ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က IDP ထောက်ပံ့ရိက္ခာ လျော့ချမည်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က IDP ထောက်ပံ့ရိက္ခာ လျော့ချမည်

မြန်မာနိုင်ငံအနှံ့ရှိ ပဋိပက္ခဖြစ်ပွားရာ နယ်မြေများရှိ ဒုက္ခသည်များ အတွက် ထောက်ပံ့ပေးနေသည့် ရိက္ခာနှုန်းထားကို လျှော့ချရန် အစီအစဉ်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့ကြီးက ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး THE DIPLOMAT သတင်းဌာနက မေးမြန်းရာ အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားပြီး အတည်ပြုချက်ပေးခဲ့သည်။ "ကချင်၊ ရှမ်းမြောက်၊ ရခိုင်ပြည်နယ်များရှိ ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေရသူ IDP အားလုံး အတွက် ရိက္ခာလျှော့ချမည့် အစီအစဉ်ကို ၂၀၁၅ ခု သြဂုတ်လမှ စတင်ရန် မြန်မာအစိုးရနှင့် နောက်ဆုံး သဘောတူညီမှုက မကြာမီထွက်လာတော့မည်" ဟု အဆိုပါ ပြန်ကြားစာတွင် ဖော်ပြထားသည်။

သို့သော် မိခင်နှင့် ကလေးငယ်များအတွက် လိုအပ်သည့် အကူအညီများကိုမူ ဆက်လက်ပေးသွားမည်ဟု ဆိုသည်။

ယခုလုပ်ဆောင်မှုက အကူအညီများအပေါ် အားထားနေရသော အိုးအိမ်စွန့်ရွှေ့ပြောင်းနေရသူဒုက္ခသည် ရာထောင်များစွာ ရှိနေသည့် ရခိုင်နှင့် ကချင်ပြည်နယ်တို့အတွက် အလွန်ဆိုးဝါးမှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ 

ကချင်ပြည်နယ်တွင်လည်း ၂၀၁၁ ခုနှစ်အတွင်း အပစ်ရပ်သဘောတူညီချက် ပျက်ပြားချိန်မှစ၍ တိုင်းရင်းသား ကချင်လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ဒုက္ခသည်ပေါင်း တစ်သိန်း ခန့်ရှိနေသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၌လည်း အစိုးရနှင့် သူပုန်များအကြား တိုက်ပွဲများကြောင့် ကချင်ဒုက္ခသည်များအပါအဝင် ရှမ်း၊ ကိုးကန့်၊ တရုတ်နှင့် လီဆူးလူမျိုးများ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ရလျက်ရှိသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း စစ်ရေးလိုအပ်ချက်အရဟုဆိုကာ ကချင်ပြည်နယ် နေရာများစွာ တွင် အစိုးရတပ်များက ကန့်သတ်မှုများရှိသည်ဟု THE DIPLOMAT က ရေးသည်။ 

ရခိုင်ပြည်နယ်၌လည်း အစိုးရ၏ မူဝါဒအရ ရိုဟင်ဂျာဆိုသူများ ရှစ်သိန်းကျော် နိုင်ငံမဲ့ဖြစ်နေကာ အခြေခံလူ့အခွင့်အရေး များ ဆုံးရှုံးနေပြီး ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင်စားသောက်ရေးအတွက် အခက်အခဲများ ရှိနသည်ဟု THE DIPLOMAT သတင်းက ဖော်ပြသည်။ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေးအဓိကရုဏ်းများကြောင့် ဒုက္ခသည်စခန်းများတွင် လူပေါင်း တစ်သိန်းလေးသောင်း ဝန်းကျင် နေထိုင်ကြောင်း သိရသည်။

Ref; THE DIPLOMAT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required