အာရှဖလားခြေစစ်ပွဲအတွက် ပဏာမမြန်မာလက်ရွေးစင်အသင်း လူစာရင်းတွင် ကျော်ကိုကို ပြန်လည်ပါဝင်လာ

အာရှဖလားခြေစစ်ပွဲအတွက် ပဏာမမြန်မာလက်ရွေးစင်အသင်း လူစာရင်းတွင် ကျော်ကိုကို ပြန်လည်ပါဝင်လာ
ပဏာမမြန်မာလက်ရွေးစင်အသင်းတွင် ပြန်လည်ပါဝင်လာသည့် ရန်ကုန်တိုက်စစ်မှူးကျော်ကိုကို (ဓါတ်ပုံ-ရန်ကုန်ယူနိုက်တက်)

မတ် ၈၊ ရန်ကုန်။                ။ မြန်မာလက်ရွေးစင်အသင်း နည်းပြဂတ်ဇီဆီသည် ၂၀၁၉ အာရှဖလားခြေစစ်ပွဲအတွက် ပဏာမလူစာရင်းကို မတ် ၈ ရက် ညနေပိုင်းကထုတ်ပြန်လိုက်ရာ ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ကျော်ကိုကို ပြန်လည်ပါဝင်လာသည်။

ကျော်ကိုကိုသည် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ ဥရောပလေ့ကျင့်ခြေစမ်းခရီးစဉ်တွင်အသင်းကစားကွက်နှင့် အံမဝင်ဟုဆိုကာ အိမ်ပြန်လွှတ်ခြင်းခံရသူဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲနှင့်လည်းလွဲချော်ခဲ့သည်။

ကျော်ကိုကိုသည် ယခုနှစ်မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံ ရပြီး ခြေစွမ်းပြနိုင်ခဲ့ကာ ပြီးခဲ့သည့်တစ်ပတ်က ရှမ်းယူနိုက်တက်နှင့် ကစားသည့်ပွဲတွင် ထောင့်ကန်ဘောကို တိုက်ရိုက်ကန်သွင်းယူ နိုင်ခဲ့သည်။

ပဏာမကစားသမား (၂၆) ဦးစာရင်းတွင် ၀ါရင့်ကစားသမားတစ်ဦးဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနောက်ခံလူ ၀င်းမင်းထွဋ် ဆက်လက်ရွေးချယ်ခံရပြီး လက်ရွေးစင်အသင်းနှင့် အတန်ငယ်ဝေးကွာနေသည့် သီဟစည်သူ(ဂိုး)၊ တင်ဝင်းအောင်၊ သက်နိုင် (ကွင်းလယ်)၊ သိန်းသန်းဝင်း (နောက်တန်း)တို့လည်း ပြန်လည်ပါ၀င်လာခဲ့ကြသည်။

လူငယ်ကစားသမားများအဖြစ် ဖုန်းသစ္စာမင်း (ဂိုး)၊ စိုးမြတ်သူ၊ စည်သူအောင်၊ သန်လန်ဟက်ထန်တို့လည်း ပါ၀င်လာကြသည်။

ပဏာမကစားသမား ၂၆ ဦး စာရင်းတွင် ရှေ့တန်း-ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ အောင်သူ (ရတနာပုံ)၊ ကွင်းလယ်- မျိုးကိုထွန်း၊ တင်ဝင်းအောင်၊ သက်နိုင်၊ စည်သူအောင် (ရတနာပုံ)၊ ရန်အောင်ကျော် (ရန်ကုန်)၊ စိုးမြတ်သူ (ဆောက်သမ်းမြန်မာ)၊ ဆမ်လန်မန် (ချင်း)၊ ရန်နိုင်ဦး (ရှမ်း)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ နောက်တန်း-နန္ဒကျော်၊ ကျော်ဇင်လွင် (မကွေး)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ဟိန်းသီဟဇော်၊ ၀င်းမင်းထွဋ် (ရှမ်း)၊ သန်လန်ဟက်ထန် (ချင်း)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန် (ရန်ကုန်)၊ ဇင်ဖြိုးအောင် (ဇွဲကပင်) တို့ ပါ၀င်လာပြီး ဂိုးသမား- ပြည့်ဖြိုးအောင် (ဆောက်သမ်း)၊ ရန်အောင်လင်း (ရတနာပုံ)၊ သီဟစည်သူ၊ ဘုန်းသစ္စာမင်း (ရှမ်း)တို့ ပါ၀င်သည်။

မြန်မာ့ လက်ရွေးစင်အသင်းသည် ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအဖြစ် လာမည့် မတ်လ ၂၈ ရက်နေ့၊ ရန်ကုန်မြို့ YTC ကွင်းတွင် အိန္ဒိယအသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
ရွေးချယ်ခံရသော ကစားသမားများစာရင်းတွင် ရတနာပုံမှ ရ ဦး၊ ရန်ကုန်ယူနိုက်တက် ၅ ဦး၊ ရှမ်းယူနိုက်တက် ၅ ဦး၊ ဆောက်သမ်းမြန်မာ ၂ ဦး၊ ချင်းယူနိုက်တက် ၂ ဦး ၊ မကွေး ၂ ဦး၊ ဧရာဝတီ ယူနိုက်တက် ၁ ဦး၊ ဇွဲကပင်ယူနိုက်တက် ၁ ဦး၊ ဟံသာဝတီယူနိုက်တက် ၁ ဦးတို့ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly