှုရေးကာလ လွန်မြောက်ခဲ့ပြီးနောက်မှာတော့ ယင်းရဲ့ စီးပွားရေးကို ဖွင့်လှစ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း လျှပ်စစ်ဓာတ်အား မလုံလောက်မှု ၊ မူဝါဒပိုင်းဆိုင်ရာ ရှင်းလင်းသေချာခြင်း မရှိမှုနဲ့ စီးပွားရေးလုပ်ရတဲ့ စရိတ်စက ကြီးမြင့်မှု စတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရမှာဖြစ်တယ်လို့   မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Patrick က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

" တိုးတက်မှုတွေရဖို့ အချိန်တွေ ရှိနေပါတယ်၊ အဓိကကတော့ အမြန်ဆန်ဆုံးနှုန်းထားနဲ့ တိုးတက်နေနိုင်ဖို့့ပါပဲ၊ စီးပွားရေးတိုးတက်မှု ၆ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်းကြား၊  အများဆုံး ၁၀ ရာခိုင်နှုန်းထိတောင် ရှိနိုင်ပါတယ်" လို့ ၎င်းက ပြောကြားသွားပါတယ်။

နိုင်ငံအနေနဲ့ ၂၀၁၁ ခုနှစ်ကစပြီး ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ထားခဲ့ပါတယ်။ ယခင်ကာလတွေတုန်းကတော့ နိုင်ငံပိုင်လုပ်ငန်းတွေကပဲ ကာလကြာ ထိန်းချုပ်လုပ်ကိုင်ထားခဲ့တာဖြစ်ပါတယ်။

အလားတူ နိုင်ငံဟာ ယမန်နှစ်က တိုးတက်မှုနှုန်း ၈ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ တိုးတက်မှုနှုန်းအမြန်ဆုံး နိုင်ငံတွေထဲမှာ ပါ၀င်ခဲ့တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က တွက်ချက်သွားပါတယ်။

" ဘဏ္ဍာရေးကဏ္ဍကိုကြည့်ရင်လည်း လွတ်နေတာတွေ ရှိနေပါတယ်၊ လူအနည်းအကျဉ်းလောက်ပဲ ဘဏ်အကောင့်တွေ သုံးနေသေးတာကြောင့် ထုတ်ယူသုံးစွဲလို့ရမယ့်   စျေးကွက်တစ်ခုလည်းဖြစ်ပါတယ်၊ ဒါဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ဗီယက်နမ်လိုမျိုးပါပဲ" လို့ Andrew က ဆိုပါတယ်။

သို့ရာတွင်လည်း တိုးတက်မှုတွေ အရှိန်ကောင်းလာနေတာပေမယ့်လည်း နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အမှီလိုက်ဖို့ အများကြီး လုပ်ရဦးမှာလည်း ဖြစ်ပါတယ်။ နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ဆက်ရှိနေသေးသလို စီးပွားရေးပိုင်းမှာလည်း နိုင်ငံသုံး ငွေကြေးတန်ဖိုးအားနည်းတာ၊ ရင်းနှီးမြုပ်နှံမှုပိုင်း နှေးကွေးတာ စတာမျိုးလို အခက်အခဲတွေ ရှိနေပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly