ပြည်သူလူထူရဲ့ အကျိုးစီးပွား ရှေးရှုတဲ့မူဝါဒများအပေါ် အခြေခံသော နိုင်ငံရေးပါတီလို့ သတ်မှတ်ထားတယ်

ပြည်သူလူထူရဲ့ အကျိုးစီးပွား ရှေးရှုတဲ့မူဝါဒများအပေါ် အခြေခံသော နိုင်ငံရေးပါတီလို့ သတ်မှတ်ထားတယ်

နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက်ရေး ဦးဆောင်ကြိုးစားနေသူ တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း (အပိုင်း ၂ )

မေး။     ။ ကျွန်တော် တွေးမိသလောက်ပေါ့နော်။ ကျွန်တော်တို့ ပါတီကြီးတစ်ခုက မျိုးဆက်ပြတ်နေတယ်လို့ ဝေဖန်သံတွေ ပြီးခဲ့တဲ့နှစ်တွေတုန်းက ထွက်ခဲ့တယ်။ အဲတော့ ဦးကိုကိုကြီးတို့ ပါတီအနေနဲ့ရော   ဖြစ်လာမယ့် ပါတီပေါ့နော်။ ဒီ Institution တွေ ခိုင်မာဖို့အတွက် မူဝါဒတွေ ချမှတ်တာ ဒါမှ မဟုတ် စဉ်းစားထားတာ ဘယ်လို ဆက်လုပ်မယ်ဆိုတဲ့ ဟာမျိုးတွေ ခိုင်ခိုင်မာမာ ရှိပြီလား။

ဖြေ။    ကျွန်တော်တို့က နိုင်ငံရေးပါတီ ထူထောင်တော့မယ် ဆိုကတည်းက ရည်မှန်းချက်အနေနဲ့တော့ ဟို မြင့်မြင့်မားမား ထားတယ်။ ဘယ်လိုထားလဲ ဆိုတော့ ဥပမာအားဖြင့် ဖြစ်လာတဲ့ နိုင်ငံရေးပါတီမှာ မောင်ဖြူ မရှိလို့ ၊ မောင်နီ မရှိလို့ ဆိုတာမျိုး မဖြစ်ရလေအောင် နောက်လူငယ်တွေ ဆက်ခံတဲ့အခါမှာလည်း စည်းမျဉ်းစည်းကမ်းတွေ ၊ မူဝါဒတွေ အဲဒါတွေကို အခြေခံပြီးတော့ နောက်လိုအပ်သလိုလည်း ပြုပြင်ပြောင်းလဲနိုင်တဲ့ ဝိုင်းဝန်းဆွေးနွေးပြီးတော့ ပြင်ဆင်နိုင်တဲ့ အခြေနေမျိုး အဲဒီ Institution တစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့ကတော့ ရည်ရွယ်တယ်။ ဆိုတော့ ဒါမှလည်းပဲ နောက်မျိုးဆက်တွေ လက်ကို ရောက်တဲ့ အခါမှာ သူတို့နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ ပုံစံကို သူတို့ကိုယ်တိုင် ဆွေးနွေးဆုံးဖြတ်နိုင်မယ်လို့ အဲလို မြင်ပါတယ်။

မေး။ နောက်တစ်ခုက ကျွန်တော် ဆက်စပ်ပြီးတော့ မေးပါရစေ။ ဒီ NLD ပါတီပေါ့နော် စပြီးတော့ ရွေးကောက်ပွဲဝင်တယ်လို့ ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးတော့ သူရဲ့အသံက ဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုပြီးတော့ အန္တိမရည်မှန်းချက်နဲ့ လာပြီးတော့ သူက ရွေးကောက်ပွဲဝင်တယ်ပေါ့။ ဆိုတော့ ဦးကိုကိုကြီးတို့ရဲ့ ရည်မှန်းချက်က ဘာများ ဖြစ်မလဲ။

ဖြေ။ ဆိုတော့ အဓိကတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ထူထောင်တော့မယ်ဆိုလို့ ရှိရင် ယေဘုယျ အကျဆုံး အခြေခံမူတစ်ခုအဖြစ်နဲ့ ကျွန်တော်တို့လက်ခံထားတာက ဒါပြည်သူလူထူရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့မူဝါဒများ အပေါ် အခြေခံသော နိုင်ငံရေးပါတီလို့ ကျွန်တော်တို့က ဒီလိုမျိုး သတ်မှတ်ထားတယ်။ အဲတော့ ပြည်သူလူထူ အကျိုးစီးပွားကို ရှေးရှုတယ်ဆိုတာက စကားလုံးအားဖြင့် ယေဘုယျ ဆန်တယ်ဆိုပေမယ့် ကဏ္ဍအသီးသီးမှာ အကျံုးဝင်တယ်။ ပညာရေးပေါ်လစီ သတ်မှတ်တော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင်လည်း ပြည်သူလူထူ အကျိုးစီးပွားကို ရှေးရှုရမယ်။ အလားတူပဲ ကျန်းမာရေး လမ်းတံတား အခြေခံ အဆောက်အဦ အခွန် အကောက် အစရှိသဖြင့် အဲဒီ ကဏ္ဍတိုင်း ၊ ကဏ္ဍတိုင်း ပတ်သက်ရင် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေ့ရှုဖို့ သူတို့ရဲ့ အသံတွေကိုပါ တတ်နိုင်သလောက် ကိုယ်စားပြုဖို့ အဲဒါကို ရှေ့ရှုပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

မေး။ သတင်းစာရှင်းလင်းပွဲမှာ ဦးကိုကိုကြီးလည်း ပြောခဲ့တာ ရှိပါတယ်။ ဒီ ပြည်သူလူမှုဘဝ ဖွံွ့ဖြိုးဖို့ပေါ့နော်။ ကျွန်တော်တို့က ဒီ NLD ကတော့ ပြောတာပေါ့နော်။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ရှိတယ်။ အဲတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှ သာလျှင် ကျွန်တော်တို့နိုင်ငံဟာ ပိုပြီးတော့ ပြည့်ဝတဲ့ ဒီမိုကရေစီ ဖြစ်မယ်လို့ ပြောတယ်။ ဒါပေမယ့် ဦးကိုကိုကြီးတို့ကတော့ အဲဒါကို နောက်ထားပြီးတော့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူ့လိုအပ်ချက် ဖြည့်ဆည်းဖို့ဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ တကယ့် တကယ်ရော ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာပြီလား။ အဲဒါကိုု ကျွန်တော်တို့ မေ့ထားလို့ ရပြီလား။

ဖြေ။ နိုင်ငံရေးမှာ အငြင်းပွားကြတဲ့ အယူဆ နှစ်ခုရှိတယ်။ တစ်ခုတော့ တန်ဖိုးတွေကို အဓိက ထားတဲ့ အယူဆပေါ့။ နောက်တစ်ခုကတော့ လက်တွေ့ကျတဲ့ နိုင်ငံရေး ဆုံးဖြတ်မှု ချဉ်းကပ်မှု ဆိုပြီးတော့ အဲဒါမျိုး အယူဆတွေ ရှိတယ်။ ဆိုတော့ အမှန်က ဒီနှစ်ခုက ဆန့်ကျင်ဘက် မဟုတ်ဘူး။ ကျွန်တော်တို့ အမြင်ကပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ ဒီမိုကရေစီ ပန်းတိုင်ရောက်အောင် သွားဖို့ဆို ကျွန်တော်တို့ ယုံကြည်တဲ့ တန်ဖိုးတွေက လက်လွှတ်စရာ မလိုဘူး။ ဒါဟာ အခိုင်အမာ ဆုပ်ကိုင်ထားရမယ်။ သို့သော် အဲဒီတန်ဖိုးတွေကို ရောက်အောင်သွားတဲ့ နေရာမှာ ကာလ အကန့်၊ တစ်ကန့်စီအလိုက် လက်တွေ့ကျတဲ့ ဆုံးဖြတ်မှုတွေ ချဉ်းကပ်မှုတွေ ဖြစ်ဖို့လိုတယ်။ အဲတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြောရင် ကျွန်တော်တို့ ၊ ကျွန်တော်တို့ ၆၅ နှစ်နဲ့ ၆ လ ထောင်ကျခဲ့တာဟာ အဲဒီ ညောင်နှစ်ပင်ညီလာခံကို ဆန့်ကျင်တာက အဓိကပဲ။ လမ်းပေါ်တက် ဆန္ဒပြတယ်ဆိုတာက ဒါက လတ်တလော အကြောင်းပြချက်။ တကယ်က အဲဒီ တစ်လျှောက်လုံးမှာ ကျွန်တော်က တစ်ဖက်သတ်ရေးဆွဲတဲ့ ညီလာခံကို လက်မခံဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ထောင်ကျတာ။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ကျွန်တော်တို့ မကြိုက်တာ ပြင်ချင်တဲ့ အချက်တွေ အများကြီးပါတယ်။ အဲဒါတွေ ပြင်ဖို့အတွက်က  ဦးတည်ချက်တစ်ခုအနေနဲ့ သွားရမယ်။ အဲဒီ အတောတွင်းမှာပဲ ဥပမာအားဖြင့် လွှတ်တော်ထဲမှာ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ပြင်ဆင်နိုင်တဲ့ ပြဋ္ဌာန်းနိုင်တဲ့ အခွင့်အလမ်း ကျွန်တော်တို့မှာ ရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကလွဲပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှု ငွေကြေးစနစ်၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ အစရှိသဖြင့် ဒါတွေအားလုံးဟာ ၅၀ ရာခိုင်နှုန်း ကျော် ဆန္ဒမဲနဲ့ ပြင်နိုင်တယ်၊ ဖြစ်နိုင်တယ်၊ အသစ်ပြဋ္ဌာန်းနိုင်တယ်။ ဆိုတော့ အဲဒီ အခွင့်အလမး်ကိုလည်း မိမိရရ ကျင့်သုံးပြီးတော့ ပြည်သူလူထုနဲ့ နေ့စဉ်ဘဝနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကို ဒါတွေကိုကို ကျွန်တော်တို့က တစ်ဖက်ကနေ ဆောင်ရွက်သင့်တယ်။ အဲလို ဆောင်ရွက်ရင်းနဲ့ အခုနက ပြောတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်တဲ့အခါမှာ အတူပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေ  ကျယ်လာတာနဲ့အမျှ ကွာဟမှုတွေကလည်း တစ်ဖြေဖြေးနဲ့ ကျလာမယ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ ပြင်ရေးဆိုတာ မဖြစ်မနေ လုပ်ကို လုပ်ရမယ်။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဟာ လက်ရှိဖွဲ့စည်းပုံထဲကနေပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်လို့ မရဘူး။ ဆိုတော့ အခြားကိစ္စတွေမှာလည်း ဖွဲ့စည်းပုံရဲ့ အကျပ်အတည်း အဟန့်အတားတွေ ရှိတယ်။ ဆိုတော့ အဲလို လုပ်တဲ့ အခါမှာ အခုနက ပြောတဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ လူထုရဲ့ နေ့စဉ်ဘဝကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်တွေ ချဉ်းကပ်မှုတွေ ဖြစ်ဖို့ လိုတယ်လို့ အဲလို မြင်ပါတယ်။

မေး။ ဟုတ်ကဲ့ ကျွန်တော် ရှေ့နည်းနည်းလေး ဆက်သွားအုံးမယ်ခင်ဗျ။ ကျွန်တော်ကြားဖြတ်ရွေးကောက်ပွဲတော့ မမီတော့ဘူးပေါ့နော်။ ၂၀၂၀ ကို မှန်းပြီးတော့မှ  လုပ်တယ်ပေါ့။ သုံးနှစ်လိုသေးတယ်ပေါ့နော်။ ဒီကြားထဲမှာ ဘာတွေများ ပြင်ဆင်ထားမယ်။ ဒီပါတီ တစ်ရပ်အနေနဲ့ ဆိုကြပါစို့ ပါတီဝင်လက်ခံတာပဲ ဖြစ်ဖြစ်၊ ပါတီမူဝါဒတွေ ချပြတာပဲ ဖြစ်ဖြစ် ၂၀၂၀ အတွက် ကြိုပြင်တာပဲ ဖြစ်ဖြစ် ဘာတွေများ လုပ်ဖို့ ရှိအုံးမလဲ။

ဖြေ။ အခုကျွန်တော်တို့ အားလုံးကို ဖိတ်ခေါ်ထားတဲ့ ဟာက ပထမဦးဆုံး အဆင့်ပေါ့။ ပါတီမူဝါဒတွေ ပါတီဖွဲ့စည်းတည်ဆောက်ပုံတွေကို ဆုံးဖြတ်ကတည်းက အမြင်အသီးသီးကို စုစည်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က အခုလာမယ့် မတ်လ ၃၀၊ ၃၁ မှာ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ဖိတ်ခေါ်ထားတယ်။ အဲတော့ ပြည်တွင်းကရော၊  ပြည်ပကရော နယ်ဒေသတွေကပါ သူတို့ရဲ့ သဘောထားတွေကို စာနဲ့ဖြစ်စေ အီးမေးနဲ့ ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေပေါ့ ။ အဲလို ဆွေးနွေးပြီးတော့မှ ဒါပါတီအတွက် လိုအပ်တဲ့အခြေခံမူဝါဒတွေ ပါတီဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အဆိုပြုချက်တွေကို ကျွန်တော်တို့ ရရှိမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင် ပါတီတည်ဆောက်ရေး တကယ်ဖွဲ့စည်းဖို့အတွက် မူဝါဒတွေကို ပြဋ္ဌာန်းပြုစုတဲ့ အစုဖွဲ့တစ်ခု ပြောရရင်တော့ သဘောမျိုး စလာမယ်။ ပြီးတော့မှ ပါတီ မှတ်ပုံတင်ခြင်း၊ ရုံးခန်းဖွင့်ခြင်း၊ ပြီးတော့မှ ပါတီဝင်လက်ခံခြင်း၊ အစရှိသဖြင့် တစ်ဆင့်ခြင်းတစ်ဆင့် သွားပါမယ်။ အဲတော့ ပြောရရင်တော့ ၂၀၁၈ / ၂၀၁၉ ကတော့ နယ်ဒေသ အသီးသီးမှာပါ။ ပါတီ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားမှာပါ။

မေး။ ကျွန်တော်တို့ ဒီ ပြီးခဲ့တဲ့ အခြေနေတွေကို ပြန်ကြည့်မယ်ဆိုရင် SNLD နဲ့ NLD ဟာ မိတ်ဖက်ဆိုပြီးတော့ သူတို့ ပူးပေါင်းပြီးတော့ မဲဆွယ်ခဲ့တာ ရှိတယ်။ ပူးပေါင်းခဲ့တာ ရှိတယ်။ သမိုင်းအစဉ်အဆက်ကလည်း ဒါမျိုး ပူးပေါင်းခဲ့တာ ရှိတယ်။ အဲတော့ ဦးကိုကိုကြီးတို့ကလည်း ဒီ NLD နဲ့ အင်မတန်မှ နီးစပ်တဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့ ဒီ အသစ်ထွက်လာမယ့် ဦးကိုကိုကြီးတို့ရဲ့ နိုင်ငံရေးပါတီပေါ့နော် NLD နဲ့ကြတော့ ဘယ်လို ဆက်ဆံရေး ဖြစ်နိုင်လဲ။

ဖြေ။ ကျွန်တော်တို့က ရေရှည် ဦးတည်ချက် တစ်ခုတည်းမှာ သွားခဲ့ကြတဲ့ အဖွဲ့စည်းတွေ လူပုဂ္ဂိုလ်တွေ အနေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းဖို့ မြှင့်တင်ဖို့ ကျွန်တော်တို့ မဟာမိတ်မူဝါဒနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒီလို စဉ်းစားထားပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာကြတော့ အရင်တုန်းက တစ်ဖက်စီ ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်များ အင်အားစုများနဲ့ပါ ပြန်လည်သင့်မြတ်ရေးက ဒါဟာ နောက်ထပ် ပေါ်လစီ တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီ  တစ်ရပ်အနေနဲ့  မဟာမိတ် မူဝါဒ ရှိမယ်။ ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ မူဝါဒ ရှိမယ်။ အဲလိုမျိုး ကျွန်တော်တို့ အဆင့်ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အင်တာဗျူးပထမပိုင်းအား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/24320

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly